အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ လွန်ခဲ့တဲ့တစ်နှစ်က ရွေးကောက်ပွဲမှာ အောင်ပွဲခံခဲ့ပြီး အစိုးရ ဖွဲ့စည်းလုပ်ကိုင်ခဲ့ရာမှာ ဖြည်းဖြည်းချင်း တိုးတက်အောင်မြင်နေပေမဲ့ ပြည်သူတို့ရဲ့မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်လာဖို့ များစွာကျန်ရှိနေပါသေးတယ်။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကဆို သမိုင်းဝင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးသွားတာ တစ်နှစ်ပြည့်သွားပါပြီ။ ဒီရက်ပိုင်း သတင်းမီဒီယာတွေနဲ့ ပြည်သူတွေ ပြောနေဆိုနေကြတာကတော့ ရွေးကောက်ပွဲ တစ်နှစ်ပြည့်ချိန်မှာ အဲဒီအချိန်က မဲပေးလိုက်တဲ့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ ဘယ်လောက် ပြည့်ခဲ့ပြီလဲ ဆိုတာပါ။
တကယ်တော့ ရွေးကောက်ပွဲကြီး ကျင်းပပြီးတာ တစ်နှစ်ရှိသွားခဲ့ပြီဖြစ်ပေမဲ့ လွှတ်တော်အသစ်တွေ ပေါ်ပေါက်လာတာ ၉ လကျော်၊ အစိုးရအဖွဲ့သစ် စပြီးတာဝန်ယူတာ ၇ လကျော်ကျော်လေးပဲ ရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲကို လိုလားလို့ မဲပေးလိုက်တဲ့ ပြည်သူတွေအနေနဲ့ အပြောင်းအလဲကို မြန်မြန်ဆန်ဆန် တွေ့လို၊ မြင်လို၊ ခံစားလိုကြမှာကတော့ အမှန်ပါပဲ။
ရွေးကောက်ပွဲ ကျင်းပပြီး တစ်နှစ်တာကာလ ပြည်သူတွေ လိုချင်တဲ့ လိုအင်ဆန္ဒတွေကို အင်န်အယ်လ်ဒီ အစိုးရက ဘယ်လောက် ဖြည့်စွမ်းနိုင်ပြီလဲ၊ ပြည်သူတွေရဲ့ လိုအင်ဆန္ဒကရော ဘယ်လောက် ပြည့်ပြီလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
စစ်အာဏာရှင်ခေတ်လွန် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတင်မက ၂၀၁၀ တုန်းကလည်း ရွေးကောက်ပွဲတစ်ကြိမ် ကျင်းပခဲ့ဖူးပါသေးတယ်။ ဒါပေမဲ့ အဲဒီ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ဘယ်သူကမှ မသတ်မှတ်ကြပါဘူး။
စစ်အာဏာရှင်တွေကနေ ယူနီဖေါင်းချွတ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေကပဲ တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်သွားနိုင်အောင် စနစ်တကျ ဖန်တီးပြုလုပ်ပေးခဲ့တဲ့ နာမည်ခံရွေးကောက်ပွဲတစ်ခု ဖြစ်နေလို့ပါ။ ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲကိုသာ နှစ်ပေါင်း ၅၀ ကျော်အတွင်း တကယ့်ကို နိုင်ငံရေးအင်အားစု အားလုံးနီးပါး ပါဝင်နိုင်တဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်ပြီး အဲဒီ ရွေးကောက်ပွဲရလဒ်ကို အလေးထားလို့လည်း ခုလို သုံးသပ်မှုတွေ လုပ်နေကြတာဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီး တစ်နှစ်တာကာလ ပြည်သူတွေ လိုလားချက် ဘယ်လောက် ပြည့်မီပြီလဲဆိုတာ ဆန်းစစ်မယ်ဆိုရင် ဘယ်ဟာတွေက ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ၊ လိုလားချက်တွေ ဖြစ်မလဲဆိုတာ အရင်လေ့လာကြည့်ဖို့ လိုပါတယ်။
ပြည်သူတွေရဲ့ လိုလားချက်တွေကို ဆန်းစစ်ကြည့်ရင် အလွှာအသီးသီးက ပြည်သူအမျိုးမျိုးရဲ့ လိုလားချက် အဖုံဖုံ ကွဲပြားနေတာကို တွေ့နိုင်ပါတယ်။ အဲဒီအထဲကမှ အရေးအကြီးဆုံးနဲ့ ပြည်သူတွေ အလိုလားဆုံးကတော့ အရင်စစ်အာဏာရှင် ခေတ်အဆက်ဆက်ကတည်းက တည်ရှိခဲ့တဲ့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုမျိုးစုံအောက်ကနေ လွတ်မြောက်ချင်တာ ဖြစ်ပါတယ်။
ဒီမျှော်လင့်ချက်တွေပြည့်ဖို့ အစိုးရဟာ တိုင်းပြည်တွင်းကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာအောင်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာအောင်၊ လုပ်ငန်းရှင်တွေ စီးပွားရေးပိုကောင်းလာအောင်၊ အလတ်စားနဲ့ အသေးစားလုပ်ငန်းတွေ ပိုပြီးရှင်သန်ကြီးထွားလာအောင် လုပ်ပေးဖို့ လိုပါတယ်။
ဒီလို အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုမျိုးစုံဟာ စစ်အာဏာရှင်တွေ လက်အောက်မှာ အဆိုးရွားဆုံး ဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ နည်းနည်း လျော့နည်းလာတာမျိုး ရှိခဲ့ပါတယ်။ အခု အစိုးရသစ်လက်ထက်မှာ လွှတ်တော်ဘက်ကနေ အာဏာပိုင်တွေက ဖိနှိပ်ရေးကိရိယာ အဖြစ်အသုံးပြုနေတဲ့ ဥပဒေတွေကို ပယ်ဖျက်တာ၊ ပြင်ဆင်တာ၊ ပြည်သူ့အခွင့်အရေးကို အာမခံပေးမယ့် ဥပဒေအသစ်တွေ ပြဋ္ဌာန်းတာ လုပ်နေလို့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှု လျော့ပါးသင့်သလောက် လျော့ပါးလာတာ တွေ့မြင်နိုင်ပါတယ်။
ဒါပေမဲ့လည်း ပြည်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ နေ့စဉ်လူနေမှုဘဝအတွက် အရေးလည်းပါတဲ့ တရားစီရင်ရေးစနစ်ကို မပြုပြင်မပြောင်းလဲနိုင်သေးတာ၊ ရဲတပ်ဖွဲ့ကို ကောင်းကောင်းမပြုပြင်နိုင်သေးတာ စတဲ့အချက်တွေကြောင့် ပြည်သူလူထုတွေကို ဖိစီးနှိပ်စက်နေတဲ့ ဒုက္ခတွေ လုံးလုံးလျားလျားကြီးတော့ ပျောက်ပျက်မသွားသေးပါဘူး။ ဒီအတွက် ပြည်သူတွေရဲ့ ဆန္ဒကို အများကြီး မဖြည့်ဆည်းပေးနိုင်ဘူးလို့ ပြောရမှာပါ။
နောက်ထပ် လိုအပ်တာက တိုင်းရင်းသားပြည်သူတွေရဲ့ လိုအပ်ချက်ပါ။ စစ်ပွဲတွေ ရပ်ဆိုင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင် လုပ်ကိုင်စားလိုတဲ့ဆန္ဒ၊ အကြောက်တရား ကင်းကင်းနဲ့ နေထိုင်လိုတဲ့ အာသီသတွေ မပြည့်ဝ သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားသွန်ခွန်စိုက် အကောင်အထည် ဖော်နေပေမဲ့လည်း လက်နက်ကိုင်တပ်ဖွဲ့အားလုံးနဲ့ အပစ်အခတ် မရပ်စဲနိုင်သေးတာ၊ နေရာတချို့မှာ တိုက်ပွဲတွေ ဖြစ်မြဲဖြစ်နေတာ စတာတွေကြောင့် တိုင်းရင်းသားပြည်သူတွေ မျှော်မှန်းတဲ့ တည်ငြိမ်အေးချမ်းတဲ့ ဘဝ မရကြသေးတာပါ။ နှစ်ဘက်စစ်တပ်တွေအကြား အကြောက်ကြောက်အလန့်လန့် နေထိုင်နေရတဲ့ ဘဝက မလွတ်ကျွတ်နိုင်ကြသေးတာပါ။
မြန်မာနိုင်ငံရဲ့ အောက်ခြေ ပြည်သူလူထုကြီးအတွက် အဓိက ဖိစီးနှိပ်စက်နေတဲ့ ပြဿနာကြီးတစ်ခုကတော့ အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်ခလစာ နည်းပါးမှုဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ မူရင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်မျိုး အိမ်နီးချင်းနိုင်ငံတွေဆီ သွားပြီးလုပ်နေကြရတဲ့အချက်က ဒီ မျှော်လင့်ချက်ကို မီးမောင်းထိုးပြနိုင်ပါတယ်။
ဒီမျှော်လင့်ချက်တွေပြည့်ဖို့ အစိုးရဟာ တိုင်းပြည်တွင်းကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာအောင်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာအောင်၊ လုပ်ငန်းရှင်တွေ စီးပွားရေးပိုကောင်းလာအောင်၊ အလတ်စားနဲ့ အသေးစားလုပ်ငန်းတွေ ပိုပြီးရှင်သန်ကြီးထွားလာအောင် လုပ်ပေးဖို့ လိုပါတယ်။
ဒါပေမဲ့လည်း အစိုးရသစ်ဟာ သူ့သက်တမ်း ၈ လတောင် မပြည့်သေးတဲ့အချိန်မို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို အသစ်ရေးဆွဲပြီးတဲ့ အခြေအနေကိုပဲ ရောက်နေပါသေးတယ်။ ဒီ ဥပဒေ အသက်ဝင်လာချိန်၊ ဥပဒေကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် အကျိုးကျေးဇူးတွေအတွက် အချိန်တချို့ပေးရဦးမှာ ဖြစ်တာကြောင့် ပြည်သူတွေ အာသာငမ်းငမ်း မျှော်လင့်တောင့်တနေတဲ့ ဒီ မျှော်လင့်ချက်လည်း ပြည့်မီခြင်း မရှိသေးပါဘူး။
အားလုံးကို ခြုံငုံသုံးသပ်ရရင် အင်န်အယ်လ်ဒီ အစိုးရဟာ ကာလတိုအတွင်း တပ်မတော်နဲ့ဆက်ဆံရေးဆိုတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ ဒါဟာ ရာစုနှစ် တစ်ဝက်ကျော် ကြာသည်အထိ လက်နက်ကိုင်စစ်တပ်နဲ့ ပြည်သူလူထုအကြား စိတ်ဝမ်းကွဲပြားနေတာကို အစိုးရက အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်တာပါ။
ဒါ့အပြင် တိုင်းပြည်အတွက် အလွန်အရေးပါတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း လမ်းမှန်တစ်ခုပေါ် ရောက်အောင်ကြိုးစားနိုင်ပြီး နိုင်ငံတကာက ထောက်ခံတဲ့အခြေအနေဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ လူဆိုးစာရင်းဝင်၊ စီးပွားရေးပိတ်ဆို့ခံ တိုင်းပြည်ဆိုတဲ့ အခြေအနေကနေ လွတ်မြောက်အောင် ကယ်ထုတ်နိုင်ခဲ့ပြီး နိုင်ငံတကာမိသားစုနဲ့ ဝင်ဆန့်အောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါတွေဟာ သက်တမ်းနုသေးတဲ့ အစိုးရအဖွဲ့ရဲ့ ကြီးမားတဲ့ စွမ်းဆောင်အောင်မြင်မှုကြီးတွေဖြစ်ပေမဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံ၊ မတည်မငြိမ်ဘဝ၊ ဆင်းရဲချွတ်ခြုံကျ အခြေအနေကနေ လွန်မြောက်လိုတဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ မျှော်လင့်ချက်အသီးသီးကို ဖြည့်စွမ်းပေးဖို့ကိုတော့ အချိန်တစ်ခုယူပြီး ကြိုးစားရဦးမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။