အေအက်ဖ်ပီ
ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် နှစ်သိန်းခွဲကျော်အား မှတ်ပုံတင်ပေးခဲ့ပြီးဖြစ်သည်ဟု ကုလသမဂ္ဂက မေ ၁၇ ရက်နေ့တွင် ပြောကြားသည်။ ၎င်းမှာ ဒုက္ခသည်အများစုအတွက် ပထမဆုံးမှတ်ပုံတင်ကတ်ရရှိခြင်းဖြစ်ကာ အနာဂတ်ကာလတွင် မြန်မာနိုင်ငံသို့ ပြန်ရန်အခွင့်အရေးအတွက် အထောက်အထားလည်းဖြစ်သည်။
ထို့ပြင် လူကုန်ကူးမှုတားဆီးရေးအတွက် တရားဥပဒေစိုးမိုးရန် ယခုမှတ်ပုံတင်လုပ်ငန်းက အထောက်အကူပြုလိမ့်မည်ဟု ကုလဒုက္ခသည်အေဂျင်စီက ပြောကြားသည်။
“မြန်မာနိုင်ငံက ဒုက္ခသည်တစ်သန်းထဲက လေးပုံတစ်ပုံကျော်ကို ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေနဲ့ UNHCR တို့ ပူးပေါင်းပြီး မှတ်ပုံတင်ပေးခဲ့ကာ အထောက်အထားကတ်ပြားများ ထုတ်ပေးခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ Andrej Mahecic က ဂျီနီဗာတွင် ပြောကြားသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် စစ်တပ်၏နှိပ်ကွပ်မှုများကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇၄၀,၀၀၀ ခန့်မှာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးသွားကြသည်။ မူဆလင် ၃၀၀,၀၀၀ ခန့်မှာ ထိုဒုက္ခသည်စခန်းများတွင် ယခင်ကတည်းက ရောက်ရှိနေကြပြီးဖြစ်သည်။
ကော့ဘဇာရှိ ပြည့်ကြပ်နေသည့်စခန်းများတွင် ဒုက္ခသည် ၉၀၀,၀၀၀ ဝန်းကျင်ရှိမည်ဟု UNHCR က ပြောကြားသည်။ သို့သော်တခါတရံတွင် ဘင်္ဂလားဒေရှ့်အာဏာပိုင်များနှင့် အခြားအကူအညီပေးအဖွဲ့အစည်းများက ပြောကြားသည့်အရေအတွက်ထက် ကုလသမဂ္ဂက ပြောကြားမှုက လျော့နည်းနေလေ့ရှိသည်။
၎င်းမိသားစုအများအပြားမှာ မြန်မာနိုင်ငံတွင် ဆွေစဉ်မျိုးဆက်နေထိုင်ခဲ့ကြသည်ဆိုသော်လည်း နိုင်ငံသားဖြစ်ခွင့် နှစ်ပေါင်းများစွာ ငြင်းပယ်ခြင်းခံထားရသောကြောင့် နိုင်ငံမဲ့များ ဖြစ်ကြသည်။
“၂၀၁၈ ခုနှစ်၊ ဇူလိုင်က စတင်ခဲ့တဲ့ မှတ်ပုံတင်လုပ်ငန်းစဉ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ အနာဂတ်မှာ သူတို့သဘောဆန္ဒအလျောက် မြန်မာနိုင်ငံကို ပြန်သွားနိုင်တဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်” ဟု Mahecic က ပြောသည်။
ရိုဟင်ဂျာများအား နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေရှ့်တို့အကြား သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်သော်လည်း လုံခြုံရေးအတွက် ကြောက်ရွံ့မှုနှင့် နိုင်ငံခြားဖြစ်ခွင့်အတွက် စိုးရိမ်မှုများကြောင့် ဒုက္ခသည်များက ပြန်ရန် ငြင်းဆန်နေကြသည်။
အသက် ၁၂ နှစ်ပြည့်ပြီးသူ ဒုက္ခသည်တိုင်းရရှိမည့် မှတ်ပုံတင်ကတ်အသစ်တွင် အရေးကြီးသည့်အချက်လက်များဖြစ်သော အမည်၊ မိသားစုဆက်နွယ်မှုများနှင့် လက်ဗွေရာနှင့် မျက်လုံးအိမ်စကန်တို့ ပါဝင်သည်။
ကတ်ထဲတွင် ဒုက္ခသည်များ၏ မူလတိုင်းပြည်အဖြစ် မြန်မာနိုင်ငံအား ဖော်ပြထားသည်ဟု Mehecic က ပြောသည်။
ဒုက္ခသည် စုစုပေါင်း ၂၇၀,၃၄၈ ဦး၊ သို့မဟုတ် မိသားစု ၆၀,၀၀၀ နီးပါးကို မှတ်ပုံတင်ပေးပြီးဖြစ်ပြီး တစ်နေ့လျှင် လူပေါင်း ၄,၀၀၀ ဝန်းကျင်အား မှတ်ပုံတင်ပေးသွားမည်ဟု ၎င်းကပြောသည်။
ကော့ဘဇာရှိ ဒုက္ခသည်အားလုံးအား နိုဝင်ဘာလတွင် အပြီးမှတ်ပုံတင်ပေးနိုင်ရန် UNHCR က မျှော်မှန်းထားသည်။