ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

ရန်ကုန်၊ ဧပြီ ၆

လုံခြုံရေးတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်နေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်သည်။ စစ်တပ်က ရိုဟင်ဂျာတို့ကို မုဒိမ်းပြုကျင့်၊ သတ်ဖြတ်မှုနှင့် ညှင်းပန်းနှိပ်စက်မှုတို့ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက သဘောတူလိုက်ပြီးနောက် ၎င်းက ဘီဘီစီသတင်းဌာနသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်၏ လများစွာကြာမြင့်သည့် နှိမ်နင်းမှုများအတွင်း နိုင်ငံမဲ့ ရိုဟင်ဂျာ ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားကြသည်။ ရိုဟင်ဂျာ ခုနှစ်သောင်းခွဲနီးပါးသည် အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး ၎င်းတို့က စစ်တပ်၏ ကျူးလွန်မှုများကို ပြန်လည်ပြောပြခဲ့ကြသည်။

လူ့အခွင့်အရေးကို ကာကွယ်သူအဖြစ် နိုင်ငံတကာတွင် ထင်ပေါ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ရိုဟင်ဂျာအရေး ဆက်ဆံကိုင်တွယ်မှုတွင် အားနည်းလျက်ရှိနေပြီး ညင်းပန်းနှိပ်စက်ခံရသည့် လူနည်းစုကို ကာကွယ်သည့်အနေဖြင့် ပွင့်လင်းစွာ ပြောဆိုခြင်းမရှိသေးဟု ဆိုကြသည်။ ထို့အပြင် ၎င်းက စစ်တပ်၏ နှိမ်နင်းမှုများကိုလည်း ရှုတ်ချခြင်း မရှိသေးပေ။ ထွက်ပြေးလွတ်မြောက်လာသူများနှင့် စကားပြောဆိုခဲ့သည့် ကုလသမဂ္ဂ စစ်ဆေးရေးမှူးများ၏ အဆိုအရ စစ်တပ်၏ နှိမ်နင်းများမှုမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်နိုင်ပြီး လူသားချင်းစာနာမှုကို ဆန့်ကျင်သည့် ပြစ်မှုများလည်း ကျူးလွန်ခဲ့သည်ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ရောက်ရှိလာသူများအဖြစ် ယူဆထားသော ရိုဟင်ဂျာ တစ်သန်းကျော်ရှိနေသည့် နိုင်ငံတစ်ခုတွင် အုံကြွစေရန် သွေးထိုးနိုင်သည့် ပြဿနာတစ်ခုကို ကိုင်တွယ်နိုင်သည့် အတိုင်းအတာတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။ “လူမျိုးတုံးသတ်ဖြတ်မှုဖြစ်နေတယ်လို့ မထင်ပါဘူး”ဟု ဗုဒ္ဓဟူးနေ့က ရှားရှားပါးပါး ပြုလုပ်သည့် ဘီဘီစီနှင့် သီးသန့် ရုပ်သံ အင်တာဗျူးတွင် ၎င်းကပြောကြားခဲ့သည်။

“ဘာတွေဖြစ်နေသလဲဆိုတာကို ဖော်ပြဖို့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စကားက ပြင်းထန်လွန်းပါတယ်” ၎င်းကဆိုသည်။ ရိုဟင်ဂျာအများစုမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသည်။ ရခိုင်ပြည်နယ်တွင် မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဘာသာရေးအကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ် နောက်ပိုင်းကတည်းက ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ ပြည်တွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေးသူများအားထားရှိသည့် စခန်းများတွင် ပင်ပန်းကြီးစွာ နေထိုင်နေရသည်ဟု ဆိုသည်။

နောက်ဆုံးအကြမ်းဖက်တိုက်ခိုက်မှုမှာ လွန်ခဲ့သည့်နှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့ပြီး ထိုစဉ်က ရိုဟင်ဂျာတို့၏ အခွင့်အရေးအတွက်ဟုဆိုသည့် လက်နက်ကိုင်စစ်သွေးကြွများစွာက နယ်ခြားစောင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ကလည်း ၎င်း၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်နေစဉ် ရိုဟင်ဂျာများနေထိုင်ရာ နယ်ြမေတစ်ဝိုက်သို့ ချဉ်းကပ်သွားလာခွင့်ကို တင်းကျပ်လိုက်သည်။.

စစ်သားများက ကျူးလွန်ခဲ့သည့်ဆိုသည့် စွပ်စွဲချက်များကို စစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် အချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခုကို စေလွှတ်ရန် ပြီးခဲ့သည့်လက သဘောတူခဲ့သည်။ ရခိုင်ပြည်နယ်တွင် ရန်လိုမှုများစွာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ “အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ထင်ရင် မွတ်စလင်အချင်းချင်းလည်း သတ်ဖြတ်တာတွေရှိပါတယ်” ဟု ၎င်းကပြောသည်။

“လူမျိုးတုံးသတ်ဖြတ်မှု ကိစ္စတစ်ခုတင်မဟုတ်ပါဘူး။ ဒါက သဘောကွဲလွဲမှုတစ်ခုရဲ့ ဘက်အသီးသီးပေါ်က လူတွေရဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒီကွဲလွဲမှုကို စေ့စပ်ပစ်ဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်။ တတ်နိုင်သရွေ့ အကောင်းဆုံးဖြစ်ဖို့ရယ် ပြဿနာကို နောက်ထပ် ကျယ်ပြန့်မသွားဖို့ပါ” ဟု ၎င်းကပြောသည်။

စစ်တပ်တွင် မုဒိမ်းမှု၊ လုယက်ဖျက်ဆီးမှုနှင့် ညှင်းပန်းနှိပ်စက်မှုတို့ကျူးလွန်ရန် ကင်းလွတ်ခွင့်မရှိဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

“သူတို့(စစ်သားတွေ)ဟာ ဝင်ပြီး တိုက်ခိုက်ခွင့်ရှိတယ်။ တကယ်တော့ ဒါကလည်း အခြေခံဥပဒေနဲ့ အညီပဲ။ စစ်ရေးကိစ္စတွေက စစ်တပ်ရဲ့တာဝန်အဖြစ်ပဲ ထားရှိဖို့ပါ” ဟု ၎င်းကဆိုသည်။ ထို့အပြင် ကာကွယ်ရေးနှင့် ပတ်သက်၍ စစ်တပ်က အလုံးစုံထိန်းချုပ်ထားမှုကို ခွင့်ပြုထားသော လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရန် ရည်ရွယ်နေသည်ဟုလည်း ၎င်းကထပ်မံ ပြောကြားခဲ့သည်။

စစ်သားများက ကလေးများအား မိခင်များရှေ့တွင်ပင် သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာအမျိုးသားများကို စုစည်းသတ်ဖြတ်ခြင်းနှင့် ကျယ်ပြန့်သည့် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းတို့အပါအဝင် ထိတ်လန့်ဖွယ် ညင်းပန်းနှိပ်စက်မှုများအကြောင်းကို ထွက်ပြေးခဲ့သော ရိုဟင်ဂျာများက ကုလဝန်ထမ်းများကို ပြောကြားခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသူများနှင့် ပတ်သက်၍လည်း ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လာပါက အန္တရာယ်ကင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သတင်း-အေအက်ဖ်ပီ

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar