အေအက်ဖ်ပီ
ရိုဟင်ဂျာဒုက္ခသည်များ အလုံးအရင်းဖြင့် ဝင်ရောက်လာမှုနှင့်အတူ မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်းလာမှုများ တိုးပွားလာသည့်အတွက် သုံးလမကျော်သေးသည့်အချိန်အတွင်းမှာပင် စိတ်ကြွဆေး အလုံးရေ ကိုးသန်းနီးပါးကို ဘင်္ဂလားဒေရှ့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။
နယ်စပ်အဖြစ် ပိုင်းခြားထားသည့် နတ်မြစ်အတွင်းတွင် ငါးဖမ်းလှေများအား စီးနင်းဖမ်းဆီးမှုများ ပိုမိုဆောင်ရွက်ခဲ့ရာ “ယာဘ” ဆေးပြား အများအပြားကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဆေးပြားများကို ဘင်္ဂလားဒေရှ့်လူငယ်များက သုံးစွဲနေကြသည်ဟုလည်း ဆိုသည်။
ဇန်နဝါရီ ၁ ရက်နေ့က စတင်ကာ နယ်စပ်မြို့ဖြစ်သည့် တက်နက်ဖ်ရှိ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်က စိတ်ကြွဆေးပြား ၅ ဒသမ ၆ သန်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့က ဆေးပြား ၃ ဒသမ ၄၇ သန်းကို ဖမ်းဆီးရမိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။
“မတ် ၁၅ ရက်နေ့က စီးနင်းမှုမှာတော့ နတ်မြစ်အတွင်းက စွန့်ပစ်ထားတဲ့ အိတ်လေးအိတ်ထဲကနေ ယာဘဆေးပြား ၁ ဒသမ ၈ သန်းကို ဖမ်းမိခဲ့ပါတယ်” ဟု နယ်ခြားစောင့်တပ်မှူး ဒုတိယဗိုလ်မှူးကြီး Asadud Zaman Chowdhury က အေအက်ဖ်ပီကို ပြောကြားသည်။
“အဲဒါက နယ်ခြားစောင့်တပ်ကနေ ယာဘတွေကို အများဆုံးဖမ်းဆီးရမိမှုလည်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ မတ်လအတွင်း လူ ၁၁ ဦးကို နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ရာ ရိုဟင်ဂျာ ခုနစ်ဦးလည်း ပါဝင်သည်။
ဘင်္ဂလားပင်လယ်အော်တွင် ကင်းလှည့်နေသည့် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ငါးဖမ်းလှေတစ်စင်းပေါ်မှ ဆေးပြား ၃၀၀,၀၀၀ ခန့်နှင့် မြန်မာနိုင်ငံသားခြောက်ဦးကို ယခုလအတွင်း ဖမ်းဆီးခဲ့သည်ဟု အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လက စတင်ကာ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ့်သို့ အလုံးအရင်းဖြင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများအတွက် ယာဘဆေးပြားများက ဝင်ငွေလွယ်လွယ်ရရှိနိုင်သော အခွင့်အလမ်းတစ်ခု ဖြစ်နေသည်။
ဒုက္ခသည်များက ယာဘဆေးပြားများကို သယ်ယူပေးသူများအဖြစ် ဆောင်ရွက်ကြသည်။ ထို့နောက် ဘင်္ဂလားဒေရှ့်ဘက်ခြမ်းရှိ မူးယစ်ဆေးကုန်သည်များထံ ဆေးပြားများကို ၎င်းတို့က လွှဲပြောင်းပေးလိုက်ကြပြီးနောက် ကုန်သည်များက ဆေးပြားများကို ဘင်္ဂလားဒေရှ့်၏ အဓိကမြို့ကြီးများဆီ သယ်ယူသွားကြသည်ဟု ရဲများက ပြောကြားသည်။
နှစ်နိုင်ငံ နယ်စပ်ကို ပိုင်းခြားထားသည့် ၃၃ မိုင် ရှည်လျားသော နတ်မြတ်အတွင်း ကင်းလှည့်ရန် ခက်ခဲသောကြောင့် မူးယစ်ဆေး မှောင်ခိုမှုများ တိုးပွားလာခြင်းဖြစ်သည်ဟု နယ်ခြားစောင့်တပ်နှင့် မူးယစ်ဆေးတိုက်ဖျက်ရေး အရာရှိများက ပြောကြားသည်။
ဘင်္ဂလားဒေရှ့် မူးယစ်တိုက်ဖျက်ရေးအရာရှိများ၏ အဆိုအရ ဆေးပြားများကို မြန်မာနိုင်ငံဘက်ခြမ်းရှိ ရေချိုးခန်း အရွယ်အစားသာရှိသော ဓာတ်ခွဲခန်းများတွင် ထုတ်လုပ်နေသည်ဟုဆိုသည်။
သြဂုတ် ၂၅ ရက်နေ့က စတင်ကာ ဘင်္ဂလားဒေရှ့်သို့ မြန်မာနိုင်ငံဘက်မှ လူခုနစ်သိန်းနီးပါး ဝင်ရောက်လာကြသည်။ နယ်စပ်တစ်လျောက်ရှိ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာကတည်းက နေထိုင်နေကြသည့် ဒုက္ခသည်သုံးသိန်းခန့်ထံ ၎င်းတို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။
“လူတွေ အလုံးအရင်းဝင်ရောက်လာမှုကြောင့် သယ်ယူပေးသူအဖြစ် ဆောင်ရွက်ကြသူအရေအတွက်လည်း ပိုမိုများပြားလာပါတယ်။ အတွင်းပိုင်းမှာ သယ်ယူသူအဖြစ် ဆောင်ရွက်သူတွေလည်း များလာတယ်။ တချို့တွေကတော့ အသက်ရှင်ရပ်တည်နိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်” ဟု Chowdhury က ပြောကြားသည်။
“အဲဒါက ငွေလွယ်လွယ်ရမယ့် နည်းလမ်းတစ်ခုပဲ” ဟုလည်း ၎င်းကပြောသည်။ မြန်မာနိုင်ငံနယ်စပ်တွင် ဒေါ်လာ ၂၀ ဆင့်ခန့်သာပေးရသည့် ယာဘဆေးပြားတစ်ပြားသည် ဘင်္ဂလားဒေရှ့်မြို့တော် ဒါကာတွင် သုံးဒေါ်လာမှ လေးဒေါ်လာအထိ ပေါက်ဈေးရှိသည်ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံဘက်မှ ယာဘဆေးပြားများ မှောင်ခိုတင်သွင်းမှုများကို လုံးဝသည်းမခံရန် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရှိပ်ဟာစီနာက ပြောကြားထားပြီး နယ်စပ်တစ်လျောက် မူးယစ်ဆေးနှိမ်နင်းရေးဆောင်ရွက်ရန် အမိန့်ပေးထားသည်ဟု အမည်မဖော်လိုသည့် နယ်ခြားစောင့်တပ်အရာရှိတစ်ဦးက ပြောကြားသည်။