ရွေးကောက်ပွဲ ကန့်ကွက်လွှာနည်းလို့ အင်န်အယ်လ်ဒီ အကူးအပြောင်း ချောမွေ့ခဲ့

အနိုင်ရ အင်န်အယ်လ်ဒီပါတီက ဖွဲ့စည်းမယ့် အစိုးရအပြောင်းအလဲအတွက် သတင်းမထုတ်ပြန်တဲ့ ထိပ်သီးအစည်းအဝေးတွေ ကျင်းပအပြီးမှာ မျှော်လင့်ထားတဲ့ ရွေးကောက်ပွဲကန့်ကွက်လွှာ တထပ်ကြီး တင်လာမယ့်ကိစ္စဟာ အကောင်အထည် ပေါ်မလာဘဲ ပျောက်ပြယ်သွားခဲ့ပါတော့တယ် 

မြတ်ကျော်သူ ရေးသားသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ သူ့ကို အနိုင်ယူလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း လုပ်ဆောင်ပုံတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်လွှာ တင်ပြခဲ့တဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဦးအုန်းမြင့်ကို အထွေထွေ ရွေးကောက်ပွဲကော်မရှင် (UEC) က ကန့်ကွက်လွှာ ပြန်ရုပ်သိမ်းဖို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်က အနားယူရတော့မယ့် ဝန်ကြီး ဦးအုန်းမြင့်ရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေကို အင်န်အယ်လ်ဒီ ပါတီဝင် ဘက်တော်သားများက နှောင့်ယှက်တယ်ဆိုတဲ့ ဦးအုန်းမြင့်အတွက် မဲဆွယ်စည်းရုံးမှု ကိုယ်စားလှယ်ရဲ့ မှားယွင်းစွပ်စွဲမှုတွေနဲ့စပ်လျဉ်းပြီး ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးကို ပြန်တောင်းပန်ဖို့လည်း UEC က ဝန်ကြီးရဲ့ ကိုယ်စားလှယ်ကို ပြောကြားခဲ့ပါတယ်။

ဒါဟာ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရပြီးနောက်ပိုင်း အင်န်အယ်လ်ဒီအပေါ် ဝေဖန်ပုတ်ခတ်နေမှုတွေကို ရုပ်သိမ်းဖို့ UEC ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဝင်တွေကို ညွှန်ကြားမှုတွေထဲမှာ ပထမဆုံး ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် အဲဒီပါတီဝင် ကိုယ်စားလှယ်လောင်းတွေဟာ ကာကွယ်ပေးမယ်လို့ သူတို့ တကယ့်ကို မျှော်လင့်ထားတဲ့ UEC ကို ကန့်ကွက်လွှာတွေ တထပ်ကြီး တင်ပြခဲ့ကြပါတယ်။

အင်န်အယ်လ်ဒီကို ကန့်ကွက်ခဲ့တာတွေဟာ ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲအတွက် ထိပ်သီးအစည်းအဝေးတွေ မကျင်းပမီက မျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ပထမဆုံး ဆွေးနွေးမှုကို နိုဝင်ဘာ ၁၉ ရက်က စတင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှုဟာ “ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရေး”တို့အတွက် ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသည့် အင်န်အယ်လ်ဒီပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

ဖေဖော်ဝါရီ ၁ ရက်က ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသည့် အင်န်အယ်လ်ဒီပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

ဆွေးနွေးမှုတွေအပြီးမှာ ဘာကြောင့် ကန့်ကွက်မှုတွေ ရပ်တန့်သွားရတာ ဘာ့ကြောင့်ပါလဲ။

အရင် စစ်အစိုးရနဲ့ ပတ်သက်ပြီး အမုန်းတရား မထားရှိပါဘူးလို့ မကြာခဏပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အစီအစဉ်တကျ ဆွေးနွေးနိုင်မှု၊ ဒီဇင်ဘာ ၄ ရက်က  ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေနဲ့ အံ့အားသင့်စရာ ဆွေးနွေးနိုင်ခဲ့မှုတွေကနေ ရရှိလာနိုင်တဲ့ အကျိုးအမြတ် ဖြစ်တဲ့ ဆက်ဆံရေးကို အသိအမှတ်ပြု အလေးထားပြီး တပ်မတော်နဲ့ သတိကြီးစွာထား ဆက်ဆံသွားဖို့ လိုမှာ ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီက ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တယ် ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတအထက်ကနေ နေရာယူဖို့ စီစဉ်ထားရင်တော့ တပ်မတော်နဲ့ ညှိနှိုင်းပြေလည်မှုရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အခုဆိုရင် ညှိနှိုင်းပြေလည်မှုရဖို့ သတင်းမထုတ်ပြန်တဲ့

ပြောဆိုဆွေးနွေးမှုတွေ စတင်နေတယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ အင်န်အယ်လ်ဒီပါတီဝင်တစ်ဦးရဲ့ ပြောဆိုမှုကို ကိုးကားပြီး  ရိုက်တာသတင်းဌာနက ဇန်နဝါရီ ၁၅ ရက်က ဖော်ပြခဲ့တဲ့သတင်းအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား အသစ်ဖွဲ့စည်းမယ့် အစိုးရသစ် အပြောင်းအလဲနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်တဲ့ ဆွေးနွေးမှုတွေရှိတယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ ဆက်ဆံရေး တည်ဆောက်တဲ့နေရာမှာ အင်န်အယ်လ်ဒီအနေနဲ့ တချို့ကိစ္စတွေကို သဘောတူ လိုက်လျောပေးရမှာတွေ ရှိလာမှာဖြစ်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား အပေးအယူကတော့ ရှိရမှာပါပဲ”လို့ ဒီမိုကရစ်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဆိုပါတယ်။ သို့ပေမဲ့လည်း အင်န်အယ်လ်ဒီကနေ ဝင်ရောက်မဖြေရှင်းနိုင်သေးတဲ့ တစ်ခုတည်းသော ပြဿ     နာက ငြိမ်းချမ်းရေး ဖြစ်စဉ်ပဲ ဖြစ်ပါလိမ့်မယ်။

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်က အာရ်အက်ဖ်အေ Radio Free Asia ရဲ့ အင်တာဗျူးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က “တကယ့်အစစ်အမှန် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမယ့်အစိုးရသစ်ကသာ ဦးစီးလုပ်ဆောင်နိုင်လိမ့်မယ်” လို့ ဖြေကြားခဲ့ပါတယ်။

နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ညွန်းဆိုပြီး  “၅ ရက်တည်းလုပ်တဲ့ ဆွေးနွေးပွဲကနေ တကယ့်ငြိမ်းချမ်းရေးအဖြေ တစ်ရပ် ထွက်လာနိုင်ဖို့ ဘယ်လို မျှော်လင့်နိုင်မှာလဲ”လို့ သူက ပြောကြားခဲ့ပါတယ်။

ဒါဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်တာလည်း ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီအဖွဲ့ဝင် အများစုကတော့ ဒီဆွေးနွေးပွဲဟာ ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီကို တိုင်းရင်းသားလူနည်းစု ဒေသတွေက ထောက်ခံမှု ရလာအောင် လုပ်ဆောင်တဲ့ ဆွေးနွေးပွဲလို့ မှတ်ယူထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အင်န်အယ်လ်ဒီ အုပ်ချုပ်တဲ့ကာလမှာ ပထမဆုံး ဦးစားပေး လုပ်ဆောင်မှာက ငြိမ်းချမ်းရေးဖြစ်တယ်လို့ ဇန်နဝါရီ ၄ ရက်က ရန်ကုန်မြို့ အင်န်အယ်လ်ဒီ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲမှာ ပြောကြားခဲ့ပြီး အောက်တိုဘာ ၁၅ ရက်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကိုလည်း သွယ်ဝိုက်ဝေဖန်ခဲ့ပါတယ်။ “ကျွန်မတို့အနေနဲ့ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် လုပ်ဆောင်မယ်” လို့ ဒေါ်စုက ဆိုခဲ့ပါတယ်။

စစ်တပ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ

အင်န်အယ်လ်ဒီခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရေးကြီးဆုံး လုပ်ဆောင်ရမှာကတော့ နိုင်ငံခြားသား မိသားစုဝင်တွေ ရှိတဲ့အတွက်ကြောင့် သူ့ကို သမ္မတအဖြစ် တာဝန်မပေးနိုင်အောင်နဲ့ ဖွဲ့စည်းပုံကို မပြင်နိုင်အောင် ဟန့်တားနိုင်တဲ့ ဗီတိုအာဏာ တပ်မတော်ကို ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ပါပဲ။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲမှုတွေဟာ လက်ရှိအချိန်မှာ သိပ်အရေးမကြီးသေးပါဘူး”လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက Frontier ကို ပြောကြားခဲ့ပါတယ်။

အင်န်အယ်လ်ဒီရဲ့ ထိပ်တန်း ရည်ရွယ်ချက်အဖြစ် ကာလကြာရှည်စွာဖြစ်ခဲ့တဲ့ ဖွဲ့စည်းပုံကိစ္စ ဆွေးနွေးမှုဟာ အစိုးရသစ် မဖွဲ့စည်းမီ အကူးအပြောင်းကာလမှာ ထိလွယ်ရှလွယ်အဖြစ်ဆုံး ကိစ္စလို့ ဦးကျော်လင်းဦးက မှတ်ချက်ပေးပါတယ်။

နိုဝင်ဘာ ၂၁ ရက်က ဝါရှင်တန်ပို့စ် သတင်းစာနဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  တပ်မတော်အနေနဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ အသင့်မဖြစ်သေးဘူးလို့ ပြောခဲ့ပါတယ်။ လွှတ်တော်အတွင်း  အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ရရှိထားတဲ့ ရွေးချယ်ခံစရာမလိုတဲ့ တပ်မတော်သား လွှတ်တော်အမတ်တွေဟာ အခြေခံဥပဒေ ပြင်ဆင်ဖို့မှာ ဗီတိုအာဏာ ရှိနေပါတယ်။ ဒါကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းချက်အရ အဲဒီလို အခြေခံဥပဒေပြင်ဆင်ဖို့မှာ လွှတ်တော်အမတ်စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းထက်ပိုပြီး ထောက်ခံမှု လိုအပ်တာကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ တပ်မတော်ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲဖို့ မစဉ်းစားခင်အထိ တည်ငြိမ်ရင့်ကျက်ဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

ဝန်ကြီးနေရာ ခန့်ထားမှုများ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲမှုက အနာဂတ်ကာလအတွက် အရေးကြီးတယ် ဆိုပေမယ့် အင်န်အယ်လ်ဒီ ကနေ အစိုးရ ဖွဲ့နိုင်ဖို့ကတော့ လက်ရှိအချိန်မှာ အာရုံစိုက်ရမယ့်အချက် ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့အတွင်းက ဝန်ကြီးနေရာတွေမှာ သူနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေကို ခန့်ထားမယ်လို့ စကားသံတွေ ထွက်နေတဲ့ကြားက ဝန်ကြီးနေရာ တောင်းဆိုသူတွေကို ဒေါ်စုက ငြင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲသည်လုပ်ငန်းရှင်တွေက အလွန်နီးစပ်ပြီး ပူးပေါင်းသွားနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို သူက ငြင်းဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကနေ လုပ်ငန်းရှင်သူဌေးကြီးတွေနဲ့ ပူးပေါင်းဖို့ အသင့်အနေအထား ရှိနေတာက သူ့ရဲ့ အစိုးရမူဝါဒမှာ ထင်ဟပ်နေနိုင်တယ်လို့ ဦးကျော်လင်းဦးက ဆိုပါတယ်။

သူရဦးရွှေမန်း

ဝန်ကြီးနေရာတွေ ခန့်ထားတာအပြင် နောက်ထပ် လူစိတ်ဝင်စားမှု အများဆုံးကိစ္စကတော့ သမ္မတနေရာ ခန့်ထားရေးပဲ ဖြစ်ပါတယ်။

နိုင်ငံတွင်းအုပ်ချုပ်မှုပိုင်းမှာ ကျောရိုးဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေကတော့ သူရဦးရွှေမန်းက သမ္မတ၊ ဒုသမ္မတ၊ ဒါမှမဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်တယ်လို့ Frontier ကို ထင်ကြေးပေးခဲ့ကြပါတယ်။

လာမယ့်လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီက  အများစု ပါဝင်မှာဖြစ်တဲ့အတွက် သူတို့အနေနဲ့ သမ္မတလောင်းနှစ်ဦးကို မဲပေးရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကျန် သမ္မတလောင်းတစ်ဦးကို မဲပေးနိုင်ခွင့် ရှိပါတယ်။

ဒါပေမဲ့ သူရဦးရွှေမန်းကို အဆိုပြုလိုက်မယ်ဆိုရင် တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးပြောဆိုရတာတွေ ရှိလာနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်ပိုင်းနေရာကနေ ဖယ်ရှားခံရတဲ့ အကြောင်းရင်း တစ်ရပ် ဖြစ်စေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ ဆွေးနွေးဖို့ ခွင့်ပြုလိုက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို တပ်မတော်သားတချို့က ကန့်ကွက်ခဲ့ကြပါသေးတယ်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar