ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်တွင် မူဆလင်စစ်သွေးကြွများ၏ တိုက်ခိုက်မှုအပြီး တပ်မတော်က ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများတွင် ရိုဟင်ဂျာ အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် ရက်စက်ရန် စနစ်တကျ ကြိုတင်ပြင်ဆင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အုပ်စုဖြစ်သည့် Fortify Rights က စွပ်စွဲလိုက်သည်။
စာမျက်နှာ ၁၆ဝ ပါ Fortify Rights ၏ အစီရင်ခံစာဖြစ်သည့် “They gave them long swords: Preparations for genocide and crimes in Rakhine State, Myanmar” အား ဇူလိုင် ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုအစီရင်ခံစာတွင် တပ်မတော်နှင့် မြန်မာ ရဲတပ်ဖွဲ့ဝင် ၂၂ ဦး၏ အမည်များကို ဖော်ပြထားပြီး ၎င်းတို့ကို လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားများ အပေါ် ရာဇဝတ်ကျူးလွန်မှုနှင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် ရာဇဝတ်မှု ကျူးလွန်မှုတို့ဖြင့် စစ်ဆေးသင့်သည်ဟု ဆိုထားသည်။ ထိုစာရင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် မြန်မာရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် အောင်ဝင်းဦးတို့ ပါဝင်သည်။
ယခင်နှစ်က ရခိုင်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များနှင့် ပတ်သက်၍ နိုင်ငံတကာက လက်ခံထားကြသော ရှင်းလင်းချက်မှာ ရိုဟင်ဂျာစစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် တပ်မတော်ဦးဆောင်သော လုံခြုံရေးတပ်များက နှိမ်နင်းခဲ့ရာတွင် မူဆလင် ခုနစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြရသည်ဟူ၍ပင် ဖြစ်သည်။
၂ဝ၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့၊ ရိုဟင်ဂျာ စစ်သွေးကြွတို့၏ တိုက်ခိုက်မှုမတိုင်မီ သီတင်းပတ်များ၊ လများအတွင်း မြန်မာအာဏာပိုင်တို့သည် ရိုဟင်ဂျာအရပ်သားများကို ရက်စက်စွာ ရှင်းလင်းရန် စနစ်တကျ ကြိုတင်ပြင်ဆင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာက စွပ်စွဲထားသည်။
၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့တွင် ရခိုင်မြောက်ပိုင်းရှိ လုံခြုံရေးကင်းစခန်းများကို ရိုဟင်ဂျာစစ်သွေးကြွများ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပြီးနောက်မှစ၍ ပြင်ဆင်မှုများကို စတင်လုပ်ဆောင်လာခဲ့သည်။ ထိုဖြစ်ရပ်အပြီး တပ်မတော်၏ ရှင်းလင်းမှုတွင် အရပ်သား ၉၄,ဝဝဝ ကျော် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြသည်။ ကြိုတင် ပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ရိုဟင်ဂျာများ၏ နေအိမ်မှ လက်နက်အဖြစ် အသုံးပြုနိုင်မည့် အိမ်သုံးပစ္စည်းများကို သိမ်းယူခြင်း၊ မြင်ကွင်းရှင်းစေရန် အိမ်များပတ်လည်မှ ဝန်းထရံနှင့် အခြားအကာအကွယ်များကို ဖြိုချဖယ်ရှားမှုများကို ပြုလုပ်ခဲ့သည်။ ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာမဟုတ်သော အခြားလူမျိုးစုများအား လက်နက်တပ်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းများ ပြုလုပ်ပြီး ဒေသအတွင်း လူသားချင်းစာနာသော အကူအညီများ ရပ်ဆိုင်းခဲ့သည်။ အရပ်သားဦးရေလျော့နည်းအောင် စနစ်တကျ လုပ်ဆောင်ပြီး မြေပြင်ပေါ်မှ စောင့်ကြည့်ရေးကိရိယာများအား ဖယ်ရှားခဲ့သည်။ မူဆလင်များအတွက်သာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြီး ရိုဟင်ဂျာမဟုတ်သော လူမျိုး ထောင်ပေါင်းများစွာကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ခြိမ်ခြောက်မှုအန္တရာယ်နှင့် မမျှတသော စစ်တပ်အင်အားကိုလည်း ပြောင်းရွှေ့ချထားခဲ့သည်။ အားလုံးကိုခြုံကြည့်လျှင် ဤလုပ်ဆောင်ချက်များသည် ကြိုတင်ပြင်ဆင်ခြင်းကို ဖော်ပြနေပြီး ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်များအတွင်း ရခိုင်မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးနှင့် ပတ်သက်ကာ ယခင်က မှတ်တမ်းတင်မှု မပြုလုပ်ရသေးဟု အစီရင်ခံစာကဆိုသည်။
“ဤအရေးယူဆောင်ရွက်မှု အားလုံးသည် ကုလသမဂ္ဂ၏ Framework for Analysis of Atrocity Crime for identifying preparatory action for genocide and crimes against humanity” တွင် အကြုံးဝင်နေသည်ဟု ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးအနေဖြင့် ဖမ်းမိန့်ထုတ်ရန်မှာ တရားရုံးတွင် လုပ်ပိုင်ခွင့်နယ်ပယ် ရှိရမည့်အပြင် ပြစ်မှုကျူးလွန်သူသည် လူမျိုးတုံးသတ်ဖြတ်မှု (သို့) လူသားအပေါ် ရာဇဝတ်ကျူးလွန်မှုပြုလုပ်ကြောင်း ကျိုးကြောင်း ဆီလျော်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အရပ်သားကျူးလွန်သူများသည် ရိုဟင်ဂျာများကို တစ်မြုံလုံးနှင့် တစ်စိတ်တစ်ပိုင်းပါ လူမျိုးတုံးဖျက်ဆီးရန်အကြံနှင့် လုပ်ဆောင်ခဲ့ကြောင်း Fortify Rights က စုဆောင်းရရှိသည့် အထောက်အထားများက ယုံကြည်လောက်သည့် အချက်အလက်များကို ဖော်ပြနေသည်ဟု အစီရင်ခံစာက ဆိုသည်။
လူသတ်မှု၊ အဆုံးစီရင်မှု၊ အဓမ္မပြောင်းရွှေ့မှု၊ ထောင်ချမှု၊ နှိပ်စက်ညှင်းပမ်းမှု၊ မုဒိန်းမှု၊ ဒုက္ခပေးမှုနှင့် အင်အားသုံး ဖျောက်ဖျက်ှုမှုများ အပါအဝင် လူသားအပေါ်ကျူးလွန်မှုကို မြန်မာကျူးလွန်သူများက ပြုလုပ်ခဲ့ကြသည်ဟု ယုံကြည်လောက်သော အကြောင်းအချက်များ ရရှိထားသည်ဟုလည်း ဖော်ပြထားသည်။
ဤအစီရင်ခံစာနှင့်ပတ်သက်၍ အစိုးရနှင့် စစ်ဘက်မှ ပြောခွင့်ရပုဂ္ဂိုလ်များထံမှ မှတ်ချက်တစ်စုံတစ်ရာကို Frontier က မရရှိခဲ့ပေ။
လွန်ခဲ့သောနှစ်၊ သြဂုတ် ၂၅ ရက်က တပြိုင်နက်တိုက်ခိုက်မှု ကြံစည်ပြုလုပ်ခဲ့သော ARSA အဖွဲ့ဝင်တို့ကလည်း ရိုဟင်ဂျာ အရပ်သားများကို သတ်ဖြတ်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။
၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း ရခိုင်မြောက်ပိုင်းတွင် ရိုဟင်ဂျာအရပ်များကို တပ်မတော်က သတ်ဖြတ်၊ မုဒိန်းကျင့်၊ နှိပ်စက်ညှင်းပမ်း၊ အဓမ္မပြောင်းရွှေ့ခြင်းများပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတကာ အသိုင်းအဝန်းက လှုပ်ရှားမှု ပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟု Fortify Rights က ဆိုသည်။
ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သဖြင့် မြန်မာအာဏာပိုင်တို့သည် လူမျိုးတုံးရှင်းလင်းရန်အတွက် ပိုမိုနက်ရှိုင်းစွာ ပြင်ဆင်ပြီး အစုလိုက်အပြုံလိုက် ရက်စက်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။
“မြန်မာနိုင်ငံအတွင်းမှာတော့ ဘာမှ လုပ်နိုင်တာ မကျန်တော့ပေ။ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာအစိုးရက တလျှောက်လုံး ငြင်းဆိုလာခဲ့ပြီး ရာဇဝတ်ကျူးလွန်သူများကို သင့်တင့်လျောက်ပတ်စွာ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းတို့ လုပ်ဆောင်ရန် ပျက်ကွက်နေဆဲဖြစ်သည်” ဟု ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းအနေနှင့် အရေးပေါ်လုပ်ဆောင်ရန် လိုအပ်နေပြီဟုလည်း Fortify Rights က ဆိုသည်။
“မြန်မာနိုင်ငံအခြေအနေ”ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးထံ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တောင်းဆိုခြင်း၊ မြန်မာနိုင်ငံထံ လက်နက်ရောင်းချမှုကို တကမ္ဘာလုံးက ပိတ်ပင်ထားရန်နှင့် ရိုဟင်ဂျာနှင့် အခြားသူများအပေါ် ရက်စက်မှုကျူးလွန်သူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်တို့ကို ထောက်ခံတင်ပြခဲ့သည်။
နောင်အနာဂတ်၌ တရားစွဲဆိုရာတွင် အသုံးပြုရန်အတွက် ရာဇဝတ်မှု အထောက်အထားများကို စုဆောင်း ထိမ်းသိမ်းထားရန်အတွက် ကုလသမဂ္ဂ ယန္တရားအသစ်တစ်ခု ဖွဲ့စည်းရေးအတွက် အဖွဲ့ဝင်နိုင်ငံများက ထောက်ခံကြရန်လည်း တောင်းဆိုတိုက်တွန်းထားသည်။