ရုရှားထုတ် လေ့ကျင့်ရေးနှင့် အပေါ့စား ဂျက်တိုက်လေယာဉ်များ တပ်တော်ဝင်

ရုရှားနိုင်ငံက ထုတ်လုပ်သည့် လေ့ကျင့်ရေးနှင့် အပေါ့စား တိုက်ခိုက်ရေး ဂျက်လေယာဉ်ဖြစ်သည့် Yak-130 လေယာဉ် ၆ စီးကို တပ်မတော်(လေ)အတွက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တပ်တော်ဝင်ခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားသည်။

တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် တန်ကြေးရှိသည့် အဆိုပါ နှစ်ယောက်စီး အပေါ့စား တိုက်ခိုက်ရေးဂျက်လေယာဉ်များ ဝယ်ယူရန် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လေယာဉ်အစီးရေမည်မျှ မှာယူခဲ့သည်ကိုမူ ထိုစဉ်က မသိရှိခဲ့ရပေ။

မှာယူထားသည့် အဆိုပါလေယာဉ်များကို ပထမအသုတ်အနေဖြင့် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ပေးပို့ခဲ့သည်ဟု ရုရှားနိုင်ငံ Federal Service for Military-Technical Cooperation (FSMTC) ၏ ဒုညွှန်ကြားရေးမှူးဖြစ်သူ Mikhail Petukhov က ရုရှား Sputnik သတင်းဌာနကို ပြီးခဲ့သည့် မတ်လက ပြောကြားခဲ့ဖူးသည်။

“မြန်မာနိုင်ငံကို Yak-130 လေယာဉ်တွေ ပထမအသုတ် ပေးပို့မှုက ၂၀၁၆ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ စာချုပ်အရ ၂၀၁၇ ခုနှစ်မှာ အပြီးသတ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ကြောင့် မှာယူထားသည့် လေယာဉ်များအားလုံးကို မြန်မာ့တပ်မတော်က လက်ခံရရှိခဲ့ပြီးဖြစ်သည်ဟု ယူဆရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပသည့် တပ်တော်ဝင်အခမ်းအနားတွင် Yak -130 အမျိုးအစား လေယာဉ် ၆ စီးအပြင် Fokker- 70 အမျိုးအစားလေယာဉ် ၂ စီးနှင့်၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီး ပါဝင်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်(လေ) အနေဖြင့် ၁၉၉၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင် ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်များ၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ ဘက်စုံသုံးစွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ အသုံးပြုလာနိုင်ခဲ့ကြောင်းနှင့် ၂၀၀၁ ခုနှစ်တွင် စတုတ္ထမျိုးဆက် MIG – 29 တိုက်လေယာဉ်များ စတင် အသုံးပြုလာနိုင်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများကို အမီလိုက်နိုင်ခဲ့သည်ဟု အဆိုပါတပ်တော်ဝင်အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“ယခုကဲ့သို့ အမီလိုက်နိုင်ရန်အတွက် ပန်ကာတပ်လေယာဉ်အဆင့်မှ ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်၊ ၎င်းမှတစ်ဆင့် စတုတ္ထမျိုးဆက်ဂျက်တိုက်လေယာဉ်စသည်ဖြင့် မျိုးဆက်များ ခုန်ကျော်တက်လှမ်းခဲ့ရခြင်း ဖြစ်ကြောင်း” ဟု ၎င်းက ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယခုကဲ့သို့မျိုးဆက်များ ခုန်ကျော်တက်လှမ်းလာခြင်းနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျသည့် ရှေ့တန်းတိုက်ခိုက်ရေးလေသူရဲများမွေး ထုတ်ရာတွင် အခြေခံ အမောင်းသင်လေယာဉ်အဆင့်မှ စတုထ္ထမျိုးဆက် တိုက်လေယာဉ်အထိ တိုက်ရိုက်ကူးပြောင်းရန် မဖြစ်နိုင်သည့်အတွက် ကြားခံလေ့ကျင့်ရေး တိုက်လေယာဉ်များနှင့် လေသူရဲငယ်များ အတွေ့အကြုံရင့်ကျက်လာစေရန် လေ့ကျင့်ပေးရမည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Yak-130 သည် ခေတ်မီဂျက်တိုက်လေယောဉ်များ၏ စွမ်းဆောင်ရည်မျိုးရှိကာ ကမ္ဘာ့တစ်ခုတည်းသော လေ့ကျင့်ရေး တိုက်လေယာဉ် ဖြစ်သည်။ ထိုင်ခုံနှစ်ခုပါပြီး ထောက်လှမ်းရေးနှင့် အသေးစား ဂျက်တိုက်လေယာဉ်လည်းဖြစ်သော Yak-130 တွင် လက်နက်အလေးချိန် ကီလိုဂရမ် ၃,၀၀၀ အထိ သယ်ဆောင်နိုင်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မကုန်မီ အထူးတိုက်လေယာဉ် ပျံသန်းမှု လေ့ကျင့်ရေးစက်တစ်ခု တပ်ဆင်ရန် ရုရှားကျွမ်းကျင်သူများက စီစဉ်နေသည်ဟု သတင်းအချို့တွင် ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar