မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်အကြပ်အတည်းသည် ဒေသတွင်းအတွက် စိုးရိမ်ဖွယ်ကောင်းသည် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု မလေးရှားဝန်ကြီးချုပ်က အရှေ့တောင်အာရှ အိမ်နီးချင်းများအား စနေနေ့တွင် သတိပေးလိုက်သည်။
ပြီးခဲ့သည့်နှစ်သြဂုတ်လတွင် စစ်သွေးကြွများက မြန်မာလုံခြုံရေးစခန်းများအား အလစ်ဝင်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း မြန်မာစစ်တပ်က ဆောင်ရွက်ခဲ့သည့် တန်ပြန်စစ်ဆင်ရေးများကြောင့် လူပေါင်း ခုနစ်သိန်းခန့် အိမ်နိးချင်းဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးဝင်ရောက်လာခဲ့ကြသည်။
ထိုကဲ့သို့နေရပ်မှ ထွက်ပြေးခဲ့ကြရသူများမှာ IS ကဲ့သို့ အစွန်းရောက်အုပ်စုများ၏ သားကောင်ဖြစ်သွားမည်ကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က စိုးရိမ်နေခြင်းဖြစ်သည်။
အဆိုပါကိစ္စသည် ပြည်တွင်းရေး ပြဿနာသာ မဟုတ်တော့ဟု ဆစ်ဒနီမြို့တွင် ကျင်းပသည့် သြစတြေးလျ-အာဆီယံအထူးထိပ်သီးအစည်းအဝေးတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။ ထိုသို့ပြောကြားချိန်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ၎င်းနှင့် မီတာအနည်းငယ်အကွာတွင် ရှိနေသည်။
“ရိုဟင်ဂျာတွေ ခံစားနေရမှုနဲ့ ဒေသတွင်းတစ်ခုလုံးမှာ ရွှေ့ပြောင်းနေထိုင်နေရမှုတွေကြောင့် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို ပြည်တွင်းရေးသက်သက်ပဲလို့ ယူဆလို့ မရတော့ပါဘူး” ဟု ၎င်းက ပြောကြားသည်။
“ပြီးတော့ ဒီပြဿနာကို လူသားချင်း စာနာထောက်ထားမှု ရှုထောင့်တစ်ခုထဲကပဲ မကြည့်သင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ဒေသတွင်းကို ခြိမ်းခြောက်မယ့် စိုးရိမ်ဖွယ် လုံခြုံရေးကိစ္စတစ်ခုအဖြစ် ကြီးထွားလာဖွယ်ရှိနေလို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
အနာဂတ်အတွက် မျှော်လင့်ချက် မမြင်ပဲ စိတ်ပျက်နေကြသူ ထောင်ပေါင်းများစွာ ရှိနေသည့် ရခိုင်ပြည်နယ်သည် IS ကဲ့သို့ အစွန်းရောက်အဖွဲ့များ လူသစ်စုဆောင်းရာနေရာ ဖြစ်လာလိမ့်မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးလာခဲ့ကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား စောင့်ရှောက်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး လိုအပ်မည်ဟု ကုလသမဂ္ဂ သောကြာနေ့က တောင်းခံထားသည်။
အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကို တားဆီးရန်အတွက် အနီးကပ်ပူးပေါင်းဆောင်ရွက်ကြရန် နာဂျစ်က တိုက်တွန်းလိုက်ပြီး တစ်ချိန်တည်းမှာပင် “မျှတပြီး ကြာရှည်ခံမည့် အဖြေတစ်ခု” ရှာဖွေရေးအတွက် မလေးရှားက ကူညီရန်အဆင်သင့်ရှိသည်ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။
ဆီးရီးယားနှင့် အီရတ်တို့တွင် ၎င်းတို့၏ နယ်မြေများ ကျဆုံးသွားခဲ့သော IS စစ်သွေးကြွများက မြေအောက်သို့ ငုတ်လျိုးသွားပြီး ၎င်းတို့ ပြန်လည်ကြီးထွားကာ လှုပ်ရှားနိုင်မည့် အကြမ်းအတည်းဖြစ်နေသော နေရာများတွင် ပြန်လည်ပေါ်ထွက်လာနိုင်သည်ဟု နာဂျစ်က သတိပေးခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင်တောင်ပိုင်းရှိ မာရာဝီမြို့အား IS လိုလားသည့် စစ်သွေးကြွများက သိမ်းပိုက်ခဲ့ခြင်းကို နာဂျစ်က ညွှန်ပြပြောဆိုခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ မာရာဝီကနေ သင်ခန်းစာယူရမှာဖြစ်ပြီး အလွန်ကို စိုးရိမ်ပူပန်သင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။