မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မူးယစ်ဆေးတွေကို ဒေသခံလှေသမားတွေက နယ်စပ်ဖြတ်ကျော်ပြီး မှောင်ခိုသယ်ဆောင်နေတာကို တားဆီးဖို့အတွက် သစ်သားငါးဖမ်းလှေ အနည်းဆုံး ၃၀ စီးကို ဘင်္ဂလားဒေရှ့်က ဖျက်စီးခဲ့ပါတယ်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာ ၇၀၀ ကျော်ကို နတ်မြစ်ကို ဖြတ်ပြီး သယ်ဆောင်လာတာကို နယ်ခြားစောင့်တပ်တွေက စက်တင်ဘာ ၃ ရက်နေ့မှာ ကြားဖြတ် ဖမ်းဆီးခဲ့ပြီးနောက် လှေသူကြီးတွေကို ဖမ်းဆီးခဲ့ပြီး လှေတွေကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
လှေသမားတွေဆီကနေ ရာဘလို့ခေါ်တဲ့ စိတ်ကြွဆေးပြား တစ်သိန်းကိုလည်း ဖမ်းမိခဲ့တယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ အဲဒီစိတ်ကြွဆေးပြားတွေဟာ ဘင်္ဂလားဒေရှ့်က လူငယ်တွေကြားမှာ ရေပန်းစားနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းကနေ စတင်ပြီး ရိုဟင်ဂျာသန်းတစ်ဝက်လောက်ဟာ သွေးထွက်သံယိုတိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာကြပါတယ်။ ထွက်ပြေးလာသူအများအပြားဟာ နှစ်နိုင်ငံကြား တားဆီးထားတဲ့ နတ်မြစ်ကို လှေတွေနဲ့ ဖြတ်ကူးရောက်ရှိလာကြတာဖြစ်ပါတယ်။
“ဒီပွဲစား (လှေသမားတွေ) က လူမှောင်ခိုကူးနေကြတာ” လို့ အမည်မဖော်လိုသူ နယ်ခြားစောင့်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။
“ကျွန်တော်တို့ကို လှေအစီး ၃၀ ဖျက်ဆီးခိုင်းတယ်။ အင်ဂျင်တပ်လှေတွေ မဟုတ်ပါဘူး။ လက်နဲ့လှော်တဲ့ လှေတွေပါ” လို့ သူက ဆက်ပြောပါတယ်။ ရှာဖွေမတွေ့ဖို့အတွက် စက်မပါတဲ့လှေတွေကို သုံးကြတယ်လို့လည်း သူကပြောပါတယ်။
နတ်မြစ်ကို ဖြတ်ကျော်ဖို့အတွက် ဒုက္ခသည်တွေထံကနေ ငွေကြေး အလွန်အကျွံတောင်းခံခဲ့တဲ့ လူ ၃၉ ဦးကို ထောင်ခြောက်လစီ ချခဲ့တယ်လို့ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ပြောပါတယ်။ ထောင်ကျသွားသူအများစုက ဘင်္ဂလားဒေရှ့်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။
လှေပိုင်ရှင်အုပ်စုတွေ၊ လှေလုပ်သားတွေနဲ့ ငါးဖမ်းသမားတွေက နှစ်နာရီကြာမြင့်တဲ့ ခရီးအတွက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေထံကနေ ဒေါ်လာ ၂၅၀ အထက် တောင်းခံပါတယ်။ ပုံမှန်ဆိုရင် အဲဒီခရီးက ငါးဒေါ်လာထက် ပိုမကျပါဘူး။
ယခုရက်သတ္တပတ်အတွင်းကလည်း ဒေသခံဂိုဏ်းက ဒုက္ခသည်တွေထံကနေ ငွေကြေးအမြောက်အများ တောင်းခံပြီး ပြန်ပေးဆွဲထားတဲ့ ရိုဟင်ဂျာ ၂၀ ဦးကို ဘင်္ဂလားဒေရှ့် လုံခြုံရေးတပ်ဖွဲ့တွေက ကယ်တင်ခဲ့ပါတယ်။
လှေသမားတွေက သူတို့ကို လှေနဲ့ မြစ်ကူး ပို့ဆောင်မပေးမီ ရွှေနဲ့ လက်ဝတ်ရတနာတွေကို ပေးအပ်ဖို့ တောင်းဆိုခဲ့တယ်လို့ ရောက်ရှိလာသူအချို့က အေအက်ဖ်ပီကို ပြောပါတယ်။
လှေသမားတွေက လူမှောင်ခို သယ်ပို့ရုံတင်မဟုတ်ပဲ မူးယစ်ဆေးဝါးတွေပါ သယ်ယူနေပါတယ်။ ဖမ်းမိခဲ့တဲ့ လှေတွေထဲကနေ ရာဘဆေးပြား တစ်သိန်းကို နယ်ခြားစောင့်တပ်က ရှာတွေ့ခဲ့ပါတယ်။
ဒီမူးယစ်ဆေးပြားတွေကို လှေတွေထဲမှာ ဝှက်ပြီးသယ်ဆောင်လာတာဖြစ်တယ်လို့ နယ်ခြားစောင့်တပ်က အရာရှိက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေရှ့်နယ်စပ်ရှိ ကောဘဇာကို ရေလမ်းနဲ့ကုန်းလမ်းကနေတဆင့် မူးယစ်ဆေးတွေ ခိုးသွင်းဖို့ ကြိုးစားတဲ့ မှောင်ခိုသမားတွေထံကနေ ရာဘဆေးပြား သန်းပေါင်းများစွာကို ဘင်္ဂလားဒေရှ့် လုံခြုံရေးအဖွဲ့တွေက ဖမ်းမိခဲ့ပါတယ်။
မကြာသေးမီကလည်း ရိုဟင်ဂျာ အမျိုးသား အနည်းဆုံးငါးဦးကို ရာဘဆေးပြား ၁ ဒသမ ၂၃ သန်းနဲ့အတူ နတ်မြစ်ထဲမှာ ဖမ်းမိခဲ့ပါတယ်။
သတင်း-အေအက်ဖ်ပီ