ရေအားလျှပ်စစ် ပြန်လာပြီ

နာမည်ကြီးလူသိများသော သဘာဝဓာတ်ငွေ့ လောင်စာသုံး လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများအကြောင်း ယခုနှစ်အစောပိုင်းက ထုတ်ပြန် ကြေငြာခဲ့ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆည်ကြီးများ တည်ဆောက်၍ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းများဘက်သို့ ဦးလှည့်လာသည်။ စီမံကိန်းအများစုကို အနောက်နိုင်ငံများမှ ကုမ္ပဏီများဖြင့် တည်ဆောက်မည်ဖြစ်သည်။

သောမတ်စ် ကင်းန် ရေးသားသည်။

ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့က နေပြည်တော်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဋ္ဌာနနှင့် Great Hor Kham Public Co., Ltd တို့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ်ပေါ ရေအားလျှပ်စစ်စီမံကိန်းအတွက် စွမ်းအင်ဝယ်ယူရေးဆိုင်ရာ သဘောတူ စာချုပ်တစ်ခုကို အခမ်းအနားဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုလက်မှတ်ထိုးပွဲကို သတင်းမီဒီယာအများစုက သတိမပြုမိလိုက်ကြပေ။ စီမံကိန်းက ၂၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည့် စီမံကိန်းလေးသာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးမြင့်လာသည့် လျှပ်စစ်လိုအင်ကို ဖြည့်ဆည်းနိုင်ရေးအတွက် တစ်နှစ်လျှင် မဂ္ဂါဝပ် ၃၀၀ ခန့် တိုး၍ လိုအပ်နေသည်။ နမ်ပေါ ရေအားလျှပ်စစ် စီမံကိန်းသည် မူဆယ်မြို့နယ်အတွင်းမှ အိမ်ထောင်စု ၄၀,၀၀၀ ကျော်ကို မီးလင်းစေနိုင်မည် ဖြစ်သော်လည်း၊ နိုင်ငံ၏ လိုအင်နှင့်ယှဉ်လိုက်လျှင် ကဗျာဆန်ဆန် ဆိုရသော် သမုဒ္ဒရာထဲက ရေတစ်ပေါက်မျှသာ ဖြစ်ပေသည်။ သေးငယ်လင့်ကစား ဤသဘောတူညီချက်မှာ အလွန်အရေးပါသည့် လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ အကြောင်းမှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် NLD အစိုးရတက်လာသည့်အချိန်မှစ၍ ပထမဆုံး လက်မှတ်ထိုးဖြစ်သော စွမ်းအင်ဝယ်ယူရေး သဘောတူစာချုပ် (PPA) ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် လူအများ သိပ်မသိစေချင်သော အခြားအကြောင်းကလည်း ရှိသေးသည်။ လွန်ခဲ့သည့် ခုနစ်နှစ်လုံးလုံး ရေအားလျှပ်စစ်ဟူသည့် အသံကြားလိုက်လျှင် ငရဲခံနေရသော ပေါ်လစီတစ်ခုကဲ့သို့ ရှုမြင်နေခဲ့ကြသည်။ တရုတ် အကူအညီနှင့် တည်ဆောက်နေသည့် မြစ်ဆုံရေကာတာနှင့် ရေအားလျှပ်စစ် စီမံကိန်းကြီးကို ရပ်တန့်ထားရန် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် သမ္မတဦးသိန်းစိန်က ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတွင် ရေအားလျှပ်စစ်နှင့် ပတ်သက်၍ တိုးတက်မှု မယ်မယ်ရရ မရှိခဲ့ချေ။ အစိုးရအနေဖြင့်လည်း အငြင်းပွားဖွယ်ဖြစ်နေသော စီမံကိန်းများကိ ုအသာထား၍ ရေအားလျှပ်စစ်နှင့် ပတ်သက်ပြီး အစိုးရ၏ စိတ်ဆန္ဒမှာလည်း မသေချာ မရေရာဖြစ်နေခဲ့သည်။ နမ်ပေါ စီမံကိန်းနှင့် စလိုက်ခြင်းဖြစ်သည်။ ဇူလိုင် ၁၂ ရက်နေ့တွင်မူ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ချီဘွေငယ် လျှပ်စစ်စွမ်းအင်ကုမ္ပဏီနှင့် လျှပ်စစ်ဝယ်ယူရေး PPA သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ မြစ်ကြီးနားမြို့ကို လျှပ်စစ်ဓာတ်အားပေးမည့် ကချင်ပြည်နယ်မှ ချီဘွေငယ် ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ ထိုစီမံကိန်းအတွက် စာချုပ်လက်မှတ် ရေးထိုးကြခြင်းဖြစ်သည်။

နောက်ထပ် ရေအားလျှပ်စစ်စီမံကိန်းများ ထပ်လာဦးမည်ဖြစ်သည်။ စုစုပေါင်း မဂ္ဂါဝပ် ၃,၀၀၀ မှ ၄,၀၀၀ အထိရှိမည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုခန့် တည်ဆောက်ရန်အတွက် အနောက်နိုင်ငံများ ဖြစ်ကြသော ပြင်သစ်၊ နော်ဝေ၊ ဗြိတိန်နှင့် သြစတြီးယားနိုင်ငံများမှ ကုမ္ပဏီများနှင့် ငွေရေးကြေးရေး သဘောတူညီချက်များကို ဝန်ကြီးဌာနက ဆွေးနွေးလျက်ရှိသည်။ ၎င်းကုမ္ပဏီလေးငါးခုက ဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ အတော်အတန် ခရီးရောက်နေပြီဖြစ်ကြောင်း Frontier ကို အတည်ပြု ပြောကြားခဲ့ကြသည်။

“လူသိရှင်ကြား ထုတ်ဖော်ကြေငြာတာ သိပ်မရှိပေမယ့် ရေအားလျှပ်စစ်ကဏ္ဍကို တွန်းအားပေး လုပ်နေတယ်ဆိုတာကတော့ ရှင်းပါတယ်။ ရေအားလျှပ်စစ် စီမံကိန်း သုံးလေးခုအတွက် အလေးအနက်ထား ဆွေးနွေးနေတယ်။ မကြာမီ စတင်လုပ်ကိုင်ကြတော့မယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကလည်း ရေအားလျှပ်စစ် စီမံကိန်းတွေအတွက် ပတ်ဝန်းကျင်နဲ့ လူမှုရေး သက်ရောက်မှုတွေကို သုံးသပ်မှု လုပ်နေပါတယ်” ဟု Myanmar Energy Monitor မှ သုတေသန ညွှန်ကြားရေးမှူး Mr. Jermy Mullins ကပြောကြားသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကမူ တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆိုသည်။

စီမံကိန်းလုပ်ကိုင်မည့် ကုမ္ပဏီများကို အကြံပေးနေသော VDB Loi အတိုင်ပင်ခံကုမ္ပဏီမှ အထက်တန်းအရာရှိ Mr. Edwin Vanderbruggen က “စီမံကိန်း နှစ်ခုအတွက် ညှိနှိုင်းမှုတွေက အတော်ခရီးရောက်နေပါပြီ။ နောက် နှစ်ခုကလဲ သိပ်မကြာတော့ပါဘူး။ ကပ်လိုက်လာနေပါပြီ” ဟု Frontier ကိုပြောသည်။ “လူတွေထင်တာထက်တောင် ကျွန်တော်တို့က ပိုမြန်နေတယ်” ဟုလည်း ၎င်းကပြောသည်။

အရှိန်အဟုန်သစ်

မြန်မာနိုင်ငံတွင် ယခင်ကလည်း ရေအားလျှပ်စစ်စက်ရုံများ ရှိခဲ့သည်။

သို့သော် ယခုတည်ဆောက်မည့် ပုံစံမျိုးတော့ မရှိသေးချေ။ လက်ရှိတွင် တန်းစီနေသည့် စီမံကိန်းများတွင် တူညီသည့် ဝိသေသလက္ခဏာများ ရှိနေကြသည်။ အားလုံးသည် အသေးစားနှင့် အလတ်စား အရွယ်အစားများဖြစ်ကြပြီး ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်တို့ကဲ့သို့ ပင်မ မြစ်ကြီးများပေါ်တွင် မဟုတ်ကြချေ။ တည်ဆောက်မည့် ကုမ္ပဏီများအားလုံးသည် အနောက်နိုင်ငံများမှ ဖြစ်ကြပြီး ရေအားလျှပ်စစ်တွင် အတွေ့အကြုံ ပြည့်ဝပြီး ကုမ္ပဏီများဖြစ်သည်။ ကုမ္ပဏီအားလုံးက လျှပ်စစ်ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ထိုးထားကြပြီးဖြစ်သည်။

၎င်းတို့ထဲတွင် Electricite de France (ရွှေလီ – ၃၊ ၁,၀၅၀ မဂ္ဂါဝပ်)၊ SN Power of Norway (အလယ်ရဲရွာ၊ ၇၀၀ မဂ္ဂါဝပ်)၊ Andritz of Austria (ဒီးဒုတ်၊ ၆၀ မဂ္ဂါဝပ်)၊ Energize Myanmar of Singapore (အလယ်ပေါင်းလောင်း၊ ၁၅၂ မဂ္ဂါဝပ်)၊  Engie Glow of France (လေးမြို့၊ ၆၀၀ မဂ္ဂါဝပ်)၊ ယခုအချိန်ထိ အစိုးရပိုင်ဖြစ်သော်လည်း တင်ဒါခေါ်ထားရာ အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်အဖြစ် ဆက်လက် လုပ်ဆောင်မည်ဟု ယူဆရသည့် (အထက်ရဲရွာ၊ ၂၈၀ မဂ္ဂါဝပ်) တို့ဖြစ်ကြသည်။ ထို MOU အများစုမှာ လွန်ခဲ့သည့် သုံးလေးနှစ် အချိန်၊ အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ချိန်၊ တရုတ်မြန်မာ ဆက်ဆံရေးလည်း သွေးအေးသွားချိန်များက လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုသက်ရောက်မှုများအတွက်လည်း အလေးထား စဉ်းစားလာချိန်တွင် အနောက်နိုင်ငံကုမ္ပဏီများနှင့် ဆက်သွယ် လုပ်ကိုင်လာခဲ့ကြခြင်းဖြစ်သည်။

“ရေအားလျှပ်စစ် စီမံကိန်းတွေကိုတော့ အနောက်နိုင်ငံက ကုမ္ပဏီတွေနဲ့ပဲ ရှေ့လျှောက်တည်ဆောက် အကောင်အထည် ဖော်တော့မည့် အလားအလာ ရှိပါတယ်။ ဆောက်လုပ်မှု အရည်အသွေးရော၊ ငွေကြေးအထောက်အပံ့ပါ စိတ်ချရတဲ့ နိုင်ငံတကာအဆင့်မီ ကုမ္ပဏီတွေနဲ့သာ ကျွန်တော်တို့ လုပ်ကိုင်လိုပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီးဦးမော်သာထွေးက ၂၀၁၄ ခုနှစ်တွင် ပြောကြားခဲ့ဖူးသည်။ နောက်ကွယ်တွင် လုပ်ငန်းအချို့ကို ဆက်လက်လုပ်ကိုင်နေခဲ့သော်လည်း စွမ်းအင်စီမံကိန်းနှင့် ပတ်သက်၍ အစိုးရက မဆုံးဖြတ်နိုင်သေးခြင်းနှင့် အထူးသဖြင့် ရေအားလျှပ်စစ်နှင့် ပတ်သက်၍ ပြတ်သားသော မူဝါဒလမ်းညွှန်ချက် မရှိခြင်းတို့ကြောင့် စီမံကိန်းအတော်များများမှာ မတင်မကျ ရှိနေခဲ့သည်။ စွမ်းအင်စီမံချက်တွင် ရေအားလျှပ်စစ်က မည်သိအတိုင်းအတာအထိ နေရာယူမည်ဆိုသည်နှင့် ပတ်သက်၍မူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတွင်ပါ ရောရောထွေးထွေး၊ ဝေဝေဝါးဝါဒ လက္ခဏာများသာ ပြသခဲ့ကြသည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ဦးဝင်းခိုင်ကို ခန့်အပ်တာဝန်ပေးလိုက်ခြင်းကြောင့် စွမ်းအင်ကဏ္ဍတွင် အခြေအနေကို ပြောင်းလဲသွားစေခဲ့သည်။ ဦးဝင်းခိုင်က နိုင်ငံ၏ ရေတိုနှင့်ရေလတ် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်အောင် ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် အချို့ကိစ္စများကို ပြတ်ပြတ်သားသား ဆုံးဖြတ်၍ စလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း မဆိုင်းမတွပင် ကြေညာလိုက်သည်။ သဘာဝဓာတ်ငွေ့ရည် (LNG) သုံးစီမံကိန်း နှစ်ခုအပါအဝင် ဓာတ်ငွေ့သုံး စီမံကိန်း လေးခု (စုစုပေါင်း ၃,၀၀၀ မဂ္ဂါဝပ်) အတွက် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ကုန်ကျမည့် တင်ဒါများကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအချိန်တွင် စီမံကိန်းလုပ်ကိုင်ကြမည့် ကုမ္ပဏီများထံမှ အဆိုပြုထားသော အဖိုးနှုန်းထားများကို ဝန်ကြီးဌာနက လေ့လာ သုံးသပ်နေသည်။ ပြီးခဲ့သည့်  ခြောက်လအတွင်း ရေအားလျှပ်စစ်ဝယ်ယူရေး PPA နှင့် ပတ်သက်၍ လေးစားလောက်သည့် တိုးတက်မှုများ ရှိခဲ့သည်ဟု Vanderbruggen က ပြောသည်။

အစိုးရက ဈေးနှုန်းအသက်သာဆုံးကိုသာ ရှာဖွေနေသောကြောင့် ငွေရေးကြေးရေးတွင် အထစ်အငေ့ါတစ်ချို့ ရှိနေနိုင်သော်လည်း ဥပဒေရေးရာကိစ္စရပ်တွင် နှစ်ဖက်အကြား အရေးကြီးသည့် ကွဲပြားခြားနားနေမှုများ ရှိမနေဟု ဆိုသည်။

အရေးပါသည့် ဖြစ်ပေါ်တိုးတက်မှုတစ်ခုမှာ ကမ္ဘာ့ဘဏ်အုပ်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) က ရေအားလျှပ်စစ်စီမံကိန်းများအတွက် PPA နှင့် သဘောတူခွင့်ပြုချက်ပုံစံကို ရေးဆွဲပြီးစီးခဲ့ခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍ၌ ုပြည်ပရင်းနှီးမြုပ်နှံမှု မရှိသလောက်ပင်ဖြစ်ရာ PPA နှင့် သဘောတူခွင့်ပြုချက် ကဲ့သို့သော စီမံကိန်းပုံစံများလည်း မရှိခဲ့ဖူးပေ။ ထိုစာချုပ်စာတမ်းများသည် စီမံကိန်းကို တာဝန်ယူလုပ်ကိုင်သော ကုမ္ပဏီများအနေနှင့် ဖွံ့ဖြိုးရေးဘဏ် (သို့) စီးပွားရေးဘဏ်များထံမှ ငွေကြေးရယူ အသုံးပြုနိုင်လောက်အောင် ခိုင်မာမှုရှိရန် လိုအပ်ပေသည်။ ထိုကိစ္စကို သီးခြားကိစ္စရပ်များအဖြစ်သာ ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ သို့ရာတွင် IFC က ပြုစုရေးသားသော ပုံစံသည် နောင်အနာဂတ် စီမံကိန်းများအတွက် စံသတ်မှတ်ပုံစံ ဖြစ်လာနိုင်ပေသည်။

စီမံကိန်း လုပ်ဆောင်မည့်သူများနှင့် တွေ့ဆုံခြင်း

တာဝန်ခံတည်ဆောက်မည့် ကုမ္ပဏီများထဲတွင် Energize Myanmar ကတော့ တမူထူးခြားသည်။ ထိုကုမ္ပဏီသည် လျှပ်စစ်ဆို၍ တစ်မဂ္ဂါဝပ်ပင် ထုတ်လုပ်ခဲ့ဖူးသူ မဟုတ်ပေ။ စင်ကာပူ၌ မှတ်ပုံတင်ထားသော်လည်း ထိပ်ပိုင်း စီမံခန့်ခွဲသူအများစုမှာ ဥရောပနိုင်ငံများမှ ဖြစ်ကြသည်။ သို့သော် မြန်မာနိုင်ငံအတွက် ကုမ္ပဏီ သီးသန့် ထူထောင်ထားခြင်း ဖြစ်သည်။ Mr. Billy Harkin သည် Energize ကုမ္ပဏီ၏ သြဇာတိက္ကမရှိသော၊ တက်ကြွသော ဥက္ကဋ္ဌဖြစ်သည်။ ရန်ကုန်ရှိ ဟိုတယ်တစ်ခုတွင် နံနက်စာစားရင်း သူနှင့် တွေ့ဆုံစကားပြောဆိုကြည့်စဉ် သူက Energize ကုမ္ပဏီတွင် အလယ်ပေါင်းလောင်းစီမံကိန်းကို အောင်မြင်ပြီးစီးအောင် ဆောင်ရွက်နိုင်ရန် အတွေ့အကြုံရော၊ ငွေကြေးပါမရှိဟု ပြောဆိုမှုများကို အလျင်အမြန်ပင် ပယ်ချလိုက်သည်။

img_7622.jpg

Mr. Billy Harkin သည် Energize ကုမ္ပဏီ၏ သြဇာတိက္ကမရှိသော၊ တက်ကြွသော ဥက္ကဋ္ဌဖြစ်သည်။  ဓာတ်ပုံ-သောမတ်စ်ကင်းန်

Mr. Billy Harkin သည် Energize ကုမ္ပဏီ၏ သြဇာတိက္ကမရှိသော၊ တက်ကြွသော ဥက္ကဋ္ဌဖြစ်သည်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

“လူတွေ ကျွန်တော်တို့ကို လျှော့တွက်ကြတာကို ကျွန်တော်တော့ သိပ်ဝမ်းသာတယ်။ သူတို့ ဘယ်လိုထင်ထင် ကျွန်တော် ဂရုမစိုက်ဘူး။ နိုင်ငံတကာက ငွေကြေးထောက်ပံ့ပေးမယ့်သူတွေကိုပဲ ဂရုစိုက်တယ်။ အရေးကြီးတာက သူတို့ပဲ။ သူတို့က ကျွန်တော်တို့ကို ယုံကြည်စိတ်ချရတယ်လို့ ယူဆကြရဲ့လား၊ ဒါပဲ ရေးကြီးတယ်” ဟု ၎င်းကပြောသည်။

စက်တပ်ဆင်စွမ်းအား ၁၅၂ မဂ္ဂါဝပ်ရှိမည့် အလယ်ပေါင်းလောင်း စီမံကိန်းသည် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၅၀၀ ဂစ်ဂါဝပ်နာရီ ထုတ်လုပ်ပေးမည်ဖြစ်သည်။ Harkin ၏ အပြောအရဆိုလျှင် အခြားစီမံကိန်းများထက် စောစီးစွာ သုံးနှစ်လေးနှစ်အတွင်း ပြီးစီးနိုင်သည်ဟုဆိုသည့် အကြောင်းမှာ အလယ်ပေါင်းလောင်း စီမံကိန်းကို (Run- of- river project) မြစ်ရေစီးအားကိုယူ၍ တည်ဆောက်ရန် ဒီဇိုင်းဖော်ထားသောကြောင့် ဖြစ်သည်။

ကိုယ်ပိုင်ရေလှောင်တမံကြီး တည်ဆောက်၍ ရေထုထည်ပမာဏ ကြီးမားစွာ သိုလှောင်ထားစရာမလိုဘဲ ၎င်း၏အထက် မြစ်ညာပိုင်းရှိ အထက်ပေါင်းလောင်း စီမံကိန်းမှ စီးကျလာမည့်ရေများကို ကုန်းပိုးစီး (piggy back) သလို ထိရောက်စွာ အသုံးချသွားမည့် စီမံကိန်းဖြစ်သည်။ အထက်ပေါင်းလောင်းတာတမံဆည်မှ လျှပ်စစ်ထုတ်ရန် ဖွင့်ချလိုက်သော ရေများကို အလယ်ပေါင်းလောင်း စီမံကိန်းကလည်း ထိရောက်စွာ အသုံးချ၍ ထပ်မံ လျှပ်စစ်ထုတ်ယူမည် ဖြစ်သည်။ ထို့နောက်မှသာ ပေါင်းလောင်းရေတို့သည် စစ်တောင်းမြစ်ထဲသို့ စီးဝင်မည်ဖြစ်သည်။

“ESIA ရဲ့ ရှုထောင့်အမြင်အရ ပြောရရင် ကျွန်တော်တို့ အလယ်ပေါင်းလောင်းစီမံကိန်းဟာ မြန်မာနိုင်ငံမှာ လုပ်ခဲ့သမျှ ရေအားလျှပ်စစ်စီမံကိန်းတွေထဲမှာ ချစ်စရာအကောင်းဆုံး စီမံကိန်းလို့ ဆိုစမှတ်ပြုကြပါတယ်။ သူတို့ဆိုလိုတာက ကျွန်တော်တို့ဟာ ဘယ်သူ့ကိုမှ ပြောင်းဖို့ရွှေ့ဖို့ မတောင်းဆိုဘူး။ ဘယ်လို ပတ်ဝန်းကျင် ထိခိုက်မယ့် ပြဿနာမှလည်း မရှိဘူး။ ဒီပြဿနာတွေ ကြီးမားလွန်းလို့ စီမံကိန်းကို ပယ်ဖျက်လိုက်ရမယ့် အဖြစ်မျိုးနဲ့လည်း မတွေ့ကြုံနိုင်ဘူးလို့ ဆိုလိုတာပါ” ဟု Harkin က ပြောသည်။

ထို့ပြင် စီမံကိန်းဧရိယာကလည်း တိုက်ခိုက်မှုများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသော ဒေသလည်း မဟုတ်ချေ။ ဗို့အားမြင့် ဓာတ်အားပို့လွှတ်ရေးလိုင်း (High-Voltage transmission Line) ၃၀ ကီလိုမီတာသာ လိုအပ်သည်။ နိုင်ငံတကာတွင် လေးစားခြင်း ခံရသော ပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ Environmental Resources Management ကလည်း ESIA ဆန်းစစ်မှုလုပ်ငန်းများ လုပ်ဆောင်ပြီးစီးပြီဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံမှ AF Consultant က ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု Feasibility Study ဆောင်ရွက်ပြီးဖြစ်ကာ Energize Myanmar ကို ဥရောပဖွံ့ဖြိုးရေးဘဏ် သုံးခု၊ ဂျာမဏီနှင့် ဗြိတိန်တို့မှ ကူးသန်းရောင်းဝယ်ရေးဘဏ်များက ငွေကြေးထောက်ပံ့ရန် သဘောတူပြီးဖြစ်သည်။ ကုမ္ပဏီက အင်ဂျင်နီယာလုပ်ငန်း၊ ပစ္စည်းဝယ်ယူရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် EPC Contractor အဖြစ် လက်ရွေးစင် အဆိုပြုကုမ္ပဏီ ငါးခုထဲမှ စိတ်ကြိုက်ရွေးချယ်နိုင်ရန် လုပ်ကိုင်နေပြီဟု Harkin က ပြောသည်။

သို့သော် Energize Myanmar အတွက် ရှေ့တိုး၍ မရနိုင်သေးသည့် တစ်ခုတည်းသောကိစ္စမှာ PPA ညှိနှိုင်းမှုနှင့် လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ်ပင် ဖြစ်သည်။ IFC မူကြမ်းမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထဲတွင်ရှိနေပြီး စီးပွားရေးကော်မတီ၊ ရှေ့နေချုပ်ရုံးနှင့် လွှတ်တော်တို့၏ သဘောတူခွင့်ပြုချက်တို့အား စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

“နောက်ရင်ဆိုင်ရဦးမယ့် စိန်ခေါ်မှုတွေကတော့ ဒီလုပ်ငန်းစဉ်တွေဟာ အချိန်ဘယ်လောက် ယူကြဦးမှာလဲ။ မြန်လေ ကောင်းလေပါဘဲ။ ဘာကြောင့်လဲဆိုတော့ ဒါမှ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေက ဝင်လာနိုင်မှာလေ၊ ဒါပေမယ့် မြန်မာဘက်က မျှတအောင်တော့ ချိန်တတ်ဖို့ လိုတယ်။ အစိုးရက လျှပ်စစ်ကို တန်ရာတန်ကြေး ပေးဝယ်မှ ဒေါ်လာတွေ ဘီလျံနဲ့ချီပြီး နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာမှာ” ဟု Harkin က ပြောသည်။

“ဒါပေမယ့် သိပ်အများကြီး ပေးရမယ်လို့ မပြောပါဘူး။ လျှပ်စစ်က သိပ်ဈေးကြီးလွန်းနေရင်လည်း သုံးစွဲရမယ့် မြန်မာ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေမှာ ဝန်ထုတ်ဝန်ပိုးတွေ ပိနေမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အလယ်ပေါင်းလောင်းစီမံကိန်းသည် မြန်မာ့ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် လုပ်နည်းကိုင်နည်း အပြောင်းအလဲကြီးတစ်ရပ် ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။ “လျှပ်စစ်ကို ဘေးရန်ကင်းကင်း၊ စိတ်ချလက်ချ၊ တာဝန်သိသိ ထုတ်လုပ်နိုင်တယ်ဆိုတာ စံပြဖြစ်ချင်တာပါ။ ဒါမှ ကမ္ဘာ့ဘဏ်နှင့် အခြားသူတွေ ယုံကြညိထားတဲ့အတိုင်း ၂၀၃၀ လောက်မှာ မြန်မာက လိုအပ်လာမယ့် စွမ်းအင်အတွက် ရင်းနှီးမြုပ်နှံမှု ဒေါ်လာဘီလျံ ၄၀ လောက်ကို ဝင်လာချင်အောင် ဆွဲဆောင်နိုင်မှာပါ” ဟု ၎င်းကဆိုသည်။

ရွှေလီ – ၃ စီမံကိန်းကမူ အခြားစီမံကိန်းများနှင့် မတူသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၎င်းကို လုပ်ဆောင်မည့် Electricite de France ကုမ္ပဏီကလည်း ထူးခြားသည့် ကုမ္ပဏီတစ်ခုပင် ဖြစ်သည်။ ကုမ္ပဏီရှယ်ယာအများစုကို ပြင်သစ်အစိုးရက ပိုင်ဆိုင်ထားသည်။ ကမ္ဘာအနှံ့ တပ်ဆင်ထားသော ထုတ်လုပ်နိုင်စွမ်းအား ၁၂၀ ဂစ်ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်လုပ်ငန်းတွင် နှစ်ပေါင်း ၆၀ ကျော် အတွေ့အကြုံရှိထားသည်။ ရေအားလျှပ်စစ်စက်ရုံ ၄၃၀ ကျော် တည်ဆောက်ထားရာ ၎င်းတို့၏ စုစုပေါင်း စက်တပ်ဆင်စွမ်းအား ၁၇ ရာခိုင်နှုန်းမှာ ရေအားလျှပ်စစ်မှ ဖြစ်သည်။

ရွှေလီ-၃ က ၁,၀၅၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံရှိ လက်ရှိ ရေအားလျှပ်စစ်စက်ရုံ အားလုံးထက် ကြီးမားသည်။ ထို့ပြင် တည်ဆောက်မည့်နေရာမှာ ရှမ်းပြည်တပ်မတော် (မြောက်)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့ ထိန်းချုပ်ရာ ပဋိပက္ခနယ်မြေအတွင်း ရှိနေသည်။

ထို့ပြင် ရွှေ့ပြောင်းပေးရမည့် အိမ်ထောင်စုအရေအတွက်ကလည်း ထူးခြားများပြားလှသည်။ အိမ်ထောင်စုပေါင်း ၂၀၀၀ ခန့်ကို ပြောင်းရွှေ့ နေရာချထားပေးရန် ရှိသည်။ အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ရာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအထိ ၁၁ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးကိုဖြတ်၍ ဗို့အားမြင့် ဓာတ်အားလိုင်း ကီလိုမီတာ ရာပေါင်းများစွာ သွယ်တန်းပေးရန်လည်း လိုအပ်မည်ဖြစ်သည်။ လျှပ်စစ်လောကမှ လေ့လာသူတစ်ဦး၏ လျော့လျော့ပေါ့ပေါ့ မှတ်ချက်စကားအတိုင်း ပြောရလျှင် “အလွန်ရှုပ်ထွေးတဲ့ အခြေအနေပါဗျ” ဟုပင် ဖြစ်သည်။

သို့သော် ထိုမျှလောက်ဖြင့် Electricite de France က နောက်တွန့် မသွားခဲ့ချေ။ ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးရေး ညွှန်ကြားရေးမှူး Mr. Yacine Chouabia က “ပတ်ဝန်းကျင်နဲ့ လူမှုရေးအပေါ် သက်ရောက်မှုတွေကသာ ရွှေလီ- ၃ အောင်မြင်ရေးအတွက် အရေးကြီးပါတယ်” ဟု ဆိုသည်။

စီမံကိန်း၏ ဒီဇိုင်းကို အသင့်မြတ်ဆုံး ဖြစ်အောင် လုပ်ကိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် စီမံကိန်း၏ အရွယ်အစားကို သိသိသာသာ လျှော့ချလိုက်ခြင်းပင် ဖြစ်သည်။ ကျွန်တော်နှင့် စကားပြောနေစဉ် Chouabia က သောက်ရေထည့်ထားသည့် ဖန်ခွက်တစ်ခုကို ကောက်ကိုင်လိုက်သည်။ “ရွှေလီမြစ်ထဲ စီးဆင်းလာမယ့်ရေတွေက ဒီဖန်ခွက်ရဲ့ သုံးပုံနှစ်ပုံကိုပဲ ပြည့်နိုင်မယ်ဆိုရင် ဘာဖြစ်လို့ ဒီဖန်ခွက်ကို အမြင့်ကြီး ဆောက်တော့မှာလဲဗျ။ ဒီလို သုံးသပ် ဆုံးဖြတ်မှု လုပ်ဖို့ဆိုတာကလည်း နောက်ထပ် အချက်အလက်တွေ၊ နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်နိုင်မှုအပေါ်မှာ မူတည်မှာပါ” ဟု Chouabia ကပြောသည်။

“ရေအားလျှပ်စစ် စွမ်းအင်ကဏ္ဍ၌ အတွေ့အကြုံများစွာ ရှိထားတာကြောင့် စီမံကိန်း ကန့်သတ်ချက်ဘောင်များဖြစ်တဲ့ အရွယ်အစားနဲ့ တပ်ဆင်စက်စွမ်းအားတွေကို အသင့်မြတ်ဆုံးဖြစ်အောင် ပုံဖော်ပြီး အကုန်အကျ သက်သက်သာသာ၊ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းအပေါ်မှာလည်း ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ လုပ်နိုင်တယ်လို့ ယုံကြည်ထားပါတယ်” ဟု ၎င်းက ပြောသည်။

“စီမံကိန်းက အခု ဝန်ကြီးဌာန လက်ထဲမှာပါ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လိုအပ်တာတွေ စဝင်လုပ်ဖို့ အဆင်သင့်ဘဲ။ ဘယ်ချိန်ဝင်ရတော့မယ်လို့ အစိုးရဆီက မီးစိမ်းပြတာကိုဘဲ စောင့်နေတယ်” ဟုလည်း ၎င်းက ပြောသည်။ ရေအားလျှပ်စစ်၌ ပါဝင်လုပ်ကိုင်ကြသော ပြည်တွင်းကုမ္ပဏီများတွင် ရွှေတောင်အုပ်စုက ထိပ်ဆုံးမှ ဖြစ်သည်။ ရွှေတောင်က ကယားပြည်နယ်တွင် ဘီလူးချောင်း-၃ (၅၂ မဂ္ဂါဝပ်) စီမံကိန်းကို လုပ်ကိုင်နေပြီး ဒီးဒုတ်ကုမ္ပဏီအုပ်စုတွင် Andritz ကုမ္ပဏီနှင့် ဂျပန်နိုင်ငံ Kansai ကုမ္ပဏီတို့နှင့်အတူ ပါဝင်လုပ်ကိုင်လျက်ရှိသည်။ အထက်ရဲရွာ စီမံကိန်းအတွက်လည်း အဆိုပြုထားရာ ဦးစားပေး ရွေးချယ်ခံရဖွယ် ရှိနေသည်။

“ဒီစီမံကိန်း ကျွန်တော်တို့ ရပြီလို့ မဆိုနိုင်သေးပါဘူး။ ကျွန်တော်တို့ အဆိုပြုလွှာ ရွေးချယ်ခံရတယ်လို့ အစိုးရဆီက တရားဝင် အကြောင်းကြားစာတော့ လက်ခံရပါပြီ။ ဒါပေမယ့် ဆွေးနွေးမှု၊ ညှိနှိုင်းမှုတွေ အများကြီး လုပ်ရဦးမှာပါ” ဟု ရွှေတောင်အုပ်စု၏ အမှုဆောင်အရာရှိချုပ် ဦးအောင်ဇော်နိုင်က အထက်ရဲရွာစီမံကိန်းနှင့် ပတ်သက်ပြီး Frontier ကိုပြောသည်။

ရေအားလျှပ်စစ် ထုတ်လုပ်သည့် လုပ်ငန်းရှင်များအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သူ ဦးအောင်ဇော်နိုင်က ဤကဏ္ဍတွင် အပေါင်းလက္ခဏာဆောင်သည့် လှုပ်ရှားမှု အရှိန်အဟုန်များ မြင်တွေ့နေရကြောင်း မကြာမီက Great Hor Kham ကုမ္ပဏီနှင့် PPA လက်မှတ်ရေးထိုးခဲ့မှုကို ဥပမာပြ၍ ပြောကြားသည်။

“ဒါဟာ အစိုးရက ဒီဘက်မှာ ရှေ့ဆက်လုပ်ဖို့ ဆန္ဒရှိနေတယ်ဆိုတာကို ထင်ထင်ရှားရှား ပြလိုက်တာပဲ” ဟု ၎င်းကဆိုသည်။ ရေအားလျှပ်စစ်သည် ရေလတ်နှင့် ရေရှည်တွင် စဉ်ဆက်မပြတ် ရှင်သန်နေနိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည်။ ထိုစီမံကိန်းများသည် နိုင်ငံ့စီးပွားရေးအတွက် အလွန်အဖိုးတန်လှသည်။ လျှပ်စစ်ကို သင့်တော်သော ဈေးနှုန်းဖြင့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ အခြားအာဆီယံနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည့် အားသာချက်တစ်ခုပင်ဖြစ်သည်။

မီးစိမ်းပြသမှု

ယခုနှစ်အစောပိုင်းက ဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းလေးခုအတွက် လုပ်ဆောင်ခွင့်ရထားသည့် ကုမ္ပဏီများအတွက် ဆက်လက်ဆောင်ရွက်ခွင့် ချပေးသလို ၎င်းတို့အတွက်လည်း အလားတူ အမိန့်ချပေးရန် ကုမ္ပဏီအချို့က မျှော်လင့်နေကြသည်။ လုပ်ငန်းလုပ်ဆောင်ခွင့် NTP က စီမံကိန်းတစ်ခုနှင့်ပတ်သက်၍ ကုမ္ပဏီ၏ ရပိုင်ခွင့်ကို အတည်ပြုပေးသည်။ နားလည်မှု စာချွန်လွှာ MOU ကမူ ထိုသို့ အတည်ပြုပေးခြင်းမရှိဟု အချို့က ပြောကြားသည်။ ငွေကြေးရင်းနှီးမြုပ်နှံရန် လိုအပ်သော အာမခံချက်ကိုလည်း  ပေးအပ်ထားသည်။ စီမံကိန်းအတွက် လေ့လာတိုင်းတာမှု၊ ခန့်မှန်းတွက်ချက်မှုတို့ လုပ်ဆောင်ရာတွင် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျနိုင်သည်။ ၎င်းတို့အား အကုန်အကျခံ လုပ်ဆောင်ပြီး ကျေနပ်မှသာ ငွေကြေးထောက်ပံ့ပေးမည့် အဖွဲ့အစည်းကို လိုက်ရှာရသည်။ တနည်းပြောရလျှင် စီမံကိန်းကို ဝယ်ချင်မည့်သူကို ရှာဖွေရသည်။

Chouabia of Électricité de France က NTP ၏ အရေးပါမှုကို သံသယဖြစ်ဖွယ်မရှိဟု ပြောကြားသည်။

hydro_the_big_picture_1.png

typeof=

“ကျွန်တော်တို့ နားလည်ထားတာကတော့ NTP ဟာ စီမံကိန်း အကောင်အထည်ဖော်မယ့် တခုတည်းသောကုမ္ပဏီကို တရားဝင်သတ်မှတ်ပေးတယ်။ Consortium (ကုမ္ပဏီစု) ထဲမှာ အဖွဲ့ဝင်တွေ ထည့်သွင်းခန့်အပ်မှုကို တရားဝင်ခွင့်ပြုတယ်။ အစိုးရဆီက ဒီလိုအချက်ပြလိုက်ခြင်းဟာ ရွေးချယ်ခံထားရတဲ့ ကုမ္ပဏီတွေကို စီမံကိန်းကို ဆက်လုပ်ဖို့ အခြေအနေကောင်းတွေ ဖန်တီးပေးပါတယ်။ ဒါကြောင့် အဲဒါဟာ သိပ်အရေးကြီးပါတယ်” ဟု ၎င်းကပြောကြားသည်။

သို့သော် NTP တွင် အငြင်းပွားစရာများလည်း ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် လက်မှတ်ထိုးပွဲကျင်းပသော သတင်းထွက်လာသောအခါ ထိုကုမ္ပဏီများကို ရွေးချယ်ခဲ့မှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခဲ့ဟု ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။ ဤစီမံကိန်း လေးခုအတွက် မည်သို့ရွေးခဲ့သည် ဆိုသည်မှာ ရှင်းလင်းမှုမရှိပေ။ NTP ဆိုသည်မှာ ဘာကို ဆိုလိုသည်ကိုပင် ရှင်းလင်းစွာမသိရပေ။ စီမံကိန်းများကို တင်ဒါခေါ်၍ လုပ်ဆောင်ရမည်ဆိုသည့် အစိုးရ၏ လမ်းညွှန်ချက်ကိုပင် ချိုးဖောက်ခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။ ထိုပြောဆိုဝေဖန်မှုများကို ဝန်ကြီး ဦးဝင်းခိုင်ကိုယ်တိုင် လွှတ်တော်တွင်သွား၍ ရှင်းလင်းခဲ့ရသည်။

ပုဂ္ဂလိကကဏ္ဍ၌မူ NTP ကို ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုကြသည်။ မြန်မာနိုင်ငံ၏ မြင့်တက်လာနေသော စွမ်းအင်ပြဿနာကို ဖြေရှင်းရန် ဝန်ကြီးဌာနက ဆုံးဖြတ်ထားသည့် လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ကြသောကြောင့်ဖြစ်သည်။ အစိုးရက မည်သည့် စီမံကိန်းအတွက် ဘယ်သူများနှင့် ဆွေးနွေးနေသည်ကို အများပြည်သူသိအောင် ထုတ်ဖော်ပြောပြီး စီမံကိန်းများကို လူထုက စစ်ဆေးနိုင်ရန်လည်း ဖွင့်ပြထားသည်။ ထို့ကြောင့် ပွင့်လင်းမြင်သာမှု ပိုမိုရှိပါသည်ဟု ပြောကြသည်လည်း ရှိသည်။ သို့သော် ပို၍အရေးပါသည်က အစိုးရဘက်မှ အဓိက တာဝန်ယူမှု မရှိခြင်းပင်ဖြစ်သည်။

မြန်မာပြည်တွင် အစိုးရရော၊ စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီများပါ ရင်ဆိုင်ကြုံတွေ့ရသော အဓိက အခက်အခဲတစ်ခုကိုလည်း NTP က ဖြေရှင်းပေးသည်။ ယခင်ကမူ PPA လက်မှတ်မထိုးမီ နားလည်မှု စာချွန်လွှာ (MOA) ကို အရင်ထိုးကြရသည်။ အကြောင်းမှာ PPA အတွက် ဆွေးနွေးညှိနှိုင်းရခြင်းက ပိုမိုအချိန်ကြာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် MOA ဦးစွာထိုးထားလျှင် စီမံကိန်းကို မြန်မြန်ရှေ့ဆက်နိုင်မည်ဟူသော အယူအဆကြောင့် ဖြစ်သည်။ သို့သော် လုပ်ရိုး ထုံးစံမဟုတ်သော အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေသည်။ အရောင်းအဝယ် စီးပွားရေးနှင့် ဥပဒေရေးရာ အချက်အလက်များအပေါ် အပြီးသတ်သဘောတူညီမှု မရသေးမီ စီမံကိန်း လုပ်ကိုင်ခွင့်အား ဦးစွာ ပေးထားသကဲ့သို့ ဖြစ်နေခြင်းပင်ဖြစ်သည်။

NTP က ယခင် MOA တွင် ပြုလုပ်ထားသော ကတိကဝတ်အချို့ကို အစားထိုးလိုက်သည်။ နှစ်ဦးနှစ်ဖက်ကိုလည်း ပြုသာပြင်သာ အခြေအနေမျိုး ခွင့်ပြုထားသည်။

ကုမ္ပဏီအားလုံးကမူ NTP ကို အဓိပ္ပာယ်ပြည့်ဝပြီဟု မယူဆကြချေ။ Energize Myanmar မှ Harkin က စီမံကိန်းအပေါ်သာ မူတည်သည်ဟု ဆိုသည်။ အထူးသဖြင့် ကုမ္ပဏီက လက်မှတ်ရေးထိုးထားသော MOU တွင်ပါရှိသည့် စည်းကမ်း သတ်မှတ်ချက်များအပေါ် မူတည်နေသည်။ Energize အတွက် NTP ထိုးစရာ မလိုဟုဆိုသည်။ ၎င်းထိုးထားသော MOU က စီမံကိန်းကို ငွေထောက်ပံ့မည့် အဖွဲ့အစည်းများ စိတ်ဝင်စားလာအောင် လိုအပ်သည့် စမ်းသပ် တိုင်းတာလေ့လာမှုများ လုပ်ဆောင်နိုင်ရန် ခွင့်ပြုထားသည်။ “MOU ထဲမှာ ဘာတွေပါဖို့လိုတယ် ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါကြောင့် လိုအပ်တာတွေ အားလုံးပါအောင် ထည့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် Vanderbruggen က “NTP ဟာ အရောင်းအဝယ်သဘောအရ အလွန်သိသာထင်ရှားပါတယ်” ဟုပြောသည်။ “ကျွန်တော်တို့ဟာ စီမံကိန်းအတွက် မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်နေတယ်ဆိုတာကို အရောင်းအဝယ် သဘောအရ ရင်းနှီးမြုပ်နှံမယ့်သူတွေ ယုံကြည်စိတ်ချထားဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးကုန်လိမ့်မယ်” ဟု ၎င်းက ပြောပါသည်။

အချိန် မတန်သေး

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်၏ အမွေဆိုးများက ဆိုးဝါးပြင်းထန်ခဲ့သည်။ အတိတ်က လုပ်ဆောင်ခဲ့ကြသော မမျှတသည့် အပေးအယူစာချုပ်များနှင့် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်ခံစားခဲ့ရသော ဆိုးကျိုးများကို လစ်လျူရှုခဲ့ကြသောကြောင့် မုန်းတီးနာကျည်းမှုများ၊ ကြောက်ရွံ့မှုများနှင့် မယုံကြည်မှုများကို ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍ မဟာဗျူဟာဆိုင်ရာ ပတ်ဝန်းကျင် အကဲဖြတ်လေ့လာမှုကဲ့သို့သော စဉ်ဆက်မပြတ် ထုတ်ယူ သုံးစွဲနိုင်မည့် ရေအားလျှပ်စစ်ကို အားပေးထောက်ကူမည့် ဆောင်ရွက်ချက်များသည်ပင် အငြင်းပွားစရာများနှင့် ကြုံတွေ့နေရသည်။ မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ဆွေးနွေးညှိနှိုင်းမှုပွဲများကို အနီးအနားရှိ မြစ်ဆုံစီမံကိန်းကြောင့် အိုးအိမ် ပြောင်းရွှေ့ခံခဲ့ရသူများက စုရုံးဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ အလားတူပင် ဇန်နဝါရီလထဲက တောင်ကြီးမြို့တွင် ပြုလုပ်သောဆွေးနွေးပွဲကို ရှမ်းတက်ကြွလှုပ်ရှားသူများက သပိတ်မှောက်ခဲ့ကြသည်။ အနောက်တိုင်းမှ ကုမ္ပဏီများကို ဖိတ်ကြားခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာလည်း ရှေးယခင် စီမံကိန်းများတွင် တွေ့ကြုံခဲ့ရသော ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်ခဲ့မှုများကို ရှောင်ရှားလို၍ပင် ဖြစ်သည်။ ရှမ်းပြည်နယ်မှ မြစ်များအတွက် လှုပ်ရှားမှုအဖွဲ့မှ စိုင်းထွန်းအိုက်က “နိုင်ငံခြားက ရင်းနှီးမြုပ်နှံသူတွေဟာ ရေအားလျှပ်စစ်ကို လုံးလုံးရှောင်ရှားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အထူးသဖြင့် ဖက်ဒရယ်နိုင်ငံရေးစနစ် အကောင်အထည်ဖော်ရေးအတွက် စစ်တပ်နဲ့ အစိုးရကို ဖိအားပေးသင့်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသည် ၃၀ မဂ္ဂါဝပ် အောက် ရေအားလျှပ်စစ် စီမံကိန်းများကိုသာ လုပ်ပိုင်ခွင့် ရှိသည်။ ဒေသခံအစိုးရအဖွဲ့များကို အသေးစားစီမံကိန်းလေးများ၌ပင် ပြောရေးဆိုခွင့် များစွာ မရှိအောင် ကန့်သတ်ထားခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

tzhrakhine_hydropower2.jpg

ယခင်က ရေအားလျှပ်စစ်စီမံကိန်းများကို အစိုးရကသာ တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိကကိုသာ လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်သည်။ ဓာတ်ပုံ- တေဇလှိုှုင်

ယခင်က ရေအားလျှပ်စစ်စီမံကိန်းများကို အစိုးရကသာ တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိကကိုသာ လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်သည်။ ဓာတ်ပုံ- တေဇလှိုှုင်

“သူတို့သာ ဒေသခံ လူ့အဖွဲ့အစည်းတွေကို လေးစားမှုရှိတယ်ဆိုရင် ယခုအချိန်မှာ ဒီလိုစီမံကိန်းကြီးတွေကို ရပ်တန့်ထားသင့်ပါတယ်။ သူတို့ ဒီလိုလုပ်မယ်ဆိုရင် ဖက်ဒရယ်စနစ် အပြည့်အ၀ ထူထောင်ပြီးမှ သူတို့ရဲ့ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ်ဆိုရင် ဒေသခံတွေက ကြိုဆိုကြမှာပါ” ဟု ၎င်းကပြောသည်။

“မြန်မာပြည်မှာ နောက်ရလာနိုင်တဲ့ ရေအားလျှပ်စစ် ရင်းမြစ်တွေက တိုင်းရင်းလူနည်းစုတွေရဲ့ ဒေသတွေမှာ ရှိနေတာမို့ အစိုးရကို ထိထိရောက်ရောက် ဖိအားပေးဖို့ အသုံးချနိုင်မှာပါ” ဟု ၎င်းကဆိုပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေက သူတို့ရဲ့  အစီအစဉ်တွေကို မရပ်တန့်ဘူးဆိုရင်တော့ ကျွန်တော်တို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဒေသခံလူထုတွေက “ဒါ မတရားဘူ၊ ဒေသခံလူထုကို မတရားအသုံးချနေတာဘဲလို့ ကန့်ကွက်ပြီး ဆက်လက် တိုက်ပွဲဝင်နေမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထိုစီမံကိန်းများဖြင့် မလုံလောက်သေးပါ

နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသည် များစွာ ခရီးရောက်ခဲ့ပြီဖြစ်သည်။ မြန်မာပြည်တွင် ပြည်ပ ရေအား လျှပ်စစ်ကုမ္ပဏီတွေက အစိုးရထံ လျှပ်စစ်ဓာတ်အားများ တွေ ရောင်းချနေသည်ကို မကြာမီ မြင်တွေ့ရတော့မည်။ ဤသည်မှာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာပြီး နောက်ထပ်ရင်းနှီးမြုပ်နှံမှု ဒေါ်လာဘီလျံပေါင်းများစွာ ဝင်လာအောင် လမ်းခင်းပေးပေလိမ့်မည်။

“ရေအားလျှပ်စစ်နဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ လက်ခံနေတဲ့ စာချုပ်စာတမ်းတွေ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ ထိတွေ့လုပ်ကိုင်ရတာ မြန်မာနိုင်ငံအဖို့ လုံးဝအသစ်အဆန်းပါပဲ” ဟု Vanderbruggen က ပြောသည်။

“အစိုးရနဲ့ နိုင်ငံခြား ပုဂ္ဂလိကကုမ္ပဏီတွေအကြား နားလည်မှုနဲ့ မျှော်လင့်ချက် အလွန့်အလွန် ကွာခြားနေခဲ့ရာကနေ အခုတော့ တဖြည်းဖြည်းကွာဟမှုတွေ လျော့ကျလာနေပါပြီ” ဟုလည်း ၎င်းကပြောသည်။

သို့သော် နောက်ဆုံးတွင် စီမံကိန်းများ အကောင်အထည်ပေါ်လာလိမ့်မည်ဟု ဆိုလိုနိုင်ခြင်းမရှိသေးပေ။ လမ်းလွဲသွားနိုင်သည့် အကြောင်းအရင်း များစွာရှိနေသေးသည်။ လက်နက်ကိုင်ပဋိပက္ခများ၊ လူထုဆန့်ကျင်မှုများကစကာ အစိုးရပေါ်လစီ အပြောင်းအလဲ (သို့မဟုတ်) ငွေကြေးထောက်ပံ့မှု မရနိုင်တော့သည့် အခြေအနေများအထိ အကြောင်းတရား မျိုးစုံဖြစ်လာနိုင်သေးသည်။

“PPA လက်ခံရရှိပြီးကာမှ တည်ဆောက်မှု မလုပ်ရတဲ့ စီမံကိန်းတွေ ရှိခဲ့ဖူးတယ်။ ဒါကြောင့် PPA လက်မှတ်ထိုးပြီးလို့ ရှေ့ဆက်နိုင်ပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်သေးဘူး။ နောက်ပြီး ဒီစီမံကိန်းတွေ အတော်များများဟာ ရှုပ်ထွေးခက်ခဲတဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ ဖြစ်တယ်။ ဒါကြောင့် စိန်ခေါ်မှု အခက်အခဲတွေ များစွာရှိနေသေးတယ်ဆိုတာကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ သိပ်အရေးကြီးတယ်” ဟု Mullins ကပြောသည်။

Energize Myanmar မှ Harkin ကလည်း “ပြဿနာက လုပ်ကိုင်နေတဲ့ စီမံကိန်းအရေအတွက် လုံလုံလောက်လောက် မရှိသေးတဲ့ အချက်ဘဲ။ အခုအစိုးရက စစ်ဆေးနေတဲ့ စီမံကိန်း ခြောက်ခုရဲ့ စုစုပေါင်းထုတ်လုပ်မှုဟာ ၁ ဒသမ ၅ ဂစ်ဂါဝပ်ပဲ ထပ်တိုးလာမှာပါ။ ဒါတောင် ပြီးအောင် ဆက်လုပ်နိုင်ပါမှ၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ လူနေအိမ်တွေကို လျှပ်စစ်မီး ပေးဖို့သာမက စက်မှုလုပ်ငန်းတွေ တည်ထောင်ဖို့ အတွက်ပါ နောက်ထပ် လျှပ်စစ်စွမ်းအင် မြောက်များစွာ ထပ်မံလိုအပ်နေပါတယ်” ဟု ပြောသည်။

“မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ဖက် ဦးလှည့်လာတာဟာ အလွန်ကို အပြုသဘောဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကမ္ဘာပေါ်မှာ ရေအားအရင်းအမြစ်ရှိတဲ့ နိုင်ငံတိုင်း၊ ရေအားလျှပ်စစ်ကို အဓိကထား အများဆုံးအသုံးပြုနေကြတာပါပဲ။ ကျွန်တော့်အမြင် ပြောရရင် အခုအခါမှာ လိုအပ်သလောက် ကုမ္ပဏီတွေ မလာကြသေးဘူး။ လိုအပ်သလောက် စီမံကိန်းတွေ မရှိသေးဘူး” ဟုလည်း ၎င်းကပြောသည်။

dsc_5629.jpg

သံလွင်မြစ်ပေါ်၌ တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို ရှမ်းတက်ကြွလှုပ်ရှားသူများက ကန့်ကွက်ခဲ့ကြသည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

သံလွင်မြစ်ပေါ်၌ တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို ရှမ်းတက်ကြွလှုပ်ရှားသူများက ကန့်ကွက်ခဲ့ကြသည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ပင်မမြစ်ကြီးများကို သီးသန့်ထားရှိ

မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် ကဏ္ဍအပေါ် မဟာဗျူဟာ ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်လေ့လာချက် Strategic Environmental Assessment of the Hydropower Sector in Myanmar (SEA) ပြီးစီးသွားခဲ့ခြင်းကလည်း ရေအားလျှပ်စစ် တည်ဆောက်ရေးကို တွန်းအားပေးလိုက်သည့် အချက်တစ်ခုဖြစ်သည်။ SEA သည် ဤကဏ္ဍကို ကောင်းကင်မြင်ကွင်း အပေါ်စီးမှ ခြုံငုံကြည့်ရှုသည့်အမြင်ကို ဖော်ပြပေးသည်။ မြစ်ဝှမ်းတစ်ခုစီကို စစ်ဆေးကြည့်ရှုကာ ရေအားလျှပ်စစ် တည်ဆောက်မှုကြောင့် ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်လာနိုင်မှုများကို သုံးသပ်အကဲဖြတ်ပေးသည်။ အစိုးရ၏ စီမံခန့်ခွဲမှုများကို လမ်းညွှန်မှုပြုရန် သာမက ပုဂ္ဂလိက ကဏ္ဍအတွက်ပါ အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် အဓိကသက်ဆိုင်သူများ ပိုမိုနားလည်လာရန်၊ စီမံကိန်းနှင့် ဆက်နွယ်နေသော ပတ်ဝန်းကျင်နှင့် လူမှုရေးအန္တရာယ်များကို သုံးသပ်အကဲဖြတ်ရန်၊ မည်သည့်မြစ်ဝှမ်းနှင့် လက်တက်မြစ်ဝှမ်းများကို ပိုမိုဦးစားပေး လုပ်ကိုင်သင့်သည်ကို ဆုံးဖြတ်နိုင်ရန်တို့အတွက်လည်း အသုံးပြုနိုင်သည်။

“SEA က မြစ်ဝှမ်းတစ်ခုချင်းအလိုက် ရှုမြင်သုံးသပ်ပြီး စီမံကိန်းတစ်ခုစီဟာ ပတ်ဝန်းကျင်နဲ့ လူထုအပေါ် ဘယ်လိုစုပေါင်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတာကို စဉ်းစားပါတယ်။ မြစ်ဝှမ်းကြီးတစ်ခုလုံး အတိုင်းအတာအရ ပတ်ဝန်းကျင်နဲ့ လူမှုရေးအန္တရာယ်နဲ့ ပတ်သက်ပြီး နောက်ဆုံးအချက်အလက်တွေကို အပြည့်စုံဆုံး ဖော်ပြပေးပါတယ်” ဟု Ms. Kate Lazarus က ပြောသည်။ သူမသည် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) မှ မြန်မာနိုင်ငံရေးအား လျှပ်စစ်အတွက် တာဝန်ယူထားသော အထက်တန်းအရာရှိတစ်ဦး ဖြစ်သည်။

ပါဝင်ပတ်သက်သူများ သုံးသပ်ရန်အတွက် အစီရင်ခံစာမူကြမ်းကို အစိုးရနှင့် IFC တို့က ပြီးခဲ့သည့် မေလတွင်  ထုတ်ပြန်ပေးခဲ့သည်။ ၎င်းတို့ထံမှ လက်ခံရရှိသော တုန့်ပြန်မှုအမြင်များအပေါ် အခြေခံ၍ အစီရင်ခံစာကို အပြီးသတ် ရေးသားကာ သြဂုတ်လလယ်တွင် အစိုးရထံ တင်ပြမည်ဖြစ်သည်။ ထိုနောက်မှ အများပြည်သူအတွက် ထုတ်ပြန်ပေးမည်ဖြစ်သည်။

သို့ရာတွင် အဓိက ထောက်ခံတင်ပြချက်များကမူ ပြောင်းလဲမည်မဟုတ်ဟု မျှော်လင့်ရသည်။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ မဲခေါင်နှင့် စစ်တောင်းအောက်ပိုင်း အပါအဝင် အဓိကမြစ်ကြီးများပေါ်၌ ရေအားလျှပ်စစ် တည်ဆောက်မှုကို တားမြစ် ကန့်သတ်ထားရန် ဖြစ်သည်။

“အဓိက မြစ်ကြီးများပေါ်တွင် တည်ဆောက်ရန် စီစဉ်ထားသော လျှပ်စစ် ၁,၂၀၀ မဂ္ဂါဝပ်မှ ၇,၀၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည့် ဆည်ကြီး ငါးခုကို ဆက်လက်အကောင်အထည်ဖော်မည် ဆိုပါက  မြစ်များ၏ ဇလဗေဒ၊ အနည်အနှစ် ပို့ချမှုနှင့် ဘူမိရုပ်သွင် ဖော်ဆောင်မှုလုပ်ငန်း စသည့် မြစ်တစ်ခု၏ မြစ်ကြောင်းစနစ်ကို လုံးဝ ပြောင်းလဲသွားစေလိမ့်မည်။ ထိုစီမံကိန်းများကြောင့် မြစ်ကြောင်းဆက်သွယ်မှုကို ပြတ်တောက်စေနိုင်သည်။ အနည်အနှစ်များကို ကြားဖြတ် ဖမ်းထားသကဲ့သို့ ဖြစ်နိုင်မည်။ စီးဆင်းမှုနယ်ပယ်ကို မြစ်ဝှမ်းကြီးတစ်ခုလုံး အတိုင်းအတာဖြင့် ပြောင်းလဲသွားစေလိမ့်မည်” ဟု အစီရင်ခံစာက သတိပေးထားသည်။ ထိုသို့ပတ်ဝန်းကျင်ကို ထိခိုက်မှုကြီးမားသည့် မြစ်ကြီးများတွင် တည်ဆောက်မည့် အစား၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူထုအပေါ် ထိခိုက်မှုနည်းပါးသောဇုန် (Low Zone) များတွင် ဦးစားပေးတည်ဆောက်ရန် SEA အစီရင်ခံစာက အကြံပြုထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနက တည်ဆောက်ရန် လက်ရှိ စဉ်းစားနေသော စီမံကိန်းများမှာ ထိုထိခိုက်မှုနည်းပါးသည့် ဇုန်များတွင် တည်ရှိနေကြသည်။ လေးမြို့-၁ စီမံကိန်းတစ်ခုတည်းသာလျှင် အလယ်အလတ်ဇုံ (medium zone) အတွင်း ကျရောက်သည်။ ထင်ရှားသိသာစွာပင် လေးမြို့ -၁ စီမံကိန်းမှလွဲ၍ ယခုတည်ဆောက်မည့် စီမံကိန်းအားလုံး တည်ဆောက်မည့် မြစ်များပေါ်တွင် ရေအားလျှပ်စစ် စက်ရုံများရှိနှင့်ပြီး ဖြစ်ကြလေရာ ယခုနောက်လုပ်မည့် စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းအပေါ် ထပ်မံထိခိုက်စရာ မရှိတော့ချေ။ ရှိနှင့်ပြီး စီမံကိန်းများကြောင့် ထိခိုက်ခံစားခဲ့ကြရပြီးဖြစ်သည်။ ဤသို့ မြစ်တစ်စင်းတည်းပေါ်တွင် ရေတံခွန် Cascade များသဖွယ် ဆည်များ အဆင့်ဆင့် တည်ဆောက်၍ လျှပ်စစ်ထုတ်ယူခြင်းသည် ထိခိုက်မှုနည်းသောဇုံတွင် လွတ်လပ်စွာ စီးဆင်းနေသောမြစ်ကို ပိတ်၍ ဆည်ဆောက်ခြင်းထက်ပင် ပိုမိုနှစ်လိုဖွယ်ကောင်းသည်ဟု SEA အစီရင်ခံစာက ဆိုထားသည်။

သို့နှင့်တိုင် ရေတံခွန်တစ်ခုပေါ်တွင် စီမံကိန်းများ ထပ်ဆင့်ပြုလုပ်မည်ဆိုလျှင်တော့ ပတ်ဝန်းကျင်နှင့် လူမှုရေးအပေါ် သက်ရောက်မှု အကဲဖြတ်လေ့လာမှုနှင့် ESIA လေ့လာဆန်းစစ်မှုတို့ကိုကို ပြုလုပ်ဖို့လိုအပ်ပေသည်။

ရေအားလျှပ်စစ်စီမံကိန်းများကို IFC က ငွေကြေးအထောက်အပံ့ပေးရန် စဉ်းစားပါသလားဟု မေးမြန်းရာ Lazarus က “SEA အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း Low Zone တွေမှာလုပ်မယ့် စဉ်ဆက်မပြတ်ရှင်သန်နိုင်တဲ့ စီမံကိန်းတွေကို IFC က ထောက်ပံ့ပေးဖို့ စဉ်းစားမှာပါ” ဟု ပြန်လည် ဖြေကြားသည်။

“ရေအားလျှပ်စစ်စီမံကိန်းနှစ်ခု (သို့မဟုတ်) သုံးခုအတွက် ကြေညာချက်တွေ IFC က ထုတ်ပါတော့မယ်။ ဘယ်စီမံကိန်းတွေဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး ” ဟု ၎င်းကပြောသည်။ SEA အစီရင်ခံစာနှင့် ပတ်သက်၍ အားလုံးက ကျေနပ်ပျော်ရွှင်နေကြသည်တော့ မဟုတ်ချေ။ အများဆုံး မကျေနပ်သူများမှာ တရုတ်ကုမ္ပဏီနှင့် ထိုင်းကုမ္ပဏီများ ဖြစ်ကြသည်။ ၎င်းတို့က ဧရာဝတီမြစ်နှင့် သံလွင်မြစ်များပေါ်တွင် ဆည်များဆောက်ရန် အဆိုပြု ကမ်းလှမ်းထားခဲ့ကြပြီး အချို့မှာ စတင်၍ပင် ဆောက်နေကြပြီဖြစ်သည်။

IFC ၏ ဝက်ဘ်ဆိုက်ပေါ်တွင် ဖတ်ရှုနိုင်သော SEA အပြီးသတ် အစီရင်ခံစာအပေါ် ဝေဖန်ချက်ကိုကြည့်ပါက မကျေနပ်ချက်များ ရှိနေသည်မှာ သိသာလှပါသည်။ ဘယ်သူဘယ်ဝါဟု ရေးမထားသော်လည်း အချို့မှာမူ သက်ဆိုင်ရာ ကုမ္ပဏီများ (သို့မဟုတ်) ၎င်းတို့နှင့် နီးစပ်သူများ ဖြစ်ကြပုံရသည်။

“အခန်း ၇ -Hydropower- Business- as- Usual Development Impacts တွင် မကောင်းတဲ့ ဆိုးကျိုးတွေချည်း ဖော်ပြထားပြီး အပြုသဘောဆောင်တဲ့ ကောင်းကျိုးတွေ တစ်ခုမှ ဖော်ပြမထားဘူး” ဟု ဝေဖန်ချက်တစ်ခုက ရေးသားထားသည်။

SEA အစီရင်ခံစာတွင် အရည်အသွေး ဖော်ပြချက်များနှင့် အရောင်ဆိုးထားသော အမြင်များသည် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးကို ဆန့်ကျင်သောအမြင်များဖြင့်သာ မှတ်ချက်ပြုခဲ့ကြသည်။

“အစီရင်ခံစာ တစ်လျှောက်လုံး ပတ်ဝန်းကျင်ကာကွယ်ရေးကို ဖွံ့ဖြိုးတိုးတက်ရေးထက် ပိုမိုအလေးပေးသောအမြင်များသာ ဖော်ပြပါရှိသည်”ဟု ဝေဖန်ထားကြသည်။

Vanderbruggen ကမူ “SEA အစီရင်ခံစာသည် အလွန်ကြီးမားစွာ အထောက်အကူဖြစ်သော လေ့လာချက်ဖြစ်ရာ ရှုံးသူနှင့် နိုင်သူများ ရှိသည်ဟူသော အမြင်မှာ တရားမျှတမှုမရှိပါ” ဟု ပြောသည်။

“SEA ဟာ ဘယ်ဒေသတွေဟာ ဘယ်ဒေသတွေထက် ပိုပြီးလွယ်ကူတယ်။ ရေတံခွန်တွေကို ဘယ်နေရာမှာ အကောင်းဆုံး တည်ဆောက်နိုင်မယ်၊ ဆိုတာတွေ ပြသပေးတယ်။ မလွယ်ကူတာတွေအားလုံးကို ပယ်ဖျက်ပစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သက်သာလျော့ပါးစေနိုင်တဲ့ ဆောင်ရွက်မှုတွေကိုလည်း လုပ်ကိုင်နိုင်တာဘဲ။ အကြောင်းတရားတွေ များစွာရှိတယ်။ ပတ်ဝန်းကျင်နဲ့ လူမှုရေးတင်မကဘူး။ စီမံကိန်းတစ်ခုကို ဆက်လုပ်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့တယ်ဆိုတာ အကြောင်းတရားတွေ အများကြီးရှိတယ်” ဟု ၎င်းကပြောကြားသည်။

ခေါင်းစီးဓာတ်ပုံ- ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ဆုံဒေသတွင် ဒေသခံ လှေသမားတစ်ဦးအား တွေ့ရစဉ်။ မြစ်ဆုံတွင် တည်ဆောက်ရန် စီစဉ်ထားခဲ့သော ၆၀၀ မဂ္ဂါဝပ်ရှိ ဆည်တည်ဆောက်ရေးကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရပ်ဆိုင်းထားခဲ့ပြီးနောက် စီမံကိန်းအနာဂတ်မှာ ယခုထိ မရေမရာ ရှိနေဆဲပင်ဖြစ်သည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar