ရွှေတိဂုံဘုရားအနီးက စီမံကိန်းငါးခုစလုံးကို ချက်ချင်း ဖျက်သိမ်းပေးဖို့အတွက် မဘသအဖွဲ့ဝင်တွေ အပါအဝင် ဗုဒ္ဓဘာသာအဖွဲ့တွေက တောင်းဆိုခဲ့ပြီးတဲ့နောက်မှာ ဘုရားအနီးက စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ပျံ့နှံ့လျက်ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ထိုစီမံကိန်းများကို ဇွန်လအတွင်း လုပ်ကိုင်ခွင့် ပြုခဲ့ပေမယ့်လည်း ချက်ချင်း ရပ်တန့်မပေးဘူးဆိုရင် “နိုင်ငံအနှံ့ ဆန္ဒပြမှုများ” ပြုလုပ်သွားမယ်လို့ ဗုဒ္ဓဘာသာဝင်အဖွဲ့က ကတိပြု လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ စီမံကိန်းတွေကို ဇန်နဝါရီလမှာ ရပ်တပ်ဖို့ အမိန့်မပေးခင် အချိန်အထိ ရှေ့ဆက်ဆောငရွက်ဖို့ ခွင့်ပြုခဲ့တဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) ကလည်း သူ့ရဲ့ စုံစမ်းစစ်ဆေးမှု တွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။
ရွှေတိဂုံဘုရားကို အထွတ်အမြတ်နေရာ တစ်နေရာအဖြစ် ယုံကြည်ကိုးကွယ်တဲ့ မြန်မာနဲ့ ကမ္ဘာတစ်လွှားမှ ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးကြီးနေရာတစ်ခုပါ။ ရွှေတိဂုံကို ကာကွယ်စောင့်ရှောက်ခြင်းက အလွန့် အလွန် အရေးကြီးပါတယ်။
တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံဟာ စပ်ကူးမတ်ကူး ကာလတစ်ခုကို ရောက်ရှိနေပါတယ်။ ဆယ်စုနှစ် များစွာ အထီးကျန် ရပ်တည်ခြင်းကို ရပ်တန့်ပြီးနောက်မှာ တိုးမြင့်လာတဲ့ ပြည်ပလွှမ်းမိုးမှုတွေကလည်း ဒေသယဉ်ကျေးမှုအမြင်တွေကို ချန်ထားခဲ့ပါလိမ့်မယ်။
အစောပိုင်း နိမိတ်ပုံတွေကတော့ ရှိနှင့်ခဲ့ပါပြီ။ ပုဆိုးတွေနေရာကို ဂျင်းဘောင်းဘီတွေ နေရာယူခဲ့ပြီးပါပြီ။ လူတွေလက်ထဲမှာ မိုဘိုင်းဖုန်းတွေ ရောက်နေပြီဖြစ်သလို တစ်ချိန်က ရိုးရာအစဉ်အလာနဲ့ ညီညွတ်တဲ့ အိမ်တစ်အိမ် တည်ရှိတဲ့နေရာမှာ မိုးမျှော်တိုက်တွေ ရောက်ရှိနေပါတယ်။ မကြာခင်မှာ KFC က သူ့ရဲ့ ပထမဆုံး ဆိုင်ခွဲကို မြန်မာနိုင်ငံမှာ ဖွင့်တော့မှာပါ။
အစိုးရက မြန်မာနိုင်ငံကို ဆွဲဆောင်မှုရှိတဲ့ ရင်းနှီးမြုပ်နှံမှု နေရာတစ်ခုအဖြစ် ပြုလုပ်လိုတာကတော့ ရှင်းပါတယ်။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုတွေကို ထိန်းသိမ်းခြင်းနဲ့ ဘယ်လိုများ ဟန်ချက်ညှိယူမလဲ။
ကန်ဒေါ်လာသန်း ၃၀၀ တန် အမှတ်(၁) ဒဂုံမြို့သစ် စီမံကိန်းကို ကြေညာလိုက်တဲ့အခါမှာ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ လူသိအများဆုံး အိမ်ရာစီမံကိန်း ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိုးရိမ်နေတဲ့ ကဏ္ဍစုံက စီးပွားရေးသမားတွေအတွက်တော့ အဆိုပါစီမံကိန်းက ထောက်ပြစရာအချက် တစ်ချက်ပါ။ ဒီစီမံကိန်းနဲ့ အလားတူ တခြားစီမံကိန်းတွေကိုလည်း ရပ်တန့်ပစ်မယ်ဆိုရင် စီးပွားရေးလုပ်လို့ ကောင်းတဲ့ နေရာတစ်နေရာ ဖြစ်တယ်ဆိုတဲ့ မြန်မာ့ဂုဏ်သတင်းအပေါ် ထိခိုက်လိမ့်မယ်ဆိုတာကတော့ သံသယ ဖြစ်စရာ မလိုပါဘူး။
မဘသအဖွဲ့အပြင် ဒီစီမံကိန်းတွေကို မေးခွန်းထုတ်နေတဲ့သူတွေမှာ မြန်မာ့အသွင် ကူးပြောင်းမှုကာလ အတွင်း ကြောင်းကျိုးဆီလျော်မှု အရှိဆုံးသော ထုတ်ဖော်ပြောဆိုမှုတချို့ ရှိခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းနဲ့ သမိုင်းပညာရှင် ဦးသန်းမြင့်ဦးတို့က ဘုရားတွေကို ကာကွယ်ရန် အထူးဥပဒေများ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုခဲ့ကြပြီး တရားဝင်မေးခွန်းများ မေးမြန်းခဲ့ပါတယ်။
စီမံကိန်းတွေကို ချက်ချင်းလက်ငင်းရပ်တန့်ဖို့ အလားအလာတော့ နည်းပါးပုံ ရပါတယ်။ သို့သော်လည်း ယခုအခါမှာ အာဏာပိုင်တွေအနေနဲ့ စီမံကိန်းတွေရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေက စီးပွားရေးအကျိုးစီးပွားနဲ့ ယဉ်ကျေးမှုအကြား ဟန်ချက်ညီစေတဲ့ တိုင်းပြည်အကျိုးကို ရှေးရှုဆောင်ရွက်ရေး ဖြစ်စေဖို့ တာဝန်တစ်ရပ် ရှိနေပါပြီ။
အောင်မင်း ဘာသာပြန်သည်။