ရန်ကုန်မြို့လမ်းမတွေပေါ်မှာ ကစားနေကြတဲ့ ဘောလုံးသမားတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် Grand Royal Street Football Challenge ပြိုင်ပွဲကနေ နိုင်ငံကိုယ်စားပြု လက်ရွေးစင်အဆင့်မီတဲ့ ရွက်ပုန်းသီးကစားသမားတွေ ထွက်ပေါ်လာဖို့ မျှော်လင့်တယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ဆိုပါတယ်။
အသင်းတစ်သင်းကို ၅ ယောက်စီ ပါဝင်ပြီး ဖူဆယ်အားကစား စည်းမျဉ်းများအတိုင်း ယှဉ်ပြိုင်ကစားရမယ့် အဲဒီပြိုင်ပွဲကို နိုဝင်ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ ရန်ကုန်မြို့ ရန်ကုန်ယူနိုက်တက် ဘောလုံးအားကစားကွင်းနဲ့ Junction Square တို့မှာ ကျင်းပမှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်အသင်းပေါင်း ၃၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းကို ဆုကြေး ကျပ် ၂၅ သိန်း၊ ဒုတိယရတဲ့အသင်းကို ကျပ် ၁၅ သိန်း၊ တတိယရတဲ့အသင်းကို ကျပ် ၁၀ သိန်း ဆုချီးမြှင့်ပေးမှာဖြစ်ပါတယ်။
ရန်ကုန်မြို့လမ်းမတွေပေါ်မှာ ဘောလုံးကစားရင်း ပရော်ဖက်ရှင်နယ်အဆင့်အထိရောက်ရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင် တောင်ပံကစားသမားမောင်မောင်လွင်ဟာ “Street Football” အားကစားအတွက် စံနမူနာဖြစ်ပြီး Grand Royal Street Football Challenge ပြိုင်ပွဲဝင်ကစားသမား ၂၀၀ နီးပါးထဲကနေ မောင်မောင်လွင်လို ကစားသမားတွေ ပေါ်ထွက်လာဖို့လည်း မျှော်လင့်တယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ဆိုပါတယ်။
“မောင်မောင်လွင်ဟာ ရန်ကုန်မြို့လယ်မှာရှိတဲ့ ပန်းဆိုးတန်း၊ ဘားလမ်း၊ မြို့တော်ခန်းမရှေ့တွေမှာ ဘောလုံးကန်ရင်းနဲ့ ကျွန်တော်တို့အသင်းကို ရောက်ရှိလာပြီး နောက်ဆုံးမှာ မြန်မာ့လက်ရွေးစင်အထိ ဖြစ်သွားတာပါ” လို့ ဟံသာဝတီ ယူနိုက်တက် ဘောလုံးအသင်းရဲ့ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောပါတယ်။
အသက် ၂၂ နှစ်အရွယ် မောင်မောင်လွင်ဟာ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံးကစားသမားတစ် ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဟံသာဝတီယူနိုက်တက်ကနေ ရန်ကုန်ယူနိုက်တက်ကို ပြောင်းရွေ့သွားတဲ့ ကစားသမားဖြစ်ပါတယ်။
ငါးရက်ကြာကျင်းပမယ့် ဒီပြိုင်ပွဲကို စိတ်ဝင်စားတဲ့ အသင်းအရေအတွက် များခဲ့တာကြောင့် ကြိုတင် ကြေညာထားတဲ့ ရက်ထက်စောပြီး စာရင်းပိတ်သိမ်းခဲ့ရသလို လာမယ့် ပြိုင်ပွဲတွေကိုလည်း မြန်မာနိုင်ငံရဲ့ တခြားမြို့တွေမှာ ကျင်းပနိုင်ဖို့ စဉ်းစားနေတယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ဆိုပါတယ်။