လက်ရှိအစိုးရသက်တမ်းတွင် ၎င်းတို့ကိုကိုယ်စားပြုသည့် ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ် မရှိသေးသော်လည်း လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကတစ်ဆင့် နိုင်ငံရေးလောကသို့ဝင်ရောက်ရန် မွတ်စလင်ကိုယ်စားလှယ်လောင်းအချို့က ပြင်ဆင်နေသည်။
အိအိတိုးလွင် ရေးသားသည်။
လွန်ခဲ့သောလအနည်းငယ်အတွင်း ဒေါ်လွင်မာထွန်း၏ မိသားစုဝင်များနှင့် မိတ်ဆွေများက နိုဝင်ဘာလ ၈ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲကတစ်ဆင့် နိုင်ငံရေးလောကထဲဝင်ရောက်မည့် သူ၏ ဆုံးဖြတ်ချက်ကို စိုးရိမ်ပူပန်မှုဖြင့် တားမြစ်ခဲ့ကြသည်။ နိုင်ငံရေးလုပ်မည့်အစား သွားဆရာဝန်ဖြစ်သည့်သူ့ကို ကိုယ်ပိုင်ဆေးခန်းကိုသာ အာရုံစိုက်ရန် ဖျောင်းဖျကြသည်။
“ကျွန်မမိတ်ဆွေတွေနဲ့ မိဘတွေက လူသိများတဲ့ ရှေ့နေဦးကိုနီတောင် ဘယ်လိုဖြစ်သွားလဲ စဉ်းစားကြည့်။ တိုင်းပြည်နဲ့ လူထုအတွက်အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ ဦးကိုနီတောင် လုပ်ကြံခံခဲ့ရတာ။ မွတ်စလင်နိုင်ငံရေးသမားတွေရဲ့နောက်ဆုံးရလဒ်ကိုကြည့်ပါ။ နင်ကဘာမို့လို့လဲလို့ပြောပြီး နိုင်ငံရေးလောကထဲ မဝင်ဖို့တားမြစ်ခဲ့ကြတယ်”ဟု ဒေါ်လွင်မာထွန်းကပြောသည်။
ယင်းပြောဆိုချက်၊ ဖျောင်းဖျမှုနှင့် တားမြစ်ချက်များက ဒေါ်လွင်မာထွန်း၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ခဲ့ပေ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ခိုင်မာစွာဆုံးဖြတ်ထားပြီးဖြစ်သည်။
သူဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဖြစ်သည်။
“လူဆိုတာ တစ်ချိန်တော့သေမှာပဲ။ ကောင်းတာလုပ်ရင်း သေရမယ်ဆိုရင်လည်း ကျွန်မသေရဲတယ်”ဟု ပြောလိုက်သည့် ဒေါ်လွင်မာထွန်း၏ မျက်နှာတွင် ခိုင်မာသည့်ယုံကြည်ချက်တစ်ခု ထင်ဟပ်နေသည်။
သို့သော် မွတ်စလင်အမျိုးသမီးတစ်ယောက်အတွက် ရွေးကောက်ပွဲကော်မရှင်က လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ပေး၊ မပေး မသေချာသေးပေ။
၂၀၁၅ရွေးကောက်ပွဲတွင် မွတ်စလင်အများစုနှင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီခြောက်ခုအနက် ရွေးကောက်ပွဲဝင်ပြိုင်ရန် လျှောက်ထားသည့် ပါတီငါးခုမှ ကိုယ်စားလှယ်လောင်းအများစု ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယှဉ်ပြိုင်ခွင့်ပြုခဲ့သည့် ကိုယ်စားလှယ်လောင်း ၆,၀၇၄တွင် မွတ်စလင်ကိုယ်စားလှယ်လောင်း ၂၈ဦးသာ ပါဝင်ခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးရွေးကောက်ပွဲဆိုင်ရာဥပဒေပြဌာန်းချက် ပုဒ်မ(၈) နှင့် (၁၀)တို့အရ မွတ်စလင်ကိုယ်စားလှယ်လောင်းလျှောက်လွှာများကို ပယ်ချခဲ့သည်။ ယင်းပုဒ်မနှစ်ခုစလုံးသည် နိုင်ငံသားဖြစ်မှုနှင့်အဓိက သက်ဆိုင်သည့် ပြဌာန်းချက်များဖြစ်သည်။ ပုဒ်မ ၈(ခ)အရ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသည့် နိုင်ငံသားဖြစ်သူ ဖြစ်ရမည်ဖြစ်ပြီး မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးစလုံးကဖြစ်စေ မွေးဖွားသည့် နိုင်ငံသားဖြစ်ပါက ပုဒ်မ ၁၀(ခ)အရ ရွေးကောက်ခံပိုင်ခွင့်မရှိပေ။
ယှဉ်ပြိုင်ခွင့်ပြုခဲ့သူ မွတ်စလင် ၂၈ဦးရှိခဲ့သော်လည်း အားလုံးအရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် အကြီးဆုံးပါတီနှစ်ခုဖြစ်သည့် ထိုစဉ်က အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(အင်န်အယ်လ်ဒီ) နှစ်ခုစလုံးသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် မွတ်စလင်အမတ်လောင်းတစ်ဦးကိုမျှ ကိုယ်စားပြုရွေးချယ်ခဲ့ခြင်း မရှိခဲ့ပေ။ ထိုအခြေအနေများကြောင့် မြန်မာပြည်လူဦးရေ သန်း၅၀ကျော်အနက် လေးရာခိုင်နှုန်းသော မွတ်စလင်လူနည်းစု၏ အသံသည် လွှတ်တော်တွင် တိတ်ဆိတ်ခဲ့ရသည်ဟု နိုင်ငံတစ်ကာအသိုင်းအဝိုင်းက ဝေဖန်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲက အခြေအနေမျိုးထပ်မံမကြုံရစေရန် ခွင့်တူညီမျှရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ကို ဇူလိုင်၂၀ရက်က ဖွဲ့စည်းခဲ့သည်။ ဥပဒေကျွမ်းကျင်သူ၊ နိုင်ငံရေးအတွေ့အကြုံရှိသူ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၂၅ ဦးပါဝင်သည့်ကော်မတီသည် မွတ်စလင်ကိုယ်စားလှယ်လောင်းများ အပါအဝင် အခြားလူနည်းစုပါတီများနှင့် ကိုယ်စားလှယ်လောင်းများကို လူမျိုး၊ ဘာသာမရွေး ကူညီရန် ရည်ရွယ်တည်ထောင်လိုက်သည်ဟု ကော်မတီဝင်များက ပြောသည်။
“အဓိကရည်ရွယ်ချက်က ကျဉ်းမြောင်းတဲ့လူမျိုးရေး၊ ဘာသာရေးအမြင်ကိုတိုက်ဖျက်ချင်တာပါ။ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးစနစ်မျိုးကို လိုလားတာကြောင့် ကော်မတီဖွဲ့လိုက်တာ။ လူမျိုး၊ ဘာသာမခွဲပါဘူး။ ကျွန်တော်တို့အကူအညီလိုရင်ကူညီဖို့အသင့်ပါ”ဟု ကော်မတီအဖွဲ့ဝင် ဦးဘိုးလှိုင်က ပြောသည်။ သူသည် ၁၉၉ဝပြည့်နှစ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်လူ့အခွင့်အရေးပါတီကို ကိုယ်စားပြုကာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်က ဝင်ရောက်အရွေးခံခဲ့သူဖြစ်သည်။
ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သော်လည်း အင်န်အယ်လ်ဒီကို ဆက်လက်ထောက်ခံအားပေးခဲ့သူ ဖြစ်သည်။ သို့သော် ၂၀၁၅ရွေးကောက်ပွဲအတွေ့အကြုံကြောင့် အင်န်အယ်လ်ဒီပါတီကို သူစိတ်ပျက်ခဲ့သည်။ မွတ်စလင်များကို ရွေးကောက်ပွဲဝင်ပြိုင်မည့်အစား မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင်သာ အားစိုက်ကူညီပေးရန် အင်န်အယ်လ်ဒီပါတီက ညွှန်ကြားခဲ့သည်ဟု သူကဆိုသည်။
“စစ်အစိုးရလက်ထက်က ကျွန်တော်တို့ကို အုပ်စုတစ်ခုကိုပဲ ဖိနှိပ်တာ။ အင်န်အယ်လ်ဒီအစိုးရ လက်ထက်မှာတော့ လူအများစုက ဖိနှိပ်တာခံရတယ်လို့ ကျွန်တော်တို့ခံစားရတယ်” ဟု ဦးဘိုးလှိုင်က သူ၏ခံစားချက်ကို ပွင့်လင်းစွာ ထုတ်ပြောသည်။
“သေချာတာက ဒီနိုင်ငံမှာခွဲခြားဆက်ခံရတဲ့လူနည်းစုက ကျွန်တော်တို့ မွတ်စလင်တွေပဲ မဟုတ်ပါဘူး”ဟု ကော်မတီဥက္ကဌလည်းဖြစ်သည့် သူက ပြောသည်။
လက်ရှိအချိန်အထိ ကော်မတီနှင့်လက်တွဲဆောင်ရွက်မည့် ကိုယ်စားလှယ်လောင်း ၂၀ဦး ဝန်းကျင်ရှိပြီး တစ်သီးပုဂ္ဂလများနှင့် နိုင်ငံရေးပါတီအချို့ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများပါဝင်သည်။
သြဂုတ်၇ရက်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည်။ ထို့နောက် ကိုယ်စားလှယ်လောင်းများ အရည်အချင်းနှင့် ကိုက်ညီမှုရှိ၊ မရှိ ကော်မရှင်၏ စစ်ဆေးရေးလုပ်ငန်းများ စတင်မည်ဖြစ်သည်။
၂၀၁၅နှင့် နှိုင်းယှဉ်ပါက ၂၀၂ဝရွေးကောက်ပွဲတွင် မွတ်စလင်နိုင်ငံရေးသမားများအတွက် ယှဉ်ပြိုင်ရန် အခွင့်အလမ်းပိုမိုရရှိမည့် အရိပ်အယောင်များရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အာဏာရပါတီဖြစ်သည့် အင်န်အယ်လ်ဒီပါတီ၏ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်တွင် မွတ်စလင်အမတ်လောင်းနှစ်ဦးပါဝင်လာသည့်အတွက်ဖြစ်သည်။ အင်န်အယ်လ်ဒီပါတီ၏ မွတ်စလင်ကိုယ်စားလှယ်လောင်းနှစ်ဦးဖြစ်သည့် ဒေါ်ဝင်းမြမြနှင့် ကိုစည်သူမောင်တို့သည် အမာခံပါတီဝင်များဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်းများလည်းဖြစ်ကြသည်။ ဒေါ်ဝင်းမြမြသည် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုစည်သူမောင်က ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ပြည့်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံမည်ဖြစ်သည်။
တန်းတူအခွင့်အရေးအတွက် ကိုယ်တိုင်လုပ်မှရမည်
အများအကျိုးဆောင်ရွက်ရန်မှာ စိတ်အားထက်သန်နေရုံတစ်ခုတည်းနှင့် မရ၊ လုပ်ပိုင်ခွင့်အတွက် နေရာတစ်ခုရှိရန်လိုသည်ဟု ဒေါ်လွင်မာထွန်း ခံယူထားသည်။
“လူတွေအတွက် လုပ်ပေးချင်ရုံနဲ့တင်မရဘူး။ တစ်ခါတစ်ရံမှာ အတားအဆီး၊ အခက်အခဲတွေလည်း ရှိတယ်။ ကျွန်မသာလွှတ်တော်အမတ်ဖြစ်ရင်တော့ ဒီထက်ပိုပြီး လူတွေကိုကူညီပေးနိုင်တယ်လို့ ယုံကြည်ပြီးသား”ဟု ဒေါ်လွင်မာထွန်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခွင့်ရပါက သူ၏ နာမည်ဂုဏ်သတင်း၊ လုပ်ဆောင်ချက်နှင့် အရည်အချင်းများကြောင့် သင်္ဃန်းကျွန်းမြို့နယ်လူထုထံက မဲအများစုကို ရနိုင်သည်ဟု ဒေါ်လွင်မာထွန်းက ယုံကြည်နေသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကောင်းမွန်သွားဆေးခန်းတွင် နေ့စဉ်သူထိတွေ့ဆက်ဆံနေရသူများမှာ လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစားများသာဖြစ်ရာ မြို့နယ်၏အခြေအနေကို ကောင်းစွာသိရှိထားသည်ဟု ဒေါ်လွင်မာထွန်းက ပြောသည်။ ထို့ပြင် နိုင်ငံရပ်ခြားတွင် ပညာသင်ယူခဲ့သည့် အတွေ့အကြုံ၊ အရည်အချင်းနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ခဲ့မှုများက မိမိကိုယ်ကို ရွေးချယ်ခံထိုက်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်ဟု သူကယူဆသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် မွေးဖွားကြီးပြင်းခဲ့သူ ဒေါ်လွင်မာထွန်း၏ နိုင်ငံရေးလောကထဲ ဝင်ရသည့် နောက်ထပ်ရည်ရွယ်ချက်တစ်ခုမှာ နိုင်ငံသားတိုင်းတရားမျှတမှုနှင့် တန်းတူညီမျှမှုအခွင့်အရေးကို ရရှိနိုင်ရန် ဖြစ်သည်။ နိုင်ငံသားပင်ဖြစ်လင့်ကစား တန်းတူအခွင့်မရသည့်သူများတွင် သူကိုယ်တိုင်ပါဝင်နေခဲ့သည်ကို လွန်ခဲ့သည့် လပိုင်းအတွင်းသူသိရှိခဲ့ရ၍ ဖြစ်သည်ဟု သူကဆိုသည်။
၂၀၁၉နှောင်းပိုင်းတွင် သူ၏နိုင်ငံကူးလက်မှတ်ကို လေးကြိမ်မြောက်သက်တမ်းတိုးရန် ရန်ကုန်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ နိုင်ငံကူးလက်မှတ်ရုံးကို သွားရောက်ခဲ့သည်။ စာအုပ်ထပ်ရန် လူအများနည်းတူတန်းစီပြီးနောက် ကောင်တာရှေ့သို့အရောက်တွင် တာဝန်ခံက သူ၏စာအုပ်ကိုလက်မခံဘဲ အခြားကောင်တာတွင် ပြန်လည်တန်းစီရန် ပြောဆိုသည်။ ထိုကောင်တာသည် ဘာသာခြားများအတွက် သီးသန့်ကောင်တာဖြစ်သည်ဟု သူကဆိုသည်။
“တစ်ခြားသူတွေဆီမှာ မတောင်းတဲ့အချက်အလက်တွေ ကျွန်မကိုတောင်းတယ်။ ကံကောင်းတာက ကျွန်မက ကျောင်းသားကဒ်တွေကအစ အစိုးရဝန်းထမ်းကဒ်၊ ဆရာဝန်အသိအမှတ်ပြုကဒ် ဒါတွေအားလုံးသိမ်းထားတော့ သူတို့တောင်းတာပေးနိုင်တယ်။ ဒါတောင် ကျွန်မကိုမေးခွန်းတွေ အများကြီးထပ်မေးသေးတာ။ ကျွန်မက ဘာလို့ကျွန်မကိုမှမေးတာလဲဆိုတော့ တာဝန်ကျအရာရှိတွေက ညွှန်ကြားချက်အရပါဆိုပြီး ကောင်းကောင်းမွန်မွန်ပြန်ပြောရှာပါတယ်။ ပြောချင်တာက နိုင်ငံသားဖြစ်တာမှန်ရဲ့သားနဲ့ ကျွန်မလို (အထောက်အထားအပြည့်အစုံ) သိမ်းမထားတတ်တဲ့သူဆိုရင် ဘယ်လိုရှင်းမလဲ” ဟု ဒေါ်လွင်မာထွန်းက သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြောပြသည်။
ထိုအခြေအနေမျိုးသည် ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်သွင်းအပြီး ရွေးကောက်ပွဲကော်မရှင်က စိစစ်သည့်အခါ ထပ်မံကြုံတွေရလိမ့်မည်ကို ကိုယ်တိုင်မျှော်လင့်ထားပြီးသားဖြစ်သည်။ သို့သော် နိုင်ငံကူးလက်မှတ်လျှောက်ခဲ့စဉ်အတိုင်း နောက်ဆုံးတွင် အောင်မြင်လိမ့်မည်ဟု သူကယုံကြည်ထားသည်။
“ကျွန်မ မိဘနှစ်ပါးစလုံးကလည်း သင်္ဃန်းကျွန်းမှာပဲမွေးတာ။ ကျွန်မကိုယ်တိုင်လည်း သင်္ဃန်းကျွန်းမှာပဲ မွေးပြီးကြီးပြင်းလာတာ။ နောက်အစိုးရဝန်ထမ်းလည်း လုပ်ခဲ့တဲ့သူဆိုတော့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သတ်ပြီး ကျွန်မမှာ ခိုင်လုံတဲ့အထောက်အထားတွေရှိထားပြီးသား။ ဒါကြောင့် ကျွန်မဒီအချက်ပေါ်မှာ စိတ်မပူပါဘူး” ဟု ဒေါ်လွင်မာထွန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုသည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့်သူ နောက်ထပ် မွတ်စလင်တစ်ဦးမှာ ချွန်းဂျာနယ်၏ အယ်ဒီတာချုပ်ဦးကျော်နေမင်းဖြစ်သည်။ သူဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၏ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ဖြစ်သည်။ သူနှင့်အတူ နောက်ထပ်အယ်ဒီတာလေးဦးကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
“ကရင်ပါတီတစ်ခု ဝင်ရောက်အရွေးခံဖို့ ကမ်းလှမ်းတာမျိုးတော့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ဘာသာလွတ်လွတ်လပ်လပ်လုပ်ချင်လို့ တစ်သီးပုဂ္ဂလဝင်ပြိုင်ဖို့ပဲ ပိုပြီးအားသန်တယ်”ဟု ဦးကျော်နေမင်းက ပြောသည်။
၂၀၁၅ရွေးကောက်ပွဲတွင် မွတ်စလင်အများစုသည် အင်န်အယ်လ်ဒီပါတီကို မျှော်လင့်ချက်အပြည့်ဖြင့် ထောက်ခံမဲပေးခဲ့ကြသူများဖြစ်သည်။ သို့သော် ငါးနှစ်တာအစိုးရသက်တမ်းအတွင်း အာဏာရပါတီက လူနည်းစုအခွင့်အရေးကို လျစ်လျူရှုခဲ့သည်ဟု ဦးကျော်နေမင်းက ယူဆသည်။
“ကျွန်တော်တို့အခွင့်အရေးအတွက် ကျွန်တော်တို့ကိုယ်တိုင်ဝင်လုပ်မှပဲရတော့မယ်ဆိုတာ အားလုံးက သဘောပေါက်လာတယ်။ လူထုကလည်း သူတို့အကျိုးကိုဆောင်ရွက်ပေးမယ့်သူကို မဲထည့်မယ်လို့ ကျွန်တော်ယုံကြည်တယ်”ဟု သားသမီးလေးယောက်၏ ဖခင်ဦးကျော်နေမင်းက ရွေးကောက်ပွဲ ဝင်ပြိုင်ရသည့် သူ၏ရည်ရွယ်ချက်ကို ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော်လည်း ပန်းပဲတန်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ပန်းဘဲတန်းသည် မွတ်စလင်အများစုနေထိုင်သောမြို့နယ်ဖြစ်ခြင်းနှင့် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာကိစ္စများတွင် သူ၏တက်ကြွစွာပါဝင်လှုပ်ရှားမှုကြောင့်ဖြစ်သည်ဟု ဦးကျော်နေမင်းက ပြောသည်။
ပန်းပဲတန်းမြို့နယ်တွင် မွတ်စလင်နှစ်သောင်းဝန်းကျင်ရှိမည်ဟု သူကခန့်မှန်းပြီး ထိုမဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရနိုင်သည်ဟု သူကယုံကြည်နေသည်။ ၂၀၁၄၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ပန်းပဲတန်းမြို့နယ်တွင် လူဦးရေ ၃၃၃၃၆ဦးရှိပြီး မွတ်စလင်ဦးရေအတိအကျကိုမူ ဖရွန်းတီးယားမြန်မာက စုံစမ်းနိုင်ခဲ့ခြင်း မရှိပေ။ ထို့အတူ မဲစာရင်းတွင် မဲဆန္ဒရှင်များ၏ ကိုးကွယ်ရာဘာသာအမည်ကိုပါ ထည့်သွင်းဖော်ပြခြင်းမရှိသည့်အတွက် ပန်းဘဲတန်းမြို့နယ်အတွင်းက မွတ်စလင်လူဦးရေအတိအကျကို မခန့်မှန်းနိုင်ပေ။
“ဘာသာရေးလုပ်ငန်းတွေမှာ တတ်နိုင်တဲ့ဘက်က ကျွန်တော်ဝင်ရောက်လုပ်ပေးတယ်။ အဓိက ကတော့ ပိတ်ထားတဲ့ ဗလီတွေပြန်ဖွင့်ဖို့ ကျွန်တော်တတ်တတ်ကြွကြွနဲ့ကို ဆောင်ရွက်ပေးတာ။ လူမှုရေးကိစ္စလို့ပြောရင် ပန်းပဲတန်းမြို့နယ်ကလူတွေအတွက် ကိုဗစ်ကာလမှာ အစားအသောက်ဝေတာ၊ လုံခြုံရေးယူတာတွေကအစ ကျွန်တော်လုပ်ပေးတယ်။ သူတို့လည်း ကျွန်တော့်လုပ်ဆောင်ချက်တွေကို ကောင်းကောင်းသိကြတယ်။ အသိအမှတ်လည်း ပြုကြတယ်” ဟု ဦးကျော်နေမင်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လာပါက သူ၏အဓိကရည်မှန်းချက်မှာ တန်းတူညီမျှသည့် နိုင်ငံသားအခွင့်အရေးအတွက် ၁၉၈၂၊ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်နိုင်ရေးဖြစ်သည်။ ဒုတိယရည်မှန်းချက်မှာ မတူညီသည့်လူမျိုးများအကြား အပြုသဘောဆောင်၍ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်းကပြဿနာများကို ပြေလည်အောင် ဖြေရှင်းရေးဖြစ်သည်။
“ရခိုင်ပြဿနာကို ပြေလည်အောင် ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ကျွန်တော်တို့ဆီမှာရှိတယ်။ ၁၉၈၂(နိုင်ငံသား)ဥပဒေက ပြန်လည်ပြင်ဆင်ရမယ်၊ တရားမျှတမှုမရှိဘူးလို့ ကိုဖီအာနန်ကော်မရှင်က အကြံပြုထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လက်ခံထားတယ်။ ဒါပေမဲ့ ဒီသက်တမ်းတစ်ခုလုံး ပြင်ဆင်မှုမရှိဘူး။ ဒီအကြောင်းလည်း ဘယ်သူမှမပြောဘူး။ ဒီဥပဒေက မွတ်စလင်အတွက်တင် မဟုတ်ဘူး။ တိုင်းရင်းသားတော်တော်များများလည်း ဒီဥပဒေနဲ့ ငြိနေတာ။ အဲဒါမျိုးကို လွှတ်တော်မှာပြောရမယ်”ဟု ဦးကျော်နေမင်းက ပြောသည်။
မွတ်စလင်တစ်ဦးအတွက် ကိုယ်စားလှယ်လောင်းဖြစ်နိုင်ချေရှိမှုအပေါ် သူ၏ မိမိကိုယုံကြည်ချက်က ဒေါ်လွင်မာထွန်းနှင့် ထပ်တူကြသည်။
“သူတို့ပြောတဲ့ နိုင်သုံးနိုင်နဲ့တော့ ငြိစရာမရှိပါဘူး။ ကျွန်တော့် မိဘနှစ်ပါးစလုံးက နိုင်ငံသားဖြစ်ပြီးတဲ့သူတွေဆိုတော့ ဒီအဆင့်ကို ကျွန်တော်ကျော်နိုင်မှာပါ” ဟု ဦးကျော်နေမင်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မွတ်စလင်ကိုယ်စားလှယ်လောင်းအများစု ယှဉ်ပြိုင်ခွင့်မရရှိဘဲ ပယ်ချခဲ့သည့်အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာမွတ်စလင်များ မဲပေးခွင့်ဆုံးရှုံးခဲ့သည်။
၎င်းတို့သည် ၂၀၁ဝအထွေထွေရွေးကောက်ပွဲအပါအဝင် ၂၀၀၈အခြေခံဥပဒေဆန္ဒခံယူပွဲတွင်လည်း မဲထည့်ခွင့်ရခဲ့သူများဖြစ်သည်။ သို့သော် ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ဝှိုက်ကတ်ဟုခေါ်ဆိုသည့် ယာယီသက်သေခံကတ်ပြားကိုင်ဆောင်သူများ မဲဆန္ဒပေးခွင့်မရှိကြောင်း လွှတ်တော်၏ အယူခံတင်သွင်းလွှာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတည်ပြုခဲ့သဖြင့် ၎င်းတို့ မဲပေးခွင့်ဆုံးရှုံးခဲ့သည်။
မတူကွဲပြားခြင်းက အင်အားဖြစ်သည်
အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မွတ်စလင်များကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့သည်တိုင် မွတ်စလင်အများစု၏ထောက်ခံမှုကို ရရှိခဲ့သည်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မွတ်စလင်အများစုနေထိုင်သည့် ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ တာမွေ၊ ပန်းပဲတန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်များ၏ မဲရလဒ်များကိုကြည့်ပါက မွတ်စလင်အများစု၏မဲသည် ထိုစဉ်က ဝင်ပြိုင်ခဲ့သည့်မွတ်စလင်ပါတီများအစား အင်န်အယ်လ်ဒီပါတီအပေါ် ပုံအောထည့်ခဲ့သည်ကို သိရှိနိုင်သည်။
“ကျွန်တော်ကိုယ်တိုင် ပန်းပဲတန်းမြို့နယ်မှာ အင်န်အယ်လ်ဒီအမတ်လောင်းကိုပဲ မဲထည့်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဖြစ်စဉ်အတွက် လူအများစုရဲ့ ပံ့ပိုးကူညီမှုကို ပါတီကလိုအပ်တယ်လို့ ယူဆတဲ့အတွက်ပဲ” ဟု ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုယ်စားလှယ်လောင်း၁၈ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့သော်လည်း သုံးဦးသာယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၁၅ဦး အပယ်ချခံခဲ့ရသည်။ သို့သော် လာမည့်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။
“၂၆နေရာလောက်တော့ ပြိုင်ဖို့မှန်းထားတယ်။ ဘာလို့ထပ်ပြိုင်လဲဆိုရင် အရင်ရွေးကောက်ပွဲမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ မြှင့်တင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်တော်တို့ အင်န်အယ်လ်ဒီကို မဲထည့်ခဲ့တယ်။ သို့ပေမဲ့ ခုထိတော့အစိုးရက ကျွန်တော်တို့မျှော်လင့်ချက်ကို ထိရောက်အောင် လုပ်ပေးတာမရှိဘူး။ လက်ရှိအချိန်အထိ ကျွန်တော်တို့အပေါ် ခွဲခြားမှုနဲ့ ဖိနှိပ်မှုတွေကရှိနေတုန်း။ ဒီအတွက် ကျွန်တော်တို့ကိုယ်တိုင်လုပ်နိုင်ဖို့ ပြန်ပြိုင်မှရမယ်” ဟု ဦးကျော်စိုးအောင်က ပြောသည်။
နောက်ထပ် မွတ်စလင်ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း ယခင်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းလျှောက်ထားမှုနှင့်ပတ်သက်၍ ခါးသီးသည့်အတွေ့အကြုံရှိခဲ့သည့်တိုင် လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၅ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုလျှောက်လွှာတင်ခဲ့သည့် ကိုယ်စားလှယ်လောင်းခြောက်ဦးအနက် တစ်ဦးသာ ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
မွတ်စလင်နိုင်ငံရေးပါတီများ ယခုနှစ်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရသည့် အဓိကအကြောင်းရင်းမှာ အင်န်အယ်လ်ဒီအစိုးရအပေါ် စိတ်ပျက်နေသည့် လူထု၏မဲဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ဖွယ်ရှိသည်ဆိုသည့် ယူဆချက်ကြောင့် ဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာ အနိုင်မရသည့်တိုင် ရွေးကောက်ပွဲမဲဆွယ်မှုကတစ်ဆင့် ၎င်းတို့၏ အသံကို လူထုဆီ အရောက်ပို့နိုင်သောကြောင့် ဖြစ်သည်။
“ကျွန်တော်ကတော့ လွယ်လွယ်နဲ့တော့ အရှုံးမပေးဘူး။ ကျွန်တော်တို့ ရည်မှန်းချက်ရောက်ဖို့ ရှေ့ကိုဆက်သွားရမှာပဲ။ ကျွန်တော်တို့ရဲ့ အခွင့်အရေးအရ ယှဉ်ပြိုင်ခွင့်ရရင်ပဲ ကျွန်တော်တို့ ကျေနပ်တယ်။ နိုင်တယ်၊ မနိုင်ဘူးဆိုတာက ပြည်သူလူထုမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ လူထုရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့လေးစားတယ်” ဟု အမျိုးသားဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဒုတိယဥက္ကဌ ဦးခင်မောင်မြင့်က ပြောသည်။
တန်းတူအခွင့်အရေးအတွက် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရရန် မွတ်စလင်လူနည်းစုများသည် တစ်သီးပုဂ္ဂလဖြစ်စေ၊ ပါတီတစ်ခုခုကို ကိုယ်စားပြု၍ဖြစ်စေ ဝင်ပြိုင်ကြရန် ကြိုးပမ်းနေသည့်နည်းတူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း မွတ်စလင်အချို့ကို ပါတီကိုယ်စားပြုကာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ဆုံးဖြတ်ထားသည်။ ပါတီက ရည်မှန်းထားသည့် မဲဆန္ဒနယ် ၅၀တွင် မွတ်စလင်များသာမက လူမျိုး၊ ဘာသာမတူညီသည့် လူနည်းစုများပါဝင်သည်ဟု ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောသည်။
“၁၉၈၈အရေးတော်ပုံကာလကတည်းက ကျွန်တော်တို့ လှုပ်ရှားမှုက တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်နိုင်တဲ့ ဒီမိုကရေစီစနစ်တစ်ခုကို သွားဖို့ပါ။ ဒီနိုင်ငံမှာနေထိုင်သူတိုင်း လူမျိုး၊ ဘာသာမခွဲခြားဘဲ တန်းတူအခွင့်အရေးရဖို့လိုတယ်ဆိုတာ ကျွန်တော်တို့ စွဲစွဲမြဲမြဲဆုပ်ကိုင်လာတဲ့ ယုံကြည်ချက်ဖြစ်တယ်။ ပါတီထောင်တဲ့ ရည်ရွယ်ချက်ကလည်း အဖိနှိပ်ခံ တိုင်းရင်းသားလူနည်းစုအတွက် အလုပ်လုပ်ချင်လို့ ဖြစ်တယ်။ ဒီမိုကရေစီပြည်ထောင်စုဆိုတာကို တည်ဆောက်ဖို့ကြိုးစားတဲ့အခါ ဘယ်သူ့ကိုမှ မချန်ထားခဲ့သင့်ဘူး”ဟု ဦးအောင်မိုးဇော်က ပြောသည်။
မြန်မာနိုင်ငံ အစ္စလာမ်ဓမ္မဗိမာန်အကြီးအကဲနှင့် ငြိမ်းချမ်းရေးမေတ္တာအဖွဲ့ကို တည်ထောင်သူဖြစ်ပြီး ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင်လည်းဖြစ်ခဲ့သူ ဟာဂျီဦးအေးလွင်က အနိုင်ရနိုင်ချေနည်းသည့်တိုင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မွတ်စလင်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ၏ စိတ်အားထက်သန်မှုကို ကြိုဆိုအသိအမှတ်ပြုသည်။
သို့သော် မွတ်စလင်များက ပါတီတည်ထောင်၍ ဝင်ရောက်ယှဉ်ပြိုင်မည့်အစား ပါတီကြီးများက ၎င်းတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးခြင်းက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအတွက် ပိုမိုအထောက်အကူဖြစ်သည်ဟု သူကသုံးသပ်သည်။
“အခုအခြေအနေက ပါတီတစ်ခုက နိုင်ဖို့၊ မနိုင်ဖို့ဆိုတာထက် တစ်ပါတီတည်းအစိုးရမဖွဲ့နိုင်ရေးကို ဦးတည်လှုပ်ရှားနေကြတာ။ ပြောနေကြတာက ညွန့်ပေါင်းအစိုးရပုံစံ။ ကျွန်တော်တို့တိုင်းပြည်က စနစ်တစ်ခုကနေ တစ်ခုကို ကူးနေတဲ့အချိန်ကာလပါ။ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်းအစိုးရဖြစ်နေတယ်။ တစ်ကယ်လို့ မဲကွဲသွားမယ်ဆိုရင် ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်းအခြေအနေက ပိုပြီးသက်ဆိုးရှည်လိမ့်မယ်။ မဲပေးတဲ့သူတွေက ဒါကို သတိထားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဦးအေးလွင်က ပြောသည်။
၂၀၁၅ရွေးကောက်ပွဲတွင် မွတ်စလင်ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့များက ပယ်ချခြင်း၊ ပါတီကြီးများက ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်မပေးခြင်း စသည့် အခြေအနေများရှိခဲ့သည်တိုင် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက လူမျိုး၊ ဘာသာကိုမကြည့်ဘဲ ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းကိုသာ မဲပေးရာတွင်ထည့်သွင်းစဉ်းစားရန် ဦးအေးလွင်ကမျှော်လင့်ထားသည်။ ရွေးကောက်ပွဲနိုင်ခြင်း၊ ရှုံးခြင်းထက် မွတ်စလင်များကို ယှဉ်ပြိုင်ခွင့်နှင့် မဲပေးပိုင်ခွင့်အစဉ်အလာတစ်ခု ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲများက တစ်ဆင့်ထွက်ပေါ်လာစေချင်သည်ဟု သူကပြောသည်။
“ဘာသာမတူတာနဲ့ သွေးနှောဆိုပြီး ကန့်သတ်မှုတွေလုပ်တာက အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ မတူကွဲပြားမှုဆိုတာ အင်အားတစ်ခုပါ။ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်မှုမှာ ဒီအင်အားကို အသုံးချနိုင်ဖို့ အင်မတန်လိုအပ်တယ်။ ပါတီကြီးတွေက ဘာသာ၊ လူမျိုးမခွဲဘဲ အရည်အချင်းရှိတဲ့ သူတွေကို တိုင်းပြည်အတွက် ထိထိရောက်ရောက်အသုံးချနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ” ဟု ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးတွင် ဦးဆောင်ပါဝင်နေသူ ဦးအေးလွင်က အကြုံပြုသည်။