ရေမဆေးကျောက်ရှာဖွေသူများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခတွင် အနည်းဆုံး ငါးဦးသေဆုံး

အောက်တိုဘာ ၂၀

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မှာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား တိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပေမယ့် ဒေသခံတွေကတော့ ၁၀ ဦးလောက်အထိ သေဆုံးခဲ့တယ်လို့ ပြောကြပါတယ်။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းမှာ တည်ရှိတဲ့ ကျောက်စိမ်းလုပ်ကွက်တစ်ခုထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်တားဆီးရာမှာ အနည်းဆုံး ငါးဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရသတင်းဌာနတွေမှာ ယနေ့ ဖော်ပြထားပါတယ်။

၁၁၁ ကုမ္ပဏီက ပိုင်ဆိုင်တဲ့ တူးဖော်ရေးလုပ်ကွက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ ရေမဆေးကျောက် ရှာဖွေသူ ၅၀ လောက်ကို ရဲတပ်ဖွဲ့က တားဆီးပြီးနောက် ပဋိပက္ခဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီလို တားဆီးအပြီး တစ်နာရီလောက်အကြာမှာတော့ လူ ၆၀၀ လောက်ပြန်လာပြီး ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့သလို ထရပ်ကားတွေကို မီးရှို့ပြီး မြေတူးစက်တွေကို ဖျက်စီးခဲ့တယ်လို့ The Global New Light of Myanmar သတင်းစာမှာ ရေးသားထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို ဓားတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သူတွေကို သေနတ်နဲ့ပစ်ပြီး တားဆီးခဲ့တယ်လို့ ဆက်လက်ရေးသားထားပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေမှာ ငါးဦးသေဆုံးပြီး ၂၀ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖားကန့်မြို့က ဒေသခံနှစ်ဦးကတော့ သေဆုံးသူအရေအတွက်ဟာ ပိုမိုများပြားနိုင်တယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားရာနေရာမှာ အနည်းဆုံးခုနစ်ဦးသေဆုံးပြီး နောက်ထပ်သုံးဦးက ဆေးရုံမှာ သေဆုံးသွားတယ်လို့ သူတို့က ဆိုပါတယ်။

ဒီကျောက်စိမ်းလုပ်ကွက်ကို ပိုင်ဆိုင်တဲ့ ၁၁၁ ကုမ္ပဏီဟာ ဒေသတွင်းမှာ အကြီးဆုံးနဲ့ အင်အားအကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်တယ်လို့ ဖားကန့်ဒေသခံ ကိုအောင်မင်းက ပြောပါတယ်။

“ရေမဆေးကျောက်ရှာဖွေသူတွေကုမ္ပဏီပိုင်နက်ထဲကို ဝင်ရောက်ခဲ့ကြတာက မှားပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ တုန့်ပြန်မှုက အရမ်းပြင်းထန်းလွန်းတယ်” လို့ သူက ဆက်ပြောပါတယ်။ “ရေမဆေးကျောက်ရှာတဲ့သူတွေက ကျောက်စိမ်းတူးတဲ့ကိရိယာတွေနဲ့ ရဲတွေနောက်ကို လိုက်ကြတယ်။ ဒါပေမယ့် ရဲတွေမှာက သေနတ်ရှိတယ်လေ” လို့ သူပြောပါတယ်။

ယခုဖြစ်ရပ်ဟာ ကျောက်စိမ်းအကြီးအကျယ်ထွက်ရှိတဲ့ ဖားကန့်ဒေသမှာ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ လူအသေအပျောက်အများဆုံး ဖြစ်ရပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာအတွင်းက မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ကျော် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီလို လူအသေအပျောက်တွေရှိတဲ့ မတော်တဆဖြစ်ရပ်တွေ ဖားကန့်ကျောက်စိမ်းတွင်းတွေမှာ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။

ဖားကန့်ဒေသဟာ မြန်မာနိုင်ငံရဲ့ နာမည်ကျော်ထုတ်ကုန်တစ်ခုဖြစ်တဲ့ အရည်အသွေးမြင့်ကျောက်စိမ်းတွေ အများအပြားထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ကျောက်စိမ်းလုပ်ငန်းတန်ဘိုးဟာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံရှိပြီး မြန်မာ့စီးပွားရေး ထုတ်ကုန်တန်ဘိုးရဲ့ ထက်ဝက်နီးပါးရှိတယ်လို့ဟု နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Global Witness က ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ ခန့်မှန်းဖော်ပြထားပါတယ်။

အဓိကဝယ်ယူနေတဲ့ တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိ ရှိခဲ့ပြီး တင်ပို့မှုအများစုဟာ နယ်စပ်ကနေ တရားမဝင် ဖြတ်ကျော်တင်ပို့နေတာဖြစ်တယ်လို့ Global Witness က ဆက်လက်ဖော်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ကို ဗဟိုပြုနေတဲ့ ကျောက်စိမ်းရောင်းဝယ်မှုကို စစ်ဘက်က အထက်တန်းလွှာတွေ၊ မူးယစ်ရာဇာတွေနဲ့ ခရိုနီကုမ္ပဏီကွန်ရက်တွေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar