ဒါကာ၊ အောက်တိုဘာ ၂
ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် သိန်းနှင့်ချီသော ရိုဟင်ဂျာများကို ပြန်လည်ခေါ်ဆောင်ရန် မြန်မာက အဆိုပြုခဲ့သည်ဟု ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ဆွေးနွေးပြီးချိန်တွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
ပြန်လည်ပို့ဆောင်ရေးအတွက် ညှိနှိုင်းမှုများပြုလုပ်ရန်အတွက် လုပ်ငန်းအဖွဲ့တည်ထောင်ရန် မြန်မာနိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်အဖွဲ့က သဘောတူညီခဲ့သည်ဟု ဝန်ကြီး A.H Mahmood Ali ကပြောကြားသည်။ သို့သော် အသေးစိတ်အချက်အလက်များကို ၎င်းကပြောကြားခြင်းမရှိပေ။
“ရင်းနှီးစွာနဲ့ ဆွေးနွေးခဲ့ကြသလို ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်ဖို့အတွက် မြန်မာက အဆိုပြုခဲ့ပါတယ်” ဟု အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒါကာမြို့တွင် ဆွေးနွေးအပြီးတွင် သတင်းထောက်များကို ၎င်းက ပြောကြားသည်။ “ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွေကို ညှိနှိုင်းဖို့အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ တည်ထောင်ဖို့ အဆိုပြုချက်ကို နှစ်ဖက်လုံးက သဘောတူညီခဲ့ကြပါတယ်” ဟု ၎င်းကပြောကြားသည်။
ပြီးခဲ့သည့်လက ပြောကြားခဲ့သည့် ၎င်း၏မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေဖြင့် စိစစ်ပြီးသည့် ဒုက္ခသည်များကို ပြန်လည်ခေါ်ဆောင်မည်ဟု ပြောကြားထားသည်။ ရိုဟင်ဂျာထောင်ပေါင်းများစွာအား ပြန်လည်လက်ခံခဲ့သည့် ၁၉၉၃ ခုနှစ်က နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည့် အချက်များအတိုင်း စိစစ်မှုအာ ဆောင်ရွက်မည်ဖြစ်သည်။
ဒုက္ခသည်များအား ပြန်ပို့မည့်လုပ်ငန်းအတွက် အချိန်သတ်မှတ်ချက်ကိုမူ ဘင်္ဂလားဒေရှ့်ဝန်ကြီးက ပြောကြားခြင်းမရှိပေ။
ဒုက္ခသည်များအား နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့က စိစစ်မည်ဖြစ်ကာ အဆိုပါလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂ ပါဝင်မည်မဟုတ်ဟု ၎င်းကပြောသည်။
ယနေ့နံနက်အစောပိုင်းတွင် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရောက်ရှိလာပြီး ညနေပိုင်းတွင် ပြန်လည်ထွက်ခွာမည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား တစုံတရာ မေးမြန်းနိုင်ခြင်းမရှိပေ။
သတင်း-အေအက်ဖ်ပီ