သောမတ်စ်ကင်း(န်)နှင့် ကလဲရ်ဟမ်မွန် ရေးသားသည်။
ရန်ကုန် – သြဂုတ် ၂၂ ရက်မှစကာ ဒုက္ခသည် ၃,၄၅၀ အထိ မြန်မာဘက်သို့ ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအစိုးရတို့က ရုတ်တရက်ကြိုးပမ်းမှုအပေါ် အချိန်ကာလတိုတောင်းမှုနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းကို စိုးရိမ်မိကြောင်း ကုလသမဂ္ဂနှင့် ရိုဟင်ဂျာဒုက္ခသည်များက ပြောသည်။
ပြန်ပို့မည့်ရက်မတိုင်မီ နှစ်ရက်အလိုတွင် တရားဝင်ခွင့်ပြုချက်ရထားပြီးသော ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များ၏ဆန္ဒကို အင်္ဂါနေ့တွင် စတင်လေ့လာဆန်းစစ်ရန် မျှော်လင့်ထားကြောင်း အေဂျင်စီပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
မြန်မာဘက်က လက်ခံရန် တရားဝင်ခွင့်ပြုထားပြီးဖြစ်သော ရိုဟင်ဂျာဒုက္ခသည်များ၏ စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကုလသမဂ္ဂသို့ သြဂုတ် ၈ ရက်က ပေးအပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဘက် ပေးအပ်ခဲ့သည့်ဦးရေ ၂၂,၀၀၀ ကျော်၏အမည်များကို မြန်မာဘက်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းစာရင်းကို သက်ဆိုင်ရာအစိုးရများက မည်သို့ပြင်ဆင်ခဲ့သည်ကိုမူ မရှင်းလင်းပေ။
မြန်မာနိုင်ငံသို့ပြန်ရန် တရားဝင်ခွင့်ပြုချက်ရပြီးဖြစ်သော ဒုက္ခသည်များက မြန်မာနိုင်ငံသို့ ပြန်လိုစိတ်ရှိမရှိ ဆန်းစစ်ရန် ကုလအရာရှိများကို စောင့်ကြည့်ချိန် နှစ်ပတ်ပေးခဲ့သည်ဟု Frontier က ကြည့်ရှုခဲ့သည့် ပြည်တွင်းအီးမေးလ်များတွင် ဖော်ပြထားသည်။ သို့သော်လည်း ယင်းစောင့်ကြည့်ကာလမှာ အစ္စလာမ်ဘာသာဝင်တို့၏ အိဒ်အားလပ်ရက်ကာလအတွင်းဖြစ်နေပြီး ကုလဝန်ထမ်းများ၊ ဘင်္ဂလားဒေ့ရှ် အစိုးရဝန်ထမ်းများနှင့် တွေ့ရှိနိုင်မှုက အကန့်အသတ်ဖြစ်နေသည်။
ခွင့်ပြုချက်ရရှိထားသော ဒုက္ခသည်များစာရင်းကို စာရွက်စာတမ်းဖြင့်သာ ပေးပို့ခဲ့ပြီး ဒုက္ခသည်စခန်းများရှိ လူများ၊ မိသားစုများအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြရာတွင် အသုံးပြုလေ့ရှိသော မှတ်ပုံတင်နံပါတ်များ မပါဘဲ အမည်များတူနေခြင်းနှင့် စာလုံးပေါင်းရာတွင် ကွဲလွဲခြင်းများသာပါဝင်သည်။
ဒုက္ခသည်များဆိုင်ရာ သတင်းအချက်အလက် မျှဝေမှုလုပ်ငန်းစဉ်ကိုဦးဆောင်ရန် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ရေးကော်မရှင် (RRRC) ကို တာဝဝန်ပေးခဲ့သော်လည်း ကော်မရှင်အကြီးအကဲ မစ္စတာမိုဟာမက် အဘူလ်ကာလမ်မှာ ဆေးစစ်ဆေးကုသမှု ခံယူနေရခြင်းကြောင့် သြဂုတ်လ ၁၈ ရက်အထိ လုပ်ငန်းခွင်တွင် မရှိခဲ့ပေ။
UNHCR, RRRC နှင့် ဒုက္ခသည်စခန်းအကြီးအကဲများ၏ စည်းဝေးပွဲကို သြဂုတ် ၁၈ ရက်၌ပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း Frontier က ကြည့်ခဲ့သည့် ပြည်တွင်းအီးမေးလ်များတွင် ဖော်ပြထားသည်။
“အဆိုပြုထားတဲ့အချိန်ဇယားက စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်” ဟု ဘန်ကောက်အခြေစိုက် UNHCR ပြောခွင့်ရအမျိုးသမီး မစ္စရိုလင်းဂလပ်က သြဂုတ် ၁၈ ရက်က မေးခွန်းများကိုဖြေကြားသည့် အီးမေးလ်တစ်ခုတွင် ပြောကြားခဲ့သည်။
“မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရထံပို့တဲ့စာရင်းတွေကို သုံးသပ်ဖို့ UNHCR က အသည်းအသန် လုပ်နေပါတယ်။ နောက်ပြီး အစိုးရရဲ့ဦးဆောင်မှုနောက်ကနေ ဒုက္ခသည်အသိုင်းအဝိုင်းဆီ သွားရောက်ဖို့ ထိရောက်တဲ့ပြင်ဆင်မှုတွေလည်း လုပ်နေပါတယ်။ ဒါတွေက ဆောင်ရွက်နေဆဲပါ” ဟု ၎င်းကပြောသည်။
UNHCR သည် ဒုက္ခသည်များဆိုင်ရာ သတင်းအချက်အလက်များကို လွန်ခဲ့သည့်သီတင်းပတ်က စတင်မျှဝေခဲ့ပြီး စာမျက်နှာ သုံးမျက်နှာပါ စာရွက်များကို ဘာသာစကားသုံးမျိုးဖြင့် ဒုက္ခသည်စခန်းများတွင် ဖြန့်ချိခဲ့သည်။ ပြန်ခွင့်ရရှိထားသည့် ဒုက္ခသည်များသည် UNHCR နှင့် တွေ့ဆုံကာ ၎င်းတို့အနေဖြင့် ပြန်လိုခြင်းရှိ မရှိ ထုတ်ဖော်ပြောကြားခွင့်ရရှိမည်ဖြစ်သည်ဟု ယင်းစာရွက်တွင် ဖော်ပြထားသည်။
အခြေအနေများက စနစ်တကျမရှိ
UNHCR က ဒုက္ခသည်များ၏ဆန္ဒကို ဆန်းစစ်မည်ဖြစ်သော်လည်း သြဂုတ် ၂၂ ရက်တွင် ကိုယ်တိုင်ကိုယ်ကျ မူလနေရာသို့ပြန်ရန်ဆုံးဖြတ်သည့် မည်သူ့ဆန္ဒကိုမဆို စွက်ဖက်မည်မဟုတ်ပေ။ အေဂျင်စီသည် ဒုက္ခသည်များနေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ကြား နားလည်မှုစာချွန်လွှာနှင့်ဆိုင်သည့် အဖွဲ့တစ်ခုတော့ မဟုတ်ပေ။ သို့သော်လည်း မြန်မာနိုင်ငံအခြေအနေများက ဒုက္ခသည်များ ပြန်လာရန် သင့်တော်သည်ဟု အေဂျင်စီက မယူဆပေ။
ပြန်လာမှုများ လွယ်ကူချောမောရေးတွင် အခန်းကဏ္ဍတစ်ခုမှပါဝင်မည့် ဒုက္ခသည်အေဂျင်စီအတွက် ပြန်လာမည့်ဒုက္ခသည်များ ဆန္ဒအလျောက်ဖြစ်ရေး၊ အန္တရာယ်ကင်းရှင်းရေးနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးတို့အတွက် အခြေအနေများက စနစ်တကျဖြစ်ရမည့်အပြင် ပြန်လာသူများ၏ လုံခြုံရေး၊ တရားဝင်ဖြစ်ရေးနှင့် ပိုင်ဆိုင်မှုများအန္တရာယ်ကင်းရေးတို့အတွက်လည်း စနစ်တကျဖြစ်စေရမည်ဟု UNHCR မှ မစ္စဂလပ်က Frontier ကိုပြောသည်။
“ဒီအထဲမှာ ပြန်လာသူတွေရဲ့ ပြန်လည်ပေါင်းစည်းမှုနဲ့ ပြန်လာမှုကို UNHCR ရဲ့ စောင့်ကြည့်နိုင်စွမ်းလည်း ပါပါတယ်” ဟု ၎င်းကပြောသည်။ ရိုဟင်ဂျာဒုက္ခသည်များ ပြန်လာရေးအတွက် မြန်မာနိုင်ငံရှိ အခြေအနေများမှာ စနစ်တကျမရှိသေးကြောင်း ကော့စ်ဘဇားရှိ UNHCR ၏ လုပ်ငန်းစဉ်အကြီးအကဲ မစ္စတာ မာရင်ဒင် ကက်ရှ်ဒွမ်ကက်ရှ် Mr Marin Din Kajdomcaj က ယခုလအစောပိုင်းက Frontier ကို ပြောသည်။
ယင်းအခြေအနေကို မစ္စဂလပ်က သြဂုတ် ၁၈ ရက်တွင် ထပ်မံပြောကြားခဲ့သည်။ သို့ရာတွင် UNHCR သည် ဒုက္ခသည်များ ပြန်လိုသည့်ဆန္ဒရှိပါက ၎င်းတို့အခွင့်အရေးကို လေးစားမည်ဖြစ်ကာ တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ၂၀၁၈ နိုဝင်ဘာလက ဒုက္ခသည် ၂,၂၆၀ ကို မြန်မာနိုင်ငံသို့ပြန်ပို့ရန် ကြိုးပမ်းခဲ့သော်လည်း ဖြစ်မလာခဲ့ပေ။ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များ ဦးဆောင်သည့် ဆန္ဒပြမှုများဖြစ်နေစဉ် ပြန်ရန်စိစစ်ပြီးသူများက ဘင်္ဂလားဒေ့ရှ်က ထွက်ခွာရန် ငြင်းပယ်ခဲ့သောကြောင့်ဖြစ်သည်။
ရခိုင်မြောက်ပိုင်းဒေသများသို့ UNHCR ဝင်ရောက်မှု ကန့်သတ်ချက်များကြောင့် အေဂျင်စီသည် အခြေအနေမှန်ကို အပြည့်အ၀ အကဲမဖြတ်နိုင်ဟု မစ္စဂလပ်က Frontier ကိုပြောသည်။
“အဲဒီနေရာတွေက လုံခြုံရေးအခြေအနေက ဝင်ရောက်မှုကို ကျဉ်းမြောင်းစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပြီး ဒါက ရခိုင်ပြည်နယ်ရဲ့နေရာသုံးခုကို ပြန်ဖို့အတွက်က လက်ရှိပတ်ဝန်းကျင်နှင့် အခြေအနေက တိုက်ရိုက်စကားပြောနေပါတယ်” ဟု ၎င်းကပြောသည်။
တပ်မတော်သည် ရခိုင်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အေအေကို ဇန်နဝါရီ ၄ ရက်နေ့ကတည်းက တိုက်ခိုက်လျက်ရှိပြီး နေရပ်စွန့်ခွာထွက်ပြေးသူဦးရေမှာ ၆၀,၀၀၀ ဝန်းကျင်ရှိနေသည်။ ယင်းပဋိပက္ခကြောင့် အရပ်သားထိခိုက်မှု အရေအတွက်ကို အတည်ပြုရန်မှာ ယင်းဒေသသို့ ဝင်ရောက်ရေးမှာ ကန့်သတ်ချက်များ ရှိနေသည့်အပြင် ဇွန် ၂၁ ကတည်းက မြို့နယ် ကိုးမြို့နယ်တွင် အင်တာနက်လိုင်းများ ပိတ်ထားမှုကြောင့် ခက်ခဲနေသည်။
ရခိုင်ပြည်နယ်ရေးရာအကြံပေးကော်မရှင်၏ ထောက်ခံတင်ပြချက်များတွင် မီးမောင်းထိုးပြခဲ့သကဲ့သို့ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၏ ဇစ်မြစ်အကြောင်းရင်းများကို ကိုင်တွယ်ရန်လိုအပ်ကြောင်း၊ သို့မှသာ ဒုက္ခသည်များက ၎င်းတို့၏အပြန်ခရီးမှာ ဂုဏ်သိက္ခာရှိပြီး ထိန်းထားနိုင်မည်ဟု ယုံကြည်နိုင်မည်ဖြစ်ကြောင်း မစ္စဂလပ်ကပြောသည်။
ကမန်တိုင်းရင်းသားအနည်းငယ်အပါအဝင် ရိုဟင်ဂျာအများစုပါဝင်သော မွတ်စလင် ၁၂၈,၀၀၀ မှာ ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ စခန်းများတွင် အကျဉ်းကျနေသလိုဖြစ်နေပြီး အစိုးရ၏ခွင့်ပြုချက်မရဘဲ အပြင်ထွက်သွားလာခွင့်မရှိပေ။ ထို့ပြင် အသက်မွေးလုပ်ငန်းအများစုနှင့် ပညာရေးအခွင့်အလမ်းများ အဆက်ဖြတ်ခံရပြီး ၎င်းတို့၏ရှင်သန်ရေးအတွက် နိုင်ငံတကာအေဂျင်စီများ၏ အကူအညီအပေါ်မှီခိုနေရသည်။
“ရခိုင်ပြည်နယ်အခြေအနေက ပြန်လာသူတွေအတွက် အန္တရာယ်မကင်းသေးပါဘူး။ ကာလရှည်နှိပ်စက်မှုတွေ ရှိနေသေးပြီး ရိုဟင်ဂျာတွေဟာ ပညာသင်ခွင့်၊ အသက်မွေးခွင့်၊ လွတ်လပ်စွာသွားလာခွင့်နဲ့ အခြေခံလုံခြုံရေးတို့ လိုအပ်နေပါသေးတယ်” ဟု Fortify Rights မှ လူ့အခွင့်အရေးကျွမ်းကျင်သူ မစ္စတာဂျွန်ကွင်းလေက ပြောသည်။ လူမျိုးတုန်းရှင်းလင်းရေးကို ဦးဆောင်ခဲ့သည့် စစ်တပ်ကိုယ်တိုင် ရိုဟင်ဂျာတို့အပြန်ခရီးကို ကာကွယ်ပေးမည့်သူများဖြစ်နိုင်သဖြင့် ယင်းက ပြဿနာဖြစ်နိုင်သည့်ပြင် အန္တရာယ်လည်းကြီးကြောင်း ၎င်းကပြောသည်။
ပွင့်လင်းသတင်းရင်းမြစ်များနှင့် ဂြိုဟ်တုမှလေ့လာဆန်းစစ်မှုများကို အခြေခံသော သြစတြေးလျမှ သုတေသီများ၏ ဇူလိုင်လလေ့လာမှုအရ မြန်မာနိုင်ငံသည် ဒုက္ခသည်များပြန်လာရေးအတွက် အနည်းဆုံးပြင်ဆင်မှုကိုသာ ပြုလုပ်ထားသည်ဆိုသည်။ တနင်္လာနေ့က Frontier သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကို မဆက်သွယ်နိုင်ခဲ့သလို ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးကလည်း သုံးသပ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ကျိုးပျက်ခဲ့တဲ့ ကတိတစ်ခု
ဇူလိုင် ၂၇ နှင့် ၂၈ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူဦးဆောင်သော မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံအရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ အဖွဲ့ဝင်ငါးဦးတို့သည် စခန်းများတွင် ရိုဟင်ဂျာခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
၎င်းတို့က နှစ်လအတွင်း ရိုဟင်ဂျာခေါင်းဆောင်များကတင်ပြသော ပြန်ပို့ရေးအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ရန် ယင်းဆွေးနွေးပွဲများအတွင်း သဘောတူခဲ့ကြသည်။ တောင်းဆိုမှုများတွင် နိုင်ငံသားပေးရေးနှင့် နိုင်ငံသားအခွင့်အရေးများပေးရေး၊ ဒုက္ခသည်များ၏ မူလနေရာပြန်သွားနိုင်သည့် အခွင့်အရေးပေးရေးနှင့် ဒုက္ခသည်များနေရပ်ပြန်ရေးလုပ်ငန်းစဉ်တွင် ကုလဒုက္ခသည်များအေဂျင်စီပါဝင်ရေးတို့ ပါဝင်သည်။
မြန်မာတို့၏ရိုးသားမှုကို သံသယရှိသည်ဟု ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်အချို့က ပြောခဲ့ကြသော်လည်း အချို့ကမူ တွေ့ဆုံဆွေးနွေးပွဲမှ အဖြေတစ်ခုရနိုင်သည်ဟုမျှော်လင့်ကြောင်း Frontier ကို ပြောသည်။
မြန်မာနိုင်ငံကို စေ့စပ်ညှိနှိုင်းမှုလုပ်လာစေရန် အာဆီယံ၊ အမေရိကန်နှင့် အီးယူတို့က ဖိအားပေးမည်ဟု မျှော်လင့်ကြောင်း ရခိုင်ရိုဟင်ဂျာငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင် မစ္စတာမိုဟစ်အူလာက သြဂုတ် ၄ ရက်က Frontier ကိုပြောသည်။
“ကျွန်တော်တို့ ဒီစခန်းတွေမှာ အကြာကြီးမနေပါဘူး။ မြန်မာနဲ့တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။ ပြီးတာနဲ့ ကျွန်တော်တို့ ပြန်မှာပါ” ဟု ၎င်းကပြောသည်။ ကုလဒုက္ခသည်အေဂျင်စီမှ ကက်ရှ်ဒွမ်ကက်ရှ်ကလည်း ကနဦးဆွေးနွေးပွဲများနှင့်စပ်လျဉ်း၍ စိတ်အားထက်သန်နေသည်။
“တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ နှစ်ဖက်စလုံးက စိတ်အားထက်သန်တာ တွေ့ရပါတယ်။ နောက်ပြီး ဖြေရှင်းချက်ရဲ့အစိတ်အပိုင်းအဖြစ် ဒုက္ခသည်တွေကို ကြည့်ရာမှာ ကုလရဲ့ပံ့ပိုးမှုကလည်း အလွန်အားကောင်းပါတယ်” ဟု ၎င်းက သြဂုတ်လ ၅ ရက်က ပြောသည်။ မြန်မာနှင့် အာဆီယံတို့သည် ၎င်းတို့၏ကတိကို ချိုးဖောက်ခဲ့ကြသည်ဟု ရိုဟင်ဂျာလူငယ်ခေါင်းဆောင် မစ္စတာမိုဟာမက်နောင်းခင်မ် Mr Mohammed Nowkhim က သြဂုတ်လ ၁၈ ရက်က ပြောသည်။
၎င်းတို့သည် နိုင်ငံတကာ၏ဖိအားမှ သက်သာရေးအတွက်သာ ရိုဟင်ဂျာများနှင့်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
ရိုဟင်ဂျာဒုက္ခသည်များမှာ အမြန်ဆုံးအိမ်ပြန်ချင်ကြသည်ဟု ၎င်းကထပ်မံပြောသည်။ သို့သော်လည်း ယင်းမှာ မြန်မာအစိုးရနှင့် စည်းကမ်းသတ်မှတ်ချက်များကို ဆွေးနွေးပြီးနောက်ပိုင်းမှသာဖြစ်ကြောင်းဆိုသည်။ ယင်းသို့မဟုတ်လျှင် မည်သူမျှ ဆန္ဒအလျောက်ပြန်မည်မဟုတ်ဟု ၎င်းကဆိုသည်။
“ကျွန်တော်တို့နဲ့ စကားမပြောဘဲနဲ့တော့ ဒုက္ခသည်တွေ ပြန်လာတယ်ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။
အောင်ကျော်ဦး ဘာသာပြန်သည်။
တပ်မတော်နှင့်အေအေတို့အကြား တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာသူများစာရင်းကို ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး Rakhine Ethnics Congress ၏စာရင်းအရပြင်ဆင်ထားပါသည်။