ရိုဟင်ဂျာအရေးကို ကူညီဖြေရှင်းပေးမည်ဟု တရုတ်က ဘင်္ဂလားဒေရှ့်ကို ကမ်းလှမ်း

မြန်မာနှင့် ဘင်္ဂလားဒေရှ့်နှစ်နိုင်ငံအကြား ပေါ်ပေါက်နေသည့် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး သံတမန်နည်းအရ ကူညီဖြေရှင်းပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့သည်ဟု ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူနှစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဧပြီ ၂၆ ရက်နေ့တွင် ရေးသားထားသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ လေးရက်ကြာခရီး ရောက်ရှိနေသည့် တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် Sun Guoxing က အဆိုပါကိစ္စကို မြန်မာနိုင်ငံနှင့် နှစ်ဦးနှစ်ဖက် ဖြေရှင်းကြရန် ဘင်္ဂလားဒေရှ့်ကို တိုက်တွန်းခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။ ထို့ပြင်အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရုတ်အစိုးရအနေဖြင့် ကူညီရန် အဆင်သင့်ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

တရုတ်အထူးကိုယ်စားလှယ်က ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးအတွင်းဝန်နှင့် ဧပြီ ၂၆ ရက်နေ့က တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။

“လိုအပ်ရင် သူတို့အနေနဲ့ ကူညီဖို့ အဆင်သင့်ရှိပါတယ်လို့ အစည်းအဝေးမှာ ကျွန်တော်တို့ကို သူတို့က ပြောကြားပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါကိစ္စကို ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အခြားအရာရှိတစ်ဦးကလည်း အတည်ပြုခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ရသည့် မြန်မာနယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုအပြီးတွင် စစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ဆင်မှုများကို လပေါင်းများစွာ ဆောင်ရွက်ခဲ့ရာ ရိုဟင်ဂျာ ခုနှစ်သောင်းနီးပါးမှာသည် အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါရိုဟင်ဂျာများကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အထစ်အငေါ့များ ဖြစ်ပေါ်ခဲ့သလို ၎င်းထွက်ပြေးလာသူများနှင့် ပတ်သက်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြစ်ပုံချကာ လက်ခံထားရန် ငြင်းဆန်နေကြသည်။

အဆိုပါရိုဟင်ဂျာများ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ စုံပြုံဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံနှင့် ဖြစ်ပေါ်နေသည့် ပြဿနာအား ဖြေရှင်းပေးရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးအတွင်းဝန်က ကြိုဆိုလိုက်သည်ဟုလည်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ကော့ဘဇာသို့ သွားရောက်ကာ စခန်းများတွင် နေထိုင်နေကြသည့် ရိုဟင်ဂျာထောင်များစွာ အတိဒုက္ခရောက်နေပုံများကို သွားရောက်ကြည့်ရှုရန် ဘင်္ဂလားဒေရှ့်က တရုတ်အထူးကိုယ်စားလှယ်ကို အဆိုပြုခဲ့သည်ဟုလည်း ရိုက်တာသတင်းတွင် ရေးသားထားသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ မုဒိမ်းပြုကျင့်၊ သတ်ဖြတ်မှုနှင့် ညှင်းပန်းနှိပ်စက်မှုတို့ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာက စွပ်စွဲမှုများ ရှိနေသော်လည်း မြန်မာအစိုးရကမူ အစဉ်တစိုက် ငြင်းဆိုလေ့ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar