ရိုဟင်ဂျာများကို အဓမ္မပြန်ပို့ခြင်းက အကြမ်းဖက်မှုကို ဖြစ်စေနိုင်သည်ဟု ICG သတိပေး

ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများပြန်ပို့ရေး စီစဉ်ထားမှု အကောင်အထည်ဖော်အံ့ဆဲဆဲ အခြေအနေက နယ်စပ်၏ နှစ်ဖက်စလုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်သည့် အန္တရာယ်ရှိနိုင်သည်ဟု International Crisis Group က သတိပေးလိုက်သည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် လူဦးရေ ၂,၂၆၀ ရှိသည့် ရိုဟင်ဂျာမိသားစု ၄၈၅ စုကို ပြန်ပို့ရေး စတင်မည့်အစီစဉ်ကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ချက်ခြင်းရပ်တန့်သင့်သည်ဟု ဘရပ်ဆဲလ်အခြေစိုက်အဖွဲ့က ပြောကြားသည်။

“ဒီလူတွေကို ကြိုတင်ပြီး တိုင်ပင်ဆွေးနွေးမှုမရှိခဲ့ဘူး။ သူတို့ကို ဘယ်လိုရွေးချယ်ထားတယ်ဆိုတာ မရှင်းလင်းဘူး။ သူတို့ဟာ မြန်မာနိုင်ငံ ပြန်ပို့ခံရမဲ့အရေး ကြောက်ရွံ့နေကြပါတယ်” ဟု ICG က ပြောသည်။ အောက်တိုဘာ ၃၀ ရက်နေ့က ဒါကာတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ သဘောတူခဲ့သည့် ပြန်ပို့ရေးအစီစဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် ၎င်း၏ဒုက္ခသည်ဆိုင်ရာအေဂျင်စီတို့အား ကြိုတင်တိုင်ပင်ခဲ့ခြင်းမရှိဟုလည်း ICG ကပြောသည်။

ပြန်ပို့ခြင်းက အချိန်မတန်သေးဘဲ ပြန်လာရေးကို အထောက်အကူဖြစ်စေသည့် ရခိုင်ပြည်နယ်မှ မြေပြင်အခြေအနေများကို စဉ်းစားခြင်းမရှိကြောင်း ကုလက အလေးအနက်ပြောကြားခဲ့သည်ဟု နိုဝင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သည့် Bangladesh-Myanmar: The danger of forced Rohingya repatriation ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ICG က ပြောကြားထားသည်။

အတင်းအကျပ်ပြန်ပို့ခြင်းများက ရိုဟင်ဂျာများ လှေများဖြင့် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ထွက်ပြေးမှုများ မြင့်တက်လာနိုင်သဖြင့် အာဆီယံနိုင်ငံများနှင့် တိုက်ရိုက် ပတ်သက်မှုရှိနေသည်ဟု ICG က ဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည့် ရိုဟင်ဂျာများပြန်ပို့ရေးအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ မူဘောင်တစ်ခုကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက သဘောတူညီခဲ့ပြီး ထိုသဘောတူညီချက်အရ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၃ တွင် စတင်လက်ခံရန် စီစဉ်ထားသော်လည်း မည်သည့်ရိုဟင်ဂျာမှ တရားဝင်လမ်းကြောင်းမှ ပြန်လာခြင်းမရှိခဲ့ပေ။ ယခုနှစ်အတွင်း လက်ရှိအထိ ရိုဟင်ဂျာ ၁၆,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်သွားခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံအကြား အစည်းအဝေးများစွာ ကျင်းပပြီး ပြန်ပို့ရေးအစီစဉ်နှင့် ပတ်သက်ကာ ကြေညာချက်များ ထုတ်ပြန်ခဲ့သော်လည်း အဓိကအကြောင်းရင်းနှစ်ခုကြောင့် အကန့်အသတ်နှင့် ပြန်ပို့ရေးအတွက်သာ ဘင်္ဂလားဒေ့ရှ်က မကြာမီက တွန်းအားပေးခဲ့သည်။

ပထမအကြောင်းရင်းမှာ တရုတ်၏ ဖိအားပေးမှုကြောင့်ဖြစ်သည်။ အဓိက ရင်းနှီးမြုပ်နှံသူဖြစ်သည့် တရုတ်သည် မြန်မာအပေါ် သြဇာရှိသကဲ့သို့ ဘင်္ဂလားဒေ့ရှ်အပေါ်တွင်လည်း သြဇာရှိသူဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ ဒါကာတွင် ဖြစ်ပေါ်နေသည့် စိုးရိမ်မှုဖြစ်ပြီး ဒုက္ခသည်အများစုသည် ကြိုတင်မြင်နိုင်သည့် အနာဂါတ်အတွက် အိမ်ပြန်ရန် မဖြစ်နိုင်ဆိုသည့် ကမ္ဘာလုံးဆိုင်ရာ ဆန္ဒတစ်ခုပေါ်လာစေသည်။

အကန့်အသတ်ဖြင့်သာ လက်ခံခြင်းသည် ၎င်း၏ အကျိုးစီးပွားနှင့် ကိုက်ညီသည်ဟုလည်း မြန်မာက ရှုမြင်ကြောင်း အစီရင်ခံစာက ဆိုသည်။ ပမာဏအနည်းငယ်ပြန်လာခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် ပြန်လာသည့် ရိုဟင်ဂျာများကို လက်ခံကြိုဆိုရန် အသင့်ရှိနေသည်ဟု သံသယဖြစ်နေသော ကမ္ဘာကို ပြသနိုင်ပြီး ရိုဟင်ဂျာတို့ ထွက်သွားသည့် အကြောင်းရင်းများကို အာရုံလွှဲခြင်းဖြင့် လူမျိုးရေး ရှင်းလင်းမှုသုတ်သင်မှု ပြောကြားနေမှုများကို အားနည်းသွားစေမည်ဟု နေပြည်တော်က မျှော်လင့်နေကြောင်း ICG က ဆိုသည်။

ဒုက္ခသည်များ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနှင့် အန္တရာယ်ကင်းကင်း ပြန်လာနိုင်ရေးအတွက် ရခိုင်ပြည်နယ်တွင် အထောက်အကူပြုသော အခြေအနေများ ဖန်တီးရန် အခြားသောအစိုးရများနှင့် အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုများကို တရုတ်အနေဖြင့် ကူညီသင့်ပြီး စောစီးစွာပြန်ပို့ရေး ဖိအားပေးမှုကို ရပ်တန့်သင့်သည်ဟု ICG က အကြံပြုထားသည်။

ယင်းကဲ့သို့ အခြေနေများဖန်တီးရန် မြန်မာတွင်လည်း တာဝန်အညီအမျှရှိသည်ဟု ICG က ဆိုသည်။ မရှိမဖြစ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးပို့ရေးနှင့် မြေပြင်အခြေအနေကို လွတ်လပ်စွာ အကဲဖြတ်နိုင်ရေးတို့အတွက် ရခိုင်မြောက်ပိုင်းသို့ ကုလသမဂ္ဂနှင့် ၎င်း၏ မိတ်ဖက်နိုင်ငံတကာ NGO များအပြင် မီဒီယာများကိုလည်း လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုရန် ICG က အစိုးရကို တိုက်တွန်းထားသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar