ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သတင်းသမားတွေ ဖြစ်နေတာကြောင့် ထောင်ကျသွားတာမဟုတ်ပဲ ဥပဒေကို ချိုးဖောက်ခဲ့လို့သာဖြစ်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။
ဒါဟာ ပြည်တွင်းပြည်ပက ဝေဖန်မှုတွေ ကြုံတွေ့နေရတဲ့ ဒီအမှုကို စီရင်ချက် ချမှတ်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး တိုက်ရိုက်မှတ်ချက်ပြု ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အချုပ်သားအဖြစ်နဲ့ ကိုးလလောက် အမှုရင်ဆိုင်ခဲ့ရအပြီးမှာတော့ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးက စက်တင်ဘာ ၃ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက တရားမဲ့သတ်ဖြတ်ခံရသူ ၁၀ ဦးနဲ့ ပတ်သက်တဲ့ သတင်းကို လိုက်လံဖော်ထုတ်နေတဲ့ သူတို့နှစ်ဦးကို အာဏာပိုင်တွေက ထောင်ချောက်ဆင် ဖမ်းဆီး ထောင်ချခဲ့တာလို့လည်း အများစုက ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်လည်း ဝေဖန်နေကြပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့က နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ စကားပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ဒီအချက်ကို ပယ်ချခဲ့ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
“သူတို့က ဂျာနယ်လစ်တွေဖြစ်နေလို့ ထောင်ချခံရတာမဟုတ်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “သူတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်လို့ ဖြစ်ပါတယ်” လို့လည်း သူမက ဆက်ပြောပါတယ်။
တရားစီရင်ရေးကို မလျော်မကန်ပြုလုပ်တာဖြစ်တယ်လို့ အမေရိကန်ဒုတိယသမ္မတအပြင် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန် ထောက်ပြပြောဆိုမှုတွေ ရှိနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုကို တရားရုံးမှာ ပွင့်ပွင့်လင်းလင်း စစ်ဆေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အနေနဲ့ အယူခံဝင်ခွင့်ရှိနေသေးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူတို့နှစ်ဦးရဲ့အမှုကို ပြန်လည်သုံးသပ်ဖို့နဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် ပြည်တွင်း၊ ပြည်ပက တိုက်တွန်းထားကြပါတယ်။