ရဲတပ်ဖွဲ့၏ ပြဿနာဖြေရှင်းပုံများကို အမြန်ဆုံး ပြုပြင်ကြရန် ရဲချုပ်က ပြောကြား

ရန်ကုန်၊ မေ ၂၁

အဓိကရုဏ်း နှိမ်နှင်းရေးများအပါအဝင် မကြာခဏ ဝေဖန်ခံနေရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြသနာများအပေါ် ကိုင်တွယ် ဖြေရှင်းပုံများကို အမြန်ဆုံး ပြုပြင်ရန် ရဲချုပ်က သူ၏တပ်ဖွဲ့ဝင်များကို တိုက်တွန်းလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မေ၂၁ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ဝန်ဆောင်မှုရှေးရှုသော ရဲလုပ်ငန်းစနစ်ဆိုင်ရာ ရှင်းလင်းပွဲတွင် ရဲချုပ်ဇော်ဝင်းက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မကြာခဏ ဝေဖန်ခံနေရသည့် ရဲတပ်ဖွဲ့၏ အဓိကရုဏ်း နှိမ်နှင်းရေးကို ရဲချုပ်ကထောက်ပြခဲ့ပြီး ဆန္ဒပြသူများအား ရိုက်နှက်ကာ လူစုခွဲ ဖြိုခွဲခြင်းထက် ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေကြရန်လည်း သတိပေးခဲ့သည်။

ဆန္ဒပြလူအုပ်နှင့် ထိပ်တိုက်တွေ့မည့် အဓိကရုဏ်း နှိမ်နှင်းရေးရဲများကို အခင်းဖြစ်ပွားရာသို့ စေလွတ်ရာတွင် ပြသနာကို ပိုမိုကြီးထွားသွားစေနိုင်သည့်သူများကို စေလွတ်ခြင်းမပြုဘဲ စေ့စပ်ဆွေးနွေးနိုင်သည့်သူများကို ရွေးချယ်စေလွှတ်ရန် ၎င်းက ရဲအရာရှိများကို သတိပေးခဲ့သည်။

“(ဆန္ဒပြပွဲတွေဆီကို သွားတဲ့အဖွဲ့မှာ) ထစ်ကနဲဆို ရိုက်ချင်တဲ့သူ ထည့်ပေးလို့ မရဘူး။ ထစ်ကနဲဆို ပစ်ချင်တဲ့သူကို သေနတ်ပေးလို့ မရဘူး”ဟု ရဲချုပ်ဇော်ဝင်းက ပြောသည်။

အင်အားအလွန်အကျွံ အသုံးပြုခြင်း၏ အခြားတစ်ဘက်တွင်လည်း အဓိကရုဏ်းများတွင် နှိမ်နှင်းရာတွင် ရဲတပ်ဖွဲ့ဝင်များက ရပ်ကြည့်နေသည်ဆိုသည့် ဝေဖန်မှုများကိုလည်း ကိုင်တွယ်ဖြေရှင်းရန် ရဲချုပ်က တိုက်တွန်းခဲ့သည်။

လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အိမ်ခြေထောင်နှင့်ချီ ပျက်စီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ မိထ္ထီလာအရေးအခင်းတွင် ရဲတပ်ဖွဲ့ဝင်များက အဓိကရုဏ်းများကို ဝင်ရောက်တားဆီးခြင်းမရှိဟု ဝေဖန်ခံနေရမှုများကို ရဲချုပ်က ထောက်ပြခဲ့သည်။

“ကိုယ့်ရှေ့မှာ လူတယောက်ကို တယောက် သတ်နေတာ ဘာအထက်အမိန့်မှမလိုဘူး”ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့သည် ကိုင်တွယ်ရခက်ခဲသည့် သြင်္ကန်ကာလအတွင်းတွင် အများပြည်သူအား အကူအညီပေးသည့်ပုံစံဖြင့် လူထုထောက်ခံမှုရအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ အဆိုပါပုံစံကောင်းများကို ဆက်လက်ထိန်းသိမ်းရန်လိုကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar