မိုင်းရှူး၊ ဧပြီ ၁
မိုင်းရှူးမြို့နယ်အတွင်းရှိ မဲရုံများတွင် ရွေးကောက်ပွဲဥပဒေနှင့်မညီသည့် လှုပ်ရှားမှုများတွေ့ရှိသဖြင့် တရားဝင် ကန့်ကွက်ရန် ပြင်ဆင်နေကြောင်း နိုင်ငံရေးပါတီများက ပြောကြားလိုက်သည်။
မိုင်းရှူးမြိုှု့တွင်းရှိ မဲရုံအမှတ်(၃)တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်တံဆိပ်ဖြစ်သော ကျားခေါင်းပါတီ စတေကာကပ်ထားသည့် မော်တော်ယာဉ်များ ဝင်ထွက်သွားလာနေမှုကို တွေ့ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဦးဇော်မင်းလတ်က ပြောသည်။
အဆိုပါမော်တော်ယာဉ်များသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်သည့် မော်တော်ယာဉ်များ (သို့မဟုတ်) ၎င်းတို့ကို ထောက်ခံအားပေးသူများ၏ မော်တော်ယာဉ်များဖြစ်သည်ကိုမူ တိတိကျကျ မသိရှိရသေးကြောင်း ဦးဇော်မင်းလတ်က ပြောသည်။
ထို့အပြင် မဲရုံအတွင်း ပြည်သူ့စစ်ဝတ်စုံဖြင့် လှုပ်ရှားနေသူများကို တွေ့ရှိထားပြီး အဆိုပါအချက်အလက်များကို မဲရုံမှူးးများထံ ပေးပို့ထားကြောင်း ၎င်းကပြောသည်။
“မဲရုံဝန်းကျင်မှာ တာဝန်ပေးထားခြင်းမရှိတဲ့ ပြည်သုူ့စစ်တွေနဲ့ အသယ်အပို့ လုပ်နေတာတွေ့ရတယ်”ဟု ဦးဇော်မင်းလတ်ကပြောသည်။
မိုင်းရှုးအခြေစိုက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ၎င်းတို့ထံတွင် ရွေးကောက်ပွဲဥပဒေနှင့် မညီသည့် လှုပ်ရှားမှုများနှင့် ပတ်သက်သည့် အချက်အလက်များ စုဆောင်းရရှိထားသည်ဟု ဆိုသည်။
မိုင်းရှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဆိုအရ ၎င်းတို့ လက်ထဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတေကာပါ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ မဲရုံအနီး တဝိုက် လှုပ်ရှားသွားလာနေသည့် အချက်အလက်များ ရှိနေသည်ဟု ဆိုသည်။
အဆိုပါအချက်အလက်များကို စုဆောင်းနေပြီး တရားဝင် ကန့်ကွက်ရန်ပြင်ဆင်လျှက်ရှိသည်ဟု မိုင်းရှူးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းမြတ်ကျော်က ပြောသည်။
သတင်း-ထွန်းခိုင်