ဆုမြတ်မွန်
ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံထားရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား စွဲချက်တင်သင့်၊ မတင်သင့်ကို ဧပြီ ၁၁ ရက်နေ့တွင် ပြုလုပ်မည့် ရုံးချိန်းတွင် ဆုံးဖြတ်မည်ဟု တရားသူကြီးက ယနေ့ ပြောကြားသည်။
ရိုက်တာသတင်းသမားနှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ကိုလိုနီခေတ်က နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအား ချိုးဖောက်သည်ဟူသည့် စွပ်စွဲချက်ကို ရင်ဆိုင်နေရသည်။
၎င်းတို့နှစ်ဦးအား အင်းစိန်မြို့နယ်ရှိ တရားရုံးတွင် ယနေ့ထပ်မံ ရုံးထုတ်လာချိန်တွင် နှစ်ဦးလုံးက ၎င်းတို့တွင် အပြစ်မရှိကြောင်း ထပ်မံပြောကြားခဲ့ကြသည်။
တရားရုံးကြားနာမှုအပြီး ရုံးအပြင်ဘက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ကိုဝလုံးက “ကျွန်တော်တို့ဟာ မတရားစွပ်စွဲခံရပြီးတော့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
“ကျွန်တော်တို့ ဘယ်တုန်းကမှ နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တာ မရှိဘူး။ သတင်းသမားအလုပ်ကိုပဲ လုပ်ခဲ့တာဖြစ်ပါတယ်” ဟု ကိုဝလုံးက ပြောကြားသည်။
ရခိုင်ပြည်နယ်၊ အင်းဒင်ရွာတွင် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက လူ ၁၀ ဦးအသတ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး သတင်းလိုက်နေစဉ် ၎င်းတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ရဲအရာရှိများက ချိန်းဆိုမှုကြောင့် ရန်ကုန်မြို့အစွန်ရှိ စားသောက်ဆိုင်တစ်ခုတွင် သွားရောက်တွေ့ဆုံပြီးအပြန်တွင် ဖမ်းဆီးခံခဲ့ရခြင်းလည် ဖြစ်သည်။
အင်းဒင်ရွာမှ လူ ၁၀ ဦးအသတ်ခံရမှုကို တပ်မတော်က နောက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီး ပါဝင်ပတ်သက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားအချို့ကို အရေးယူသွားမည်ဟု ကြေညာခဲ့သည်။
ရိုက်တာသတင်းဌာနကလည်း အင်းဒင်ရွာသတင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည်။
ကိုကျော်စိုးဦးကလည်း ၎င်းတို့ လွတ်မြောက်မည်ဟု ယုံကြည်ကြောင်း သတင်းထောက်များကို ပြောကြားသည်။
“ကျွန်တော်တို့ ဘာမှမဟုတ်တာ မလုပ်ခဲ့တဲ့အတွက် ယုံကြည်ပါတယ်” ဟု ၎င်းကပြောသည်။
ကိုကျော်စိုးဦးသည် အကျဉ်းထောင်အတွင်း၌ ကျန်းမာရေးပြဿနာ အနည်းခံရှိနေသည်ဟုဆိုသည်။ ထို့ကြောင့် ကိုကျော်စိုးဦး၏ ကျန်းမာရေးအတွက် စိတ်ပူပန်မိသည်ဟု ၎င်း၏ ညီမဖြစ်သူ မညိုညိုအေးက ပြောကြားသည်။
၎င်းတို့၏ အမှုအတွက် နိုင်ငံတကာတွင် ထင်ရှားသည့် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သူ Amal Clooney က အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်ပေးမည်ဟု ရိုက်တာက ပြီးခဲ့သည့်ရက်သတ္တပတ်က သတင်းထုတ်ပြန်ခဲ့သည်။