ထက်ခေါင်လင်း/Myanmar Now
ရိုက်တာသတင်းထောက်နှစ်ဦး၏အမှုကို မေ ၂၂ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးရာ တရားလိုပြသက်သေ ရဲမှုခင်းတပ်ဖွဲ့မှ နည်းပညာကျွမ်းကျင်သူ ရဲမှူး အောင်ကျော်ဆန်းက တယ်လီဖုန်းထဲမှ ဓာတ်ပုံကို ဖွင့်ပြစဉ် အခက်အခဲ ဖြစ်နေသောကြောင့် တရားခွင်ရောက် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အကူအညီကို ရယူခဲ့ရသည်ကို တွေ့ရသည်။
သတင်းထောက်တို့၏ရှေ့နေ ဦးသန်းဇော်အောင်က သက်သေခံပစ္စည်းများနှင့် ပတ်သက်ပြီး တရားခွင်တွင် ကန့်ကွက်စဉ် ထိုအဆင်မပြေမှုအကြောင်းကိုလည်း ထည့်သွင်း ပြောပြသွားသည်။
နည်းပညာကျွမ်းကျင်သူ ဆိုသူကို သက်သေအဖြစ် လက်မခံထိုက်ကြောင်း သူက တရားခွင်အပြီးတွင် ဝေဖန်လိုက်သည်။
“သူသာ တကယ်ကျွမ်းကျင်အဆင့်ဆိုရင်၊ ဒီဖုန်းကို သူစစ်ဆေးခဲ့သူဆိုရင် ဒီဖုန်းနဲ့ ပတ်သက်တဲ့ အရာတွေ အကုန်လုံး သူသိနေရမှာပေါ့” ဟု ရှေ့နေက မှတ်ချက်ချသည်။
တရားရုံးတော်သို့ ပထမသတင်းပို့စဉ်က ကျွမ်းကျင်သူ၏ ထင်မြင်ချက်များတွင် ရဲမှူး ဝင်းကိုကိုထွန်းက တာဝန်ခံ သတင်းပို့ခဲ့ပြီး ယခုရုံးတော်တွင် ကျွမ်းကျင်သူအဖြစ် သက်သေထွက်ဆိုသူမှာ ရဲမှူး အောင်ကျော်ဆန်းဖြစ်နေခြင်းက ကွဲလွဲနေကြောင်း၊ အီလက်ထရောနစ်ကိရိယာဆိုသည်က ပြဿနာများစွာ ရှိနိုင်ပြီး မည်သူက မည်သည့်နေ့၊ မည်သည့်အချိန်တွင် မည်သို့စစ်ဆေးသည်၊ မည်သည့်အရာများတွေ့ရှိသည်ဆိုသည့် မှတ်တမ်းများ၊ စာရွက်စာတမ်းများ လွှဲပြောင်းမှုစာရင်းလည်း ရုံးတော်သို့ တင်ထားခြင်းမရှိကြောင်း သူက ဆက်ပြောသည်။
“ဒီအမှု စဖြစ်တာ စာရွက်စာတမ်းတွေ လက်ထဲတွေ့ပါတယ်ဆိုပြီး ဖြစ်တာ။ အခုက စာရွက်တွေ့တာက ပျောက်သွားပြီးမှ အခု ဖုန်းထဲက တွေ့ပါတယ်ဆို ဖြစ်လာတာ။ တချို့ဟာတွေက အထူးလျှို့ဝှက်ဆိုပြီး တင်လာတာ။ ဒီဟာက Facebook Messenger က လာတယ် ဆိုပေမယ့် သတင်းသမားတွေအတွက် စိုးရိမ်စရာတော့ ရှိတာပေါ့။ စာရွက်တချို့မှာ ကန့်သတ် လျှို့ဝှက်ဆိုတာ ထင်ထင်ရှားရှားတော့ မပါဘူး” ဟု သူက ဆိုသည်။
တရားရုံးလက်ခံသော သက်သေပစ္စည်း
ဖုန်းများကို စစ်ဆေးသည့် ရဲမှှုခင်းတပ်ဖွဲ့၏ အစီရင်ခံစာ၊ ၎င်းအစီရင်ခံစာပါ အချက်အလက် စာရွက်စာတမ်းများကို တိုက်ဆိုင်စစ်ဆေးပြီးနောက် မြောက်ပိုင်းခရိုင် တရားသူကြီးက အများစုကို သက်သေခံအဖြစ် လက်ခံကြောင်း အမိန့်ချလိုက်သည်။ ထိုအထဲတွင် ဝန်ကြီးဌာနတချို့၏ အစီရင်ခံစာ၊ ကြေးနန်း၊ ညွှန်ကြားလွှာတို့ ပါဝင်သည်။
သို့သော် ရိုက်တာသတင်းထောက်များကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ကနဦး တရားစွဲဆိုခဲ့သည့် မောင်တောမြို့နယ်၊ အင်ဒင်ကျေးရွာတွင် လူများ အသတ်ခံရမှုနှင့် ပက်သက်သည့် စာရွက်စာတမ်းများ မပါရှိချေ။
သက်သေခံပစ္စည်းများမှာ လျှို့ဝှက် အထောက်အထားများ မဟုတ်ဟု ဟု စွတ်စွဲခံရသူ သတင်းထောက် ကိုကျော်စိုးဦးက တရားခွင်အပြီးတွင် ပြောကြားခဲ့သည်။
“စာရွက်စာတမ်းတွေ အများစုကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ စာရွက်စာတမ်းတွေပါ။ တနည်းအားဖြင့်ဆိုရရင် ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေက လျှို့ဝှက်စရာလား” ဟု ကိုကျော်စိုးဦးက ပြောသည်။
သတင်းထောက် ကိုဝလုံးကလည်း စာရွက်စာတမ်း အချက်အလက် အထောက်အထား အများအပြားမှာ မိမိတို့သတင်းထောက်များ၊ ပြင်ပသတင်းရင်းမြစ်များနှင့် Facebook မှ တစ်ဆင့် ဆက်သွယ် ပြောဆိုရာတွင် မိမိထံသို့ အလိုလျောက် ရောက်ရှိနေတတ်သောကြောင့် ထိုသက်သေပစ္စည်းတို့နှင့် ပတ်သက်ပြီး မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်ဟု Myanmar Now ကို သီးခြားပြောခဲ့သည်။
“ရုံးတော်ကို တင်ပြလာတဲ့အခါမှာ ကျွန်တော်တို့ရလာတဲ့ ဥပမာ … မာန်အောင်ကျွန်းပေါ့၊ ဒါတွေကို လျှို့ဝှက်ပုံစံမျိုးနဲ့ တင်လာတာပေါ့။ အစိုးရက သတင်းသမားတွေကို အစိုးရထုတ်ပြန်မယ့် ဘယ်သတင်းအချက်အလက်ကိုမှ မထိနဲ့။ ဒါက မင်းတို့ လျှို့ဝှက်ချက်ဥပဒေနဲ့ ညှိပြီး၊ နောက်သတင်းမယ့်သူတွေ မယူရဲအောင် လုပ်လာတာလို့ ကျွန်တော် နားလည်တယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို အပြည့်အဝ ခုခံသွားမယ်” ဟု သူက တရားခွင်အပြီးတွင် ပြောသည်။
သတင်းထောက်တို့၏ ရှေ့နေက ရဲမှုခင်းဌာန နည်းပညာကျွမ်းကျင်သူ ရဲမှူး အောင်ကျော်ဆန်းကို မြန်လှန်မေးခွန်း မေးမြန်းခွင့်မရသေးသည့်အတွက် မေ ၂၈ ရက်နေ့ ရုံးချိန်းတွင် ၎င်းကို ပြန်လည်စစ်ဆေးရန် ခရိုင်သူကြီးက ထပ်မံဆင့်ခေါ်ထားသည်။