ရုပ်သေးပညာရှင် တစ်ဦး၏ ရုပ်သေးအနုပညာကိုရှင်သန်စေရန် ကြိုးပမ်းမှု

ပြည်တွင်းတွင် ပရိသတ်ရရှိမှု နည်းပါးလာမှုကြောင့် နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်ရန် ခေတ်မီပြုပြင်ပြောင်းလဲမှုများဖြင့် ရုပ်သေးပြပွဲများကို မွမ်းမံလျက်ရှိသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

ဦးခင်မောင်ထွေး၏ ရုပ်သေးရုပ်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – အော်ရယ်လီယာ ရုဆက်

မြန်မာရုပ်သေးတွင် ထူးခြားချက်တစ်ခုမှာ ရုပ်သေးရုပ်များတွင် လိင်အင်္ဂါများပါဝင်ခြင်း ဖြစ်သည်ဟု နာမည်ရ ရုပ်သေးအဖွဲ့တစ်ဖွဲ့၏ ဒါရိုက်တာတစ်ဦးက ပြောကြားသည်။ ၎င်းသည် ရုပ်သေးကပွဲတစ်ပွဲ၏ အစတွင် ထိုသို့ ပြောကြားလိုက်သဖြင့် ပရိသတ်များက တခစ်ခစ် ရယ်မောကြသည်။

“ဒါက ရုပ်သေးပညာရှင်တွေဟာ သူတို့ရဲ့ ရုပ်သေးရုပ် တစ်ခုချင်းစီမှာ ဝိညာဉ်ရှိတယ်လို့ ယုံကြည်ကြလို့ ဖြစ်တယ်။ ဒါကြောင့် သူတို့ကို လေးစားမှု ပေးကြတာပါ”ဟုထွေးဦး မြန်မာ့ရိုးရာရုပ်သေးကဇာတ်ရုံမှ ဒါရိုက်တာဖြစ်သူဦးခင်မောင်ထွေးကပြောကြားသည်။ “တကယ်လို့ ရုပ်သေးရုပ်မှာ လိင်အင်္ဂါတွေ ပါမနေဘူးဆိုရင် အဲဒီကပွဲမှာ ရုပ်သေးရုပ်ဟာ အသက်ဝင်အောင် ကပြနိုင်မှာ မဟုတ်ပါဘူး”

ကမ္ဘာပေါ်ရှိ အခြားရုပ်သေးအနုပညာများနှင့် နှိုင်းယှဉ်ပါက မြန်မာရုပ်သေးများတွင် လိင်အင်္ဂါများ ပါဝင်နေခြင်းသည် မြန်မာ့ရုပ်သေး၏ တစ်ခုတည်းသောထူးခြားမှု မဟုတ်ပေ။

ရုပ်သေးရုပ်များတွင် ဇာတ်ကောင် ၂၇ မျိုးပါဝင်၍ ၎င်းတို့ပြောသော ဇာတ်လမ်းများသည်လည်း ထူးခြားကာ မြန်မာ့ရုပ်သေးများသည် စက်ဝိုင်းပုံသဏ္ဍာန် ရွေ့လျားပြီး အခြားနိုင်ငံများမှ ရုပ်သေးများမှာ ထောင့်မှန်ပုံသဏ္ဍာန် ရွေ့လျားခြင်းမှာလည်း ထူးခြားလှသည်။

သမိုင်းသက်သေအထောက်အထားများက မြန်မာ့ရုပ်သေးအနုပညာသည် ရုပ်သေးဟူသောအဓိပ္ပာယ်အတိုင်း သေးငယ်သောကပွဲများဖြစ်ကာ ၁၅ ရာစုခန့်ကတည်းက တော်ဝင်မင်းမျိုးမင်းနွယ်များနှင့် သာမန်ပြည်သူများအားလုံးကို တစ်တန်းတစ်စားတည်း စတင်ဖျော်ဖြေခဲ့သောအနုပညာတစ်ခု ဖြစ်သည်ဆိုသည်။

၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတွင် နာမည်ကျော် ရုပ်သေးပညာရှင်များဖြစ်သည့် လူရွှင်တော် ရွှေလောင်ကြီးနှင့် မင်းသားကြီးမောင်သာဗျောတို့သည် ရာချီသောပရိသတ်များကို ညလုံးပေါက် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။ မောင်သာဗျောကို မန္တလေးနန်းတော်သို့ မကြာခဏဖိတ်ခေါ်ပြီး သီပေါဘုရင်နှင့် မိဖုရားစုဖုရားလတ်ကို ဖျော်ဖြေစေခဲ့သည်။ မင်း၊ မိဖုရားနှစ်ပါးသည် ရွှေနန်းတော်ပြင်ပသို့ ထွက်ခဲကြသည်။

ကိုလိုနီခေတ်တွင် ရုပ်သေးကပွဲများကို လမ်းမများပေါ်တွင် ကျင်းပကြပြီး မသိသားဆိုးရွားသော ဗြိတိသျှလူမျိုးအုပ်ချုပ်သူများကို သရော်ရန် အသုံးပြုခဲ့ကြသည်။

“၁၉၅၀ ပြည့်နှစ်များမတိုင်ခင်က မြန်မာနိုင်ငံမှာ ရုပ်သေးကဇာတ်ရုံ ၁၀၀ ကျော် ရှိခဲ့ပါတယ်။ အခုတော့ ၅ ရုံလောက်ပဲ ရှိပါတော့တယ်။ ဒါက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်မီဒီယာပုံစံတစ်ခု ဖြစ်ပါတယ်။ လူမှုရေးကိစ္စရပ်တွေ အကြောင်းပြောဆိုဖို့နှင့် ဟာသတွေ ပြုလုပ်ဖို့ အသုံးပြုနိုင်ပါတယ်”ဟုဦးခင်မောင်ထွေးက ပြောသည်။

ရုပ်သေးကပွဲများ ပပျောက်သွားရသည့် အကြောင်းရင်းမှာ ယခင်အစိုးရများသည် လှောင်ပြောင်သရော်ခံရမည်ကို ကြောက်ရွံ့ခဲ့သောကြောင့်ဟု သူယုံကြည်ကြောင်း၊ ယင်းသည်လည်း ယခုအထိပြောင်းလဲခြင်းမရှိသေးကြောင်းသူကပြောသည်။

“အခုအစိုးရကတော့ ရုပ်သေးဆိုရင် ကြောက်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ရုပ်သေးအစိုးရလို့ အပြောမခံချင်ကြလို့ ဖြစ်မယ်”ဟု ဦးခင်မောင်ထွေးကရယ်လျက်ပြောပြသည်။ ယင်းမှာ ယခုအစိုးရကို ယခင်ကအာဏာရှိခဲ့ဖူးသူက ကြိုးကိုင်ချယ်လှယ်နေသည်ဟူသောအများ၏ ယုံကြည်မှုကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဗြိတိသျှ အုပ်ချုပ်သူတွေကို သရော်လှောင်ပြောင်ဖို့ ရုပ်သေးကို အသုံးချခဲ့တယ်။ ဒီတော့ အခုအစိုးရကလည်း သူတို့ကိုလှောင်ပြောင်ဖို့ ရုပ်သေးကို အသုံးချမှာ စိုးရိမ်နေကြတယ်”ဟု ၎င်းက ဆိုသည်။

ရုပ်သေးကပွဲများသည် ရာစုပေါင်းများစွာကြာအောင် မတိမ်ကောဘဲ ရှိနေခဲ့သော်လည်းမကြာသေးမီက ပေါ်ပေါက်လာခဲ့သော ဖျော်ဖြေရေးလုပ်ငန်းများဖြစ်သည့် ရုပ်ရှင်များ၊ ရုပ်သံဇာတ်လမ်းတွဲများကြောင့် အကျိုးသက်ရောက်မှုများရှိခဲ့သည်။

မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးသောနိုင်ငံဆီသို့ ချီတက်နေစဉ်တွင် ထိုကဲ့သို့သောအိုဟောင်းနေသည့် အနုပညာပုံစံတစ်ခုကို ရှင်သန်အောင် လုပ်ဆောင်ရခြင်းမှာ ပို၍ ခက်ခဲလာသည်။

ယခင်က သင်္ဘောသားလုပ်ကိုင်ခဲ့သော ဦးခင်မောင်ထွေးသည် ၂၀၀၆ ခုနှစ်တွင် သူ၏ ရုပ်သေးကဇာတ်ရုံကို ရန်ကုန်မြို့လယ်တွင် စတင်တည်ထောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သောအခါ ထိုကဇာတ်ရုံ၏အမိုးများ လန်ထွက်ခဲ့ပြီး သူ၏ ရုပ်သေးရုပ်များလည်း ပျက်စီးသွားခဲ့ရသည်။

ထို့နောက် သူသည် သူ့နေအိမ် ဧည့်ခန်းတွင်ပင် ကပြဖျော်ဖြေခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် ခရီးသွားလုပ်ငန်းများ တိုးတက်လာသောအခါ နိုင်ငံခြားပရိသတ်များ တိုးပွားလာခဲ့ပြီး ဦးခင်မောင်ထွေးသည် ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်ရှိထိုင်ခုံ ၂၅ ခုပါ ကဇာတ်ရုံသို့ ပြောင်းရွှေ့ကပြခဲ့သည်။

ရုပ်သေးကပွဲများသည် ထုံးတမ်းစဉ်လာအရ ညလုံးပေါက် ကပြကြသော်လည်း နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန် ဦးခင်မောင်ထွေးသည် အဓိကဇာတ်ကောင်များ၏ ဇာတ်လမ်းများကို ၄၅ မိနစ်စာမျှသာ မိတ်ဆက်ကပြခဲ့သည်။

ယင်းဇာတ်လမ်းများတွင် အမူးသမားလူရွှင်တော်တစ်ယောက်က အရက်စွဲပြီး အသက်ဆုံးရှုံးသွားကာ နတ်ဖြစ်သွားသောဇာတ်လမ်းနှင့် လူကြိုက်များသောလူပျိုကြီးနှင့် အပျိုကြီးဇာတ်လမ်းများသည် ကပွဲအများစု၏ အဆုံးသတ် ဖျော်ဖြေမှုများ ဖြစ်သည်။

ရွှေရိုးဟူသောကလောင်အမည်ဖြင့် ရေးသားသောThe Burman ဆိုသည့် သူ့စာအုပ်တွင် ဗြိတိသျှ အုပ်ချုပ်ရေးမှူး ဆာဂျိမ်းစ် စကော့ Sir James Scott က မြန်မာနိုင်ငံ၌ အခြားသောဖျော်ဖြေရေးပုံစံများမရှိဘူးဟုဆိုလျှင် မှားလိမ့်မည်၊ သို့သော် အခြားဖျော်ဖြေရေးပုံစံအားလုံးသည် ပြဇာတ်ဆန်ဆန်ဖြင့်သာ အဆုံးသတ်လေ့ရှိကြသည်ဟု ရေးသားထားသည်။

၎င်းက ဆက်လက်ရေးသားရာတွင် ရုပ်သေးအနုပညာတွင် နောက်ခံစကားပြောဆိုသူ၏ သံနေသံထားဖြင့် ထိရောက်စွာစကားပြောဆိုဟန်၊ လင်္ကာများနှင့် တေးသီချင်းများ၏ ခံစားချက်၊ ရေရွတ်သူ၏ တိကျမှုနှင့် ကာရန်တို့ ကောင်းမွန်မှသာ ရုပ်သေးအနုပညာမြောက်သည်ဟု ခေါ်ဆိုနိုင်ကြောင်းဆိုသည်။ ရုပ်သေးရုပ်ကို ကြိုးဖြင့် ထိန်းချုပ်ရသည့် ကျွမ်းကျင်မှုမှာမူ ရုပ်သေးကပြသူများ၏ ဂုဏ်ယူဝင့်ကြွားနိုင်သောအရာတစ်ခုသာ ဖြစ်သည်။

ယခင် ရာစုနှစ်များစွာကလူအများကို နှစ်ခြိုက်စေသော ရုပ်သေးရုပ်ကို ကြိုးကိုင်နိုင်သည့် ကျွမ်းကျင်ပညာရှင်များမှာ ယခုခေတ်တွင် ရှားပါးသွားခဲ့ပြီ ဖြစ်သည်။

ယခုလက်ရှိ ရုပ်သေးအဖွဲ့ လေးငါးဖွဲ့ခန့်တွင် ကလေးဘဝကတည်းက စတင်ကပြလာသည့် နန်းတင်၏ ရုပ်သေးအဖွဲ့ ပါဝင်သည်။ နန်းတင်သည် ယခုအခါတွင် အသက် ၄၇ နှစ်အရွယ်ရှိပြီ ဖြစ်သည်။

နန်းတင်သည် ဂန္ထဝင် ဇာတ်မင်းသားဦးဖိုးစိန်၏ မြစ်ဖြစ်ပြီး ထိုအမျိုးသမီးသည် မြန်မာနိုင်ငံ၏ ကပြဖျော်ဖြေမှု အနုပညာကိုခေတ်မီလာအောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပေးနိုင်သူဟု အသိအမှတ်ပြုခံရသည်။

“ကျွန်မက ရုပ်သေးကပြရတာကို ချစ်မြတ်နိုးပါတယ်။ ရုပ်သေးက ကျွန်မ အမြဲတမ်းလုပ်နေတဲ့အရာ ဘယ်တော့မှမရပ်တန့်နိုင်တဲ့ အလုပ်တစ်ခုပါ”ဟုဒေါ်နန်းတင်က ပြောပြသည်။

၎င်းက သူ၏ ရုပ်သေးအပေါ် ချစ်မြတ်နိုးစိတ်ကို သူ့သားထံလက်ဆင့်မကမ်းနိုင်ခဲ့သော်လည်း သူသည် ရုပ်သေးအနုပညာသင်တန်းကျောင်းများ ဖွင့်လှစ်နေပြီး ရုပ်သေးပညာရှင် မျိုးဆက်သစ်များကို မွေးထုတ်ပေးလျက် ရှိသည်ဟုဆိုသည်။

ဦးခင်မောင်ထွေးက ဝန်ခံထားသည်မှာ ရုပ်သေးပညာရှင် မျိုးဆက်သစ်များ ပေါ်ထွက်လာရေးနှင့် ရုပ်သေးကို လူအများစိတ်ဝင်စားနေစေရန်မှာ ပြုပြင်ပြောင်းလဲမှုများ အများအပြားလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်းဆိုသည်။ သူသည် မြန်မာပရိသတ်ကို ဆွဲဆောင်ရာ၌ အကန့်အသတ်ဖြင့်သာ အောင်မြင်မှု ရရှိခဲ့သော်လည်း သူ၏ ရုပ်သေးပွဲများသည် နိုင်ငံတကာဖျော်ဖြေပွဲများတွင် အသိအမှတ်ပြု ခံခဲ့ရသည်။ ထို့ပြင် သူသည် နိုင်ငံခြားပရိသတ်များအတွက် ဇာတ်လမ်းသစ်တစ်ပုဒ်ရေးသားရန် ပြင်ဆင်လျက်ရှိသည်။

ယင်းဇာတ်လမ်းမှာ သူ၏ ဘဝအကြောင်းဖြစ်ပြီး သင်္ဘောသားအဝတ်အစားများဖြင့် ရုပ်သေးရုပ်များအပြင် ထုံးတမ်းစဉ်လာ လုံချည်ဝတ်ဆင်ထားသော ဇာတ်ကောင်များလည်း ပါဝင်မည်ဖြစ်သည်။ သူ၏ ထိုကပွဲသာ နိုင်ငံခြားတွင် အောင်မြင်ပါက မြန်မာနိုင်ငံတွင်လည်း ကပြရန် စီစဉ်မည်ဟုဆိုသည်။

“လူတွေက ရုပ်သေးကပွဲတွေကို စိတ်မဝင်စားကြတော့ဘူး။ ဒီတော့ ကျွန်တော်တို့က ရှေးရိုးစဉ်လာကို ခေတ်မီဆန်းသစ်မှုတွေနဲ့ ပေါင်းစပ်ရမှာပါ။ ဒါမှသာ ဒီရုပ်သေးကပွဲတွေ ဆက်လက်ရှင်သန်နိုင်မှာပါ”ဟု၎င်းက ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar