ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် မိုဘိုင်းဖုန်းဆက်သွယ်မှု ဘင်္ဂလားဒေ့ရှ်ပိတ်ပင်

အေအက်ဖ်ပီ

ကော့ဘဇား- ရခိုင်ပြည်နယ်မှထွက်ပြေးလာသော ရိုဟင်ဂျာတစ်သန်းနီးပါး ခိုလှုံရာဒုက္ခသည်စခန်းများတွင် မိုဘိုင်းဖုန်းဆက်သွယ်မှုဖြတ်တောက်ရန် ဆက်သွယ်ရေးကုမ္ပဏီများကို ဘင်္ဂလားဒေ့ရှ်အစိုးရက စက်တင်ဘာ ၂ ရက်တွင်အမိန့်ထုတ်လိုက်သည်။

မကြာသေးမီသီတင်းပတ်များအတွင်း ဒုက္ခသည်စခန်းများတွင်အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့၍ ယင်းသို့ပိတ်ပင်ခြင်းလည်းဖြစ်သည်။ဆက်သွယ်မှုကွန်ရက်ပိတ်ပင်ရန်နှင့်ဆောင်ရွက်မှုအခြေအနေများကိုအစီရင်ခံရန် ကုမ္ပဏီများအားအစိုးရက ခုနှစ်ရက်အချိန်ပေးထားကြောင်း ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် Mr Zakir Hossain Khan ကပြောသည်။

“ဒုက္ခသည်တော်တော်များများကမိုဘိုင်းဖုန်းသုံးကြပါတယ်။ဒါပေမယ့်လုံခြုံရေးအရ ဖြတ်တောက်ရတာပါ။”ဟု၎င်းကပြောသည်။

အဆိုပါအမိန့်ကြောင့် ရိုဟင်ဂျာများ အလွန်အံ့သြထိတ်လန့်ကြသည်။

“ဒီအမိန့်က ကော့ဘဇားမှာ ပျံ့ကြဲနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ဘဝကို အကြီးအကျယ်ထိခိုက်လိမ့်မယ်”ဟုအမည်မဖော်လိုသူရိုဟင်ဂျာခေါင်းဆောင်တစ်ဦးကပြောသည်။

ရိုဟင်ဂျာဒုက္ခသည်များအား ရခိုင်ပြည်နယ်ပြန်ရန် သြဂုတ်လနှောင်းပိုင်းက ဖိအားပေးခဲ့သော်လည်းတစ်ဦးမှမပြန်ခဲ့ပေ။

ဒုက္ခသည်အများစုမှာ မြန်မာအပါအဝင်အခြားနိုင်ငံများမှဆွေမျိုးများ၏ငွေကြေးထောက်ပံ့မှုအပေါ်မှီခိုနေကြရရာ ယင်းအမိန့်ညွှန်ကြားချက်ကြောင့်ဆက်သွယ်ရေးပြတ်တောက်သွားမည်ကိုစိုးရိမ်နေကြကြောင်း အဆိုပါရိုဟင်ဂျာခေါင်းဆောင်ကပြောသည်။

“ငွေပို့ပေးတာကို ဖုန်းနဲ့ပဲအကြောင်းကြားတာလေ”ဟု ၎င်းကပြောသည်။

ဘင်္ဂလားဒေရှ့်အစိုးရသည် ယခင်ကလည်း ဖုန်းဆက်သွယ်မှုကိုကန့်သတ်ရန်ကြိုးပမ်းခဲ့ဖူးပြီး ယခုကဲ့သို့တင်းကျပ်စွာမလုပ်ဆောင်ခဲ့ရာ ဒုက္ခသည်စခန်းများအတွင်း ဟန်းဆက်နှင့်ဆင်းကတ်ဈေးကွက်သာကြီးထွားခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Mr.Ikbal Hossian ကမူ အဆိုပါဆုံးဖြတ်ချက်ကိုကြိုဆိုသည်။ဒုက္ခသည်များသည် မိုဘိုင်းဖုန်းကိုတလွဲအသုံးပြုပြီး မြန်မာနိုင်ငံဘက်မှဝင်လာသောဒေါ်လာသန်းချီတန်သည့် မက်သာဖက်တမင်းဆေးပြား မှောင်ခိုလုပ်နေကြသည်ဟု သူကဆိုသည်။

“ဒီလိုဆက်သွယ်ရေးဖြတ်လိုက်တာအပြုသဘောဆောင်တယ်။ရာဇဝတ်မှုတွေ ကျဆင်းသွားမယ်လို့ယုံကြည်တယ်”ဟု၎င်းကပြောသည်။

ရိုဟင်ဂျာရာဇဝတ်သားများဟုယူဆရသူများက အာဏာရပါတီမှဒေသခံအရာရှိ Mr.Omar Farukအားသတ်သွားပြီးနောက်ရိုဟင်ဂျာဒုက္ခသည်တစ်ဦးပစ်သတ်ခံရပြီးယင်းမှာလေးယောက်မြောက်ပစ်သတ်ခံရခြင်းဖြစ်ကြောင်းရဲဘက်က တနင်္ဂနွေနေ့တွင်ပြောသည်။

အရာရှိအသတ်ခံရမှုကြောင့် ဒေါသထွက်လျက်ရှိသော ဒေသခံရာချီက ဒုက္ခသည်စခန်းသို့သွားရာလမ်းကိုသြဂုတ် ၂၂ ရက်က နာရီပေါင်းများစွာပိတ်ဆိုခဲ့ကြသည်။ဒုက္ခသည်များလာလေ့ရှိသည့်ဈေးဆိုင်များကိုဖျက်ဆီးခြင်း၊ကားတာယာများကိုမီးရှို့ခြင်းစသည့်အကြမ်းဖက်မှုများကိုပါလုပ်ဆောင်ခဲ့ကြသည်။

မကြာသေးမီကဖြစ်ပွားခဲ့သော သွေးထွက်သံယိုမှုများကြောင့် ဒုက္ခသည်စခန်းတွင်ကြောက်ရွှံ့ထိတ်လန့်နေကြပြီးလုံခြုံရေးလည်းတင်းကြပ်ထားရကြောင်း ဒုက္ခသည်များကပြောသည်။

ဘင်္ဂလားဒေ့ရှ်ရဲများသည် တရားဥပဒေပြင်ပအာဏာစက်ဖြင့် သတ်ဖြတ်မှုများပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုများဘက်ကယခင်ကစွပ်စွဲဖူးသည်။

ကုလသမဂ္ဂမှစုံစမ်းစစ်ဆေးသူများကမူ မြန်မာနိုင်ငံ၌ ၂၀၁၇ခုနှစ်က ဖြစ်ပေါ်ခဲ့သောအကြမ်းဖက်မှုများသည် မြန်မာ့ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို “လူမျိုတုန်းရှင်းလင်းမှုဖြင့်တရားစွဲထိုက်သည်”ဟု ဆိုကြသည်။

ဦးကိုကိုဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar