ရန်ကုန်၊ မေ ၁၆
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လေ့ကျင့်သင်ကြားရေးကဏ္ဍဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေ အဆင့်မြှင်တင်နိုင်ဖို့ မေ ၃၀ ရက်ကစပြီး ကူညီသွားမယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Jeremy Douglas က အသိပေးလိုက်ပါတယ်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ယနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်သင်ကြားရေးစနစ် သုံးသပ်ခြင်းနှင့် တိုးတက်မှုဆိုင်ရာ အကြံပြုချက် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ သူက ပြောလိုက်တာပါ ဖြစ်ပါတယ်။
“လက်နက်ကိုင်လေ့ကျင့်တာတွေ လျှော့ပြီးတော့ ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေ သင်ကြားပေးဖို့လိုအပ်တယ်” လို့ သူကပြောကြားပါတယ်။
နေ့စဉ်နေ့တိုင်း ပြည်သူတွေကို ပေးရမယ့် ဝန်ဆောင်မှုတွေ၊ သင်တန်းဆိုင်ရာခေါင်းဆောင်မှု အရည်အသွေး၊ မူယစ်ဆေးဝါး၊ လူကုန်ကူး၊ စီးပွားရေး၊ အဂတိလိုက်စားမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စတာတွေနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေကိုလည်း ထည့်သွင်းဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ UNODC ရဲ့ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ ဖြစ်သူ Mr. Troels Vester ကတော့ “သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ရေးဆွဲဖို့ဆိုတာ မြန်မာပြည်မှာ ကျွမ်းကျင်မှုမရှိပါဘူး။ အခြားနိုင်ငံက ကျွမ်းကျင်သူတွေလာပြီးတော့ သင်ရိုးညွှန်းတမ်းကို ပြန်လည်ပြင်ဆင် အဆင့်မြှင့်တင်ဖို့ ရေးဆွဲဖို့ လိုပါတယ်” လို့ ပြောပါတယ်။
အခုလို ကူညီမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေး ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကို လုပ်ငန်းစဉ် ခြောက်ခုနဲ့ နှစ် ၃၀ စီမံကိန်းအဖြစ် ဆောင်ရွက်ဖို့ မျှော်မှန်းထားပါတယ်။ ဥပဒေပိုင်းဆိုင်ရာ၊ မူဘောင်နဲ့ မူဝါဒ မဟာဗျူဟာ ပြုပြင်ပြောင်းလဲမှု၊ ကြီးကြပ် အကောင်အထည်ဖော်မှု၊ တပ်ဖွဲ့ရဲ့ အမည်ကို ပြည်သူ့ဝန်ဆောင်မှုဆန်တဲ့ အမည်ပြောင်းလဲရေး၊ လေ့ကျင့်သင်ကြားရေး၊ လူသစ်စုဆောင်းမှု၊ အရင်းအမြစ်များ စီမံခန့်ခွဲမှု စတာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ UNODC ကဆိုပါတယ်။
လုပ်ငန်းစဉ်များရဲ့ ပထမ ငါးနှစ်တာ စီမံကိန်းကိုတော့ လေ့ကျင့်ရေးဆိုင်ရာ အဆင့်မြှင့်တင်မှု အစီအမံတစ်ခုဖြစ်တဲ့ စုံစမ်းစစ်ဆေးရေးအရာရှိတွေအတွက် သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲခြင်းနဲ့ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒီဇင်ဘာလမကုန်မီ အပြီးသတ်ဖို့ မျှော်မှန်းထားတယ်လို့ Mr. Troels Vester က ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကဒုတိယဌာနကြီးမှူး ရဲမှူးကြီး အောင်ဌေးမြင့်ကတော့ “ ပထမ အချက်အနေနဲ့ ဘယ်လိုသင်ခန်းစာတွေ သင်မလဲ။ ဘယ်သင်ခန်းစာတွေ လျှော့မလဲ၊ ဘာတွေပြင်မလဲ” ဆိုတာက စတင်မယ်လို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ ကျောင်းမှာရှိတဲ့ လူသစ်စုဆောင်းတဲ့စနစ်၊ နည်းပြခန့်အပ်ရွေးချယ်မှုနဲ့ အဲဒီနည်းပြတွေရဲ့ သင်ကြားမှုစွမ်းရည်မြှင့်တင်မှု၊ သင်ထောက်ကူပစ္စည်းတွေမြှင့်တင်မှုစတဲ့ အဆင့်များကို ဆက်လက်အကောင် အထည်ဖော်မယ်လို့ ဆိုပါတယ်။ အစီအစဉ်ကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရဲတပ်ဖွဲ့လေ့ကျင့်ရေးသင်တန်းကျောင်း ခုနစ်ခုလုံးမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
စီမံကိန်းရဲ့ ပထမငါးနှစ် ကုန်ကျစရိတ်အနေနဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၂ သန်းထောက်ပံ့ဖို့ UNODC က အကြမ်းဖျဉ်း လျာထားတယ်လို့လည်း ရဲမှူးကြီးက အသိပေးပါတယ်။ Mr. Troels Vester ကတော့ ရန်ပုံငွေရရှိမှု အသေးစိတ်ပမာဏကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။
“ထိုက်သင့်တဲ့ပမာဏ ကြိုရောက်နေပါပြီ။ လုပ်မယ်ဆိုရင် အချို့ကို အခုစပြီး လုပ်နိုင်ပါပြီ” လို့သူက အခမ်းအနားမှာ ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ ၂၀၁၂ ခုနှစ်အတွင်း ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းမှုကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ကစတင်ပြီး ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လေ့ကျင့်သင်ကြားမှုတွေအတွက် အကူအညီတွေပေးခဲ့ပါတယ်။ယခု UNODC ရဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ အစီရင်ခံစာအတွက် အချက်အလက် စုဆောင်ခြင်းလုပ်ငန်းေတွဟာလည်း ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း