ရေကာတာတွေနဲ့ အဆုံးစီရင်မှုတွေ

ပိုးသတ်ဆေးသောက်ပြီး မိမိကိုယ်မိမိ အဆုံးစီရင်သွားတဲ့ ကိုမောင်ငြိမ်းရဲ့ ဓာတ်ပုံတစ်ပုံကို ကိုင်ထားတဲ့ သူ့ရဲ့ မိဘများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဂျော့ရှူဝါ ကာရိုး

ပိုးသတ်ဆေးသောက်ပြီး မိမိကိုယ်မိမိ အဆုံးစီရင်သွားတဲ့ ကိုမောင်ငြိမ်းရဲ့ ဓာတ်ပုံတစ်ပုံကို ကိုင်ထားတဲ့ သူ့ရဲ့ မိဘများအား တွေ့ရစဉ်။ ဓာတ်ပုံ – ဂျော့ရှူဝါ ကာရိုး

ဂျောရှူဝါ ကာရိုး ရေးသားသည်။

အထက်ပေါင်းလောင်းမြို့က ရေအားလျှပ်စစ် ရေကာတာတစ်ခုအတွက် အင်အားသုံး ရွှေ့ပြောင်းခံရတဲ့ လယ်သမားတွေအကြား စိတ်အားပျက်ဖွယ် ဖရိုဖရဲ ပြိုလဲမှုတွေနဲ့ မိမိကိုယ်မိမိ အဆုံးစီရင်မှုတွေကို မြင့်တက်စေခဲ့ပါတယ်။

မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့တဲ့ ကိုမောင်ငြိမ်းရဲ့အိမ်ဟာ အခုဆိုရင် သူ့ကျေးရွာတစ်ရွာလုံးနဲ့အတူ ရေအောက်ကို ရောက်ရှိသွားပါပြီ။ ယမန်နှစ် မေလရဲ့ နေ့တစ်နေ့မှာ အသက် ၃၅ နှစ်အရွယ် လယ်သမားတစ်ဦးဖြစ်သူက နှစ်ပေါင်းများစွာကြာအောင် သူအလုပ်လုပ်ခဲ့တဲ့ လယ်ကွင်းတွေပေါ်မှာ ရေတဖြည်းဖြည်းချင်း တက်လာတာကို ကြည့်ရှုနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိမ်ထဲကို ဝင်သွားပြီး ပိုးသတ်ဆေး တစ်ပုလင်းလုံး သောက်ချလိုက်ပါတယ်။

သူ့ရဲ့ ထိန်ပင်ကျေးရွာဟာ မြန်မာနိုင်ငံရဲ့ ထွန်းသစ်လာတဲ့ မြို့တော်သစ် နေပြည်တော်အတွက် လျှပ်စစ်ဓာတ်အား ထုတ်ပေးဖို့ ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တဲ့ အထက်ပေါင်လောင်း ရေကာတာစီမံကိန်းမှာ အသုံးပြုမယ့် ရေလှောင်ကန် တစ်ခုကြောင့် နစ်မြုပ်ခဲ့ရတဲ့ ကျေးရွာ ၂၃ ရွာထဲက ရွာတစ်ရွာပါ။

၂၀၁၃ ခုနှစ်ကတည်းက ကိုယ်ပိုင်မြေတွေနဲ့ ဘဝရပ်တည်မှုဆိုင်ရာ လုပ်ငန်းတွေ ဆုံးရှုံးခဲ့ရတာကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ထိန်ပင်ရွာသား သုံးဦးရှိခဲ့ပြီး သေကြောင်းကြံပေမဲ့ သေကံမရောက် သက်မပျောက်ခဲ့တဲ့ တခြားခြောက်ဦးလည်း ရှိခဲ့ပါတယ်လို့ နယူးယောက်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖြစ်တဲ့ Physicians for Human Rights ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒီစိုက်ပျိုးရေးကျေးရွာရဲ့ အစောဆုံးသော အဆုံးစီရင်မှု နည်းလမ်းတစ်ရပ်က ပိုးသတ်ဆေး သောက်သုံးတာပဲ ဖြစ်ပါတယ်။

“သူက တစ်စက်မကျန် သောက်ပစ်တာ” လို့ ရေလှောင်ကန်နေရာကနေ ရွှေ့ပြောင်းအပြီးမှာ တည်ဆောက်ခဲ့တဲ့ နှစ်ထပ်အိမ်ပေါ်က ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူရဲ့ရှေ့မှာ ထိုင်နေရင်း ကိုမောင်ငြိမ်းရဲ့မိခင်ဖြစ်သူ ဒေါ်တင်သန့်က Frontier ကို ပြောပါတယ်။

သူကလည်း ရေကာတာစီမံကိန်းကြောင့် ဖယ်ရှားခံကြရတဲ့ ကျေးရွာသား ၈,၀၀၀ နီးပါးလို ရေလှောင်ကန် ဘေးနားက နေရာတစ်နေရာမှာ ပြန်လည်အခြေချ နေထိုင်ခဲ့ရပါတယ်။ ပြန်လည်ချထားပေးတဲ့နေရာက ပြေပြစ်တဲ့ အစိမ်းရောင် တောင်ကုန်းတွေနဲ့ ဝိုင်းထားပြီး ဆွဲဆောင်မှုရှိနေပေမဲ့ အဲဒီအလှတရားတွေရဲ့အောက်မှာတော့ ဆိုးရွားပြင်းထန်တဲ့ စိတ်ဓာတ်ပျက်ပြားဖွယ် အကြပ်အတည်းတစ်ရပ် ပေါ်ပေါက်နေပါတယ်။

မြေနေရာနဲ့ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ ကျေးရွာသားတွေရဲ့ ဘဝနေထိုင်မှု လုံးဝ ကသောင်းကနင်း ဖြစ်ကုန်နေတာတွေက နေရာအနှံ့ မျှော်လင့်ချက်မဲ့နေတဲ့ စိတ်ခံစားမှုတစ်ရပ်ကို ပေါ်ပေါက်စေခဲ့ပါတယ်လို့ ရေကာတာကြောင့် ပြန်လည်နေရာချထားခံရသူတွေအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပေါင်းလောင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးညွန့်ဝင်းက ဆိုပါတယ်။

အဲဒီအဖွဲ့အဆိုအရ ပြန်လည်နေရာချထားခံရတဲ့ အိမ်ထောင်စုပေါင်း ၈၀ ကို ကောက်ယူတဲ့ စစ်တမ်းမှာ လူဦးရေစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ စိတ်ကျရောဂါလက္ခဏာတွေ ခံစားနေရတာကို တွေ့ရှိခဲ့ရပြီး အထူးကုတွေထံကို လွှဲပြောင်းကုသမှု ခံယူစေသင့်တယ်လို့ သိရှိခဲ့ရပါတယ်။

 “ရွာသားအများစုက သေချင်စိတ် ပေါက်နေပါတယ်” လို့လည်း ဦးညွန့်ဝင်းက ဆိုပါတယ်။

အသက်ဆုံးရှုံးလိုစိတ် ပေါက်နေတဲ့သူတွေဟာ လူငယ်လူလွတ်တွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ရွာသစ်ကို ပြောင်းလာပြီးတဲ့နောက်မှ သူတို့က အလုပ်လည်း ရှာလို့မရတော့ပါဘူး။ သူတို့မိဘတွေနဲ့ အချင်းများတာတွေ၊ အရက်သောက်တာတွေ စိတ်ဖိစီးမှုဖြစ်တာတွေကို ကြုံတွေ့ကြရပါတယ်”

မိဘတော်တော်များများက သူတို့ကလေးတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်နိုင်အောင် အိမ်မှာ ပိုးသတ်ဆေး သိမ်းမထားကြတော့ပါဘူးလို့လည်း ဦးညွန့်ဝင်းက ဆက်ပြောပါတယ်။

စိတ်ကျန်းမာရေးပြဿနာကို တခြားပြဿနာ တစ်သီးတစ်တန်းကြီးကလည်း ပိုဆိုးအောင်ဖန်တီးကြပြန်ပါတယ်။ ရွှေ့ပြောင်းခံရပြီးကတည်းက အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့ လူဆယ်ဦးမှာ ကိုးဦးကျော်က လူ့အခွင့်အရေးသမားတော်များ PHR ကို ပြောကြပါတယ်။ တစ်ရာခိုင်နှုန်းကပဲ တိုးတက်လာတယ်လို့ ဆိုထားပါတယ်။

ပြန်လည်နေရာချပေးထားတဲ့နေရာက ကိုမောင်ငြိမ်းလို ဒေသခံအများစုဟာ လယ်သမားတွေ ဖြစ်ကြပါတယ်။ ၂၀ ရာခိုင်နှုန်းခန့်က အလုပ်လက်မဲ့တွေ ဖြစ်ကြပြီး တစ်ရာခိုင်နှုန်းမှတစ်ဆင့် မြင့်တက်လာတဲ့ ပမာဏဖြစ်ပါတယ်။ အလုပ် ရှိတဲ့ တခြားသူတွေကတော့ စားဝတ်နေရေးအတွက် နေ့စားအလုပ်သမားတွေအဖြစ် ပြောင်းလဲလုပ်ကိုင်နေကြပါတယ်။

အစာရေစာ ရှားပါးမှုနဲ့ အစာအာဟာရ ပြတ်လပ်ခြင်းကလည်း ပြဿနာရပ်တစ်ခုဖြစ်ပါတယ်။ “သားငါးက စားနေကျ အစားအစာပါ။ ဒါပေမယ့် ခုချိန်မှာတော့ သစ်းသီးသစ်ရွက်ပဲ စားစရာရှိတယ်” လို့ ရွာသားတစ်ဦးက PHR ကို ပြောပါတယ်။ ဒီအဖွဲ့ရဲ့ အောက်တိုဘာလ အစီရင်ခံစာမှာ ပြန်လည်နေရာချထားခံရပြီးနောက်မှာ ပျမ်းမျှအနေနဲ့ အိမ်ထောင်စုတွေအတွက် အစာရေစာ “သိသိသာသာ ရှားပါးသွားတယ်” လို့ ဖော်ပြထားပါတယ်။

ရေကာတာ တည်ဆောက်ပြီးပြီဆိုရင် ဒီစီမံကိန်းက နေပြည်တော်နောက်ဘက် ကီလိုမီတာတစ်ရာခန့်ကို ဓာတ်အားပေးနိုင်မှာပါ။ အဲဒီနေရာက ဇိမ်ခံဟော်တယ်တွေရဲ့ လေအေးပေးစက်တွေနဲ့ ရောင်စုံမီးတွေ ထွန်းညှိထားတဲ့ ရေပန်းကြီးတွေ ရှိတဲ့နေရာပါ။

ပြန်လည်ချထားတဲ့ ပေါင်လောင်းက နေရာမှာတော့ သောက်သုံးရေပြဿ     နာရပ်ဟာ ဂါလန်သန်းနဲ့ချီတဲ့ ရေတွေရဲ့ အောက်ခြေမှာ ရှိနေရတဲ့ မြေပိုင်ရှင် ဒေသခံလယ်သမားတွေအပေါ် ဖိစီးနေပါတယ်။

 “ရေက ဒီနေရာမှာ အကြီးမားဆုံး ပြဿနာတစ်ရပ်ပါ” လို့ လယ်ကွင်းတွေ ရေမြုပ်တဲ့အထဲ ပါသွားလို့ ပြန်လည်နေရာချထားခံရသူလည်း ဖြစ်တဲ့အပြင် ပေါင်းလောင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဒေါ်အမာစိန်က ဆိုပါတယ်။

မိမိတို့မှာ လုံလောက်တဲ့ သောက်သုံးရေ မရှိဘူးလို့ PHR စစ်တမ်းကို ဖြေဆိုခဲ့တဲ့ အိမ်ထောင်စုထက်ဝက်နီးပါက ဖြေဆိုထားပါတယ်။ အစိုးရက နေရာသစ်မှာ ရေစုပ်စက်တွေ တပ်ဆင်ခဲ့ပေမယ့် ရေတွေက မည်းနောက်နေပြီး ရွှံ့စော်လည်း နံနေပါတယ်လို့ PHR က ဆိုပါတယ်။

“အစတုန်းကတော့ အစိုးရက ရေပိုက်တွေ တပ်ပေးတယ်။ ဒါပေမဲ့ ပိုက်တွေတင် တပ်ပေးတာပါ။ ဘာမျှ မပါပါဘူး။ ကျွန်မသုံးဖို့ရေကို တောင်ကုန်းထိပ်မှာရှိတဲ့ ချောင်းဆွယ်ချောင်းဖျားကနေ ယူရပါတယ်”လို့ ဒေါ်အမာစိန်က ဆိုပါတယ်။

ရွာသားတွေရဲ့ အခြေအနေဆိုးရွားမှုက တစ်ဦးနဲ့တစ်ဦး မတူညီပါဘူး။ မြန်မာနိုင်ငံတစ်လွှားက အကြီးစား အခြေခံအဆောက်အအုံနဲ့ စက်မှုလက်မှု စီမံကိန်းတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အစဉ်သဖြင့် လျစ်လျူရှုလေ့ ရှိတယ်ဆိုတဲ့ စောဒကတက်သံတွေကို ပေါ်ပေါက်စေပါတယ်။

“ပေါင်းလောင်းက ဖန်တီးခဲ့တဲ့ ဆိုးရွားတဲ့ အခြေအနေက မြန်မာနိုင်ငံတစ်လွှားမှာ ဆောင်ရွက်ခဲ့တဲ့ ရေကာတာတွေ၊ သတ္တုတွင်းလုပ်ငန်းတွေ၊ အထူးစီးပွားရေးဇုန်တွေ၊ စိုက်ခင်းတွေနဲ့ တခြားဖွံ့ဖြိုးရေးစီမံချက်တွေမှာ ထပ်ခါထပ်ခါ ဖြစ်နေပါတယ်” လို့ PHR အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် “စစ်အစိုးရဟောင်းရဲ့အစိတ်အပိုင်းတွေ” က အဲဒီစီမံကိန်းရဲ့နောက်ကွယ်မှာ ရှိနေတယ်လို့လည်း ဆိုထားပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လတ်တလောရွေးကောက်ပွဲအောင်နိုင်မှုကို တွေ့မြင်ခဲ့ရပေမယ့် စစ်တပ်ရေပေါ်ဆီလူတန်းစားက မြန်မာ့စီးပွားရေးကဏ္ဍအများစုအပေါ် ကြီးကြီးမားမား ခိုင်ခိုင်မာမာ ထိန်းချုပ်ထားဦးမယ်လို့ မျှော်လင့်ရပါတယ်။

အင်န်အယ်လ်ဒီနဲ့ သူ့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရရှိထားတဲ့ အောင်နိုင်မှုဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများစွာ ပေါ်ပေါက်လာလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားပါတယ်။

အထက်ပေါင်းလောင်း ရေကာတာစီမံကိန်းကို ဆွစ်ဇာလန်၊ တရုတ်နဲ့ ဗြိတိန်က ကုမ္ပဏီတွေက ငွေကြေးစိုက်ထုတ် တည်ဆောက်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေမှာ ရင်းနှီးမြုပ်နှံသူတွေဟာ “ယင်းတို့စီမံချက်တွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေရအောင် လူအခွင့်အရေး အကျိုးသက်ရောက်မှု ဆိုင်ရာ ဆန်းစစ်မှုတွေကို ပြုလုပ်သင့်တယ်” လို့ PHR အဖွဲ့က ဆိုပါတယ်။

အခုစီမံချက်မှာ ပါဝင်ခဲ့တဲ့ ပြည်ပကုမ္ပဏီသုံးခုစလုံးက မှတ်ချက်တစ်စုံတစ်ရာ ပြောကြားပေးဖို့ တောင်းဆိုမှုကို Frontier ဂျာနယ်ထုတ်တဲ့ တနင်္လာနေ့အထိ မတုံ့ပြန်ခဲ့ပါဘူး။

ကိုမောင်ငြိမ်း သေဆုံးခဲ့စဉ်က လူမသိ သူမသိ မဟုတ်ပါဘူး။ ကိုမောင်ငြိမ်း အဆိပ်သောက်ပြီးနောက်မှာ သူရဲ့ ဦးလေးဖြစ်သူနဲ့ သူငယ်ချင်းတစ်စုက  သူ့အိမ်နားကနေ ဖြတ်သွားခဲ့ကြပြီး လေပျို့အော့အန်နေတဲ့အသံကို ကြားခဲ့ကြရပါတယ်။ အထဲကို ရောက်သွားတော့ ကိုမောင်ငြိမ်းက “ကျွန်တော် အဆိပ်သောက်လိုက်တယ်။ ကျွန်တော် စိတ်ညစ်တယ်ဗျာ” လို့လည်း သူတို့ကို ပြောပြခဲ့ပါတယ်။

အနီးဝန်းကျင်မှာ ဆေးရုံမရှိတဲ့အတွက် ကိုမောင်ငြိမ်းကို ဝိုင်းပွေ့ချီယူပြီး ပြန်လည်နေရာချထားတဲ့အရပ်က သူ့မိဘတွေအိမ်ကို သယ်သွားခဲ့ကြရပါတယ်။ တစ်နာရီကျော်ကျော် ကြာပါတယ်။

ဒေါ်တင်သန့်နဲ့ သူ့ရဲ့ခင်ပွန်းဦးကျောက်ခဲတို့ဟာ မသေဆုံးခင် ၁၀ မိနစ်ကြာလောက် ထွန့်ထွန့်လူး ခံစားနေရရှာတဲ့ သားကြီးဖြစ်သူကို စောင့်ကြည့်နေခဲ့ကြတာပါ။

“အဓိကတရားခံကတော့ ပေါင်းလောင်းဆည်ပါပဲ” လို့ ဦးကျောက်ခဲက Frontier ကို ပြောကြားခဲ့ပါတယ်။ အစိုးရရဲ့ အရေးယူမှုကို ကြောက်ရွံ့တဲ့အတွက်ကြောင့် ရွာသားတွေဟာ ရေကာတာစီမံကိန်းကို ဆန့်ကျင်ပြောဆိုဖို့ ခက်ခဲနေရဆဲပါ။

“အရမ်းကို စိတ်ဆိုးဒေါသ ထွက်ရပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ စိတ်ဆိုးရမှာ ဒေါသထွက်ရမှာကိုလည်း ကြောက်နေပါတယ်” လို့ ဦးကျောက်ခဲက ဖွင့်ဟခဲ့ပါတယ်။

အောင်မင်း ဘာသာပြန်သည်။

ဂျော့ရှူဝါ ကာရိုး

ဂျော့ရှူဝါ ကာရိုး

ဂျော့ရှူဝါ ကာရိုးသည် ရန်ကုန်တွင် အခြေစိုက်ပြီး လူ့အခွင့်အရေးနှင့် နိုင်ငံရေးသတင်းများ ရေးသားနေသူတစ်ဦး ဖြစ်သည်။

Share on facebook
Share on twitter
Share on email

More stories

Related stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar