ရိုက်တာသတင်းထောက်များ ဖမ်းခံရမှုမှ သံသယဖြစ်ဖွယ်များကို ပြည်ထဲရေးက ရှင်းပြခြင်းမရှိ

ဉာဏ်လှိုင်လင်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အင်းဒင်ကျေးရွာတွင် လူ ၁၀ ဦးသတ်ဖြတ်ခံရမှုအကြောင်း စုံစမ်းဖော်ထုတ် ရေးသားခဲ့သည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးစဉ် ပေါ်ပေါက်သည့် သံသယဖြစ်ဖွယ်ရာများကို ရှင်းပြပေးရန် မေးမြန်းမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းထွန်းက ငြင်းဆိုခဲ့သည်။

နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် မတ် ၁၄ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ် လက်ခံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲနှင့် ပွဲအပြီးတွင် အဖမ်းခံရမှုနှင့် သက်ဆိုင်သည့် အဖြေများ ရရှိရန် Frontier က ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးရာတွင် အမှတ် ၃ လမ်းမကြီးပေါ်၊ စားသောက်ဆိုင်အဝ စသည်ဖြင့် ကွဲလွဲစွာ ပြောဆိုမှုများရှိနေခြင်း၊ အမှုစစ်ဆေးနေအတွင်း တရားလိုပြသက်သေအဖြစ် တရားခွင်သို့ လာရောက်သည့် ရဲ အရာရှိက ဖမ်းဆီးမှုမှတ်တမ်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထွက်ဆိုခဲ့ခြင်း စသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းပြပေးရန် Frontier က မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အင်းဒင်ဖြစ်စဉ်ကို ရိုက်တာက သတင်းဆောင်းပါးအဖြစ် မဖော်ပြမီ(နှစ်လခန့်အလို)ကတည်းက အဆိုပါသတင်းထောက်နှစ်ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်၍ ထိုသတင်းစုံစမ်းမှုကြောင့် ဖမ်းဆီးခံရသည့်အခြေအနေ ဟုတ်မဟုတ် ရှင်းပြပေးရန်လည်း ထည့်သွင်းမေးမြန်းခဲ့သည်။

သို့သော် သတင်းစာရှင်းလင်းပွဲနှင့် မသက်ဆိုင်၍ အခမ်းအနားပြီးမှ ပြည်ထဲရေးနှင့် သီးခြားမေးမြန်းပါဟု တာဝန်ရှိသူတို့က တုန့်ပြန်ခဲ့သလို ပွဲအပြီး ရဲမှူးချုပ် ဝင်းထွန်းထံသွားရောက်မေးမြန်းရာတွင်လည်း ၎င်းဖြေကြားနိုင်ခြင်းမရှိဟုဆိုကာ ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်တစ်ခုသာ ရရှိခဲ့သည်။

အဆိုပါ တယ်လီဖုန်းနံပါတ်သို့ ယနေ့ မွန်းတည့်ချိန်အထိ ဆက်သွယ်ရာတွင်လည်း ဆက်သွယ်၍ မရခြင်း၊ ဆက်သွယ်ရရှိသည့်အခါတွင် အရာရှိအစည်းအဝေး သွားနေကြောင်းသာသိရှိရပြီး လက်ခံဖြေဆိုပေးမည့် သူ၏ အမည်နှင့် ရာထူးပင် မသိရသေးပေ။

ထိုသို့သော မေးခွန်းအချို့ကို သတင်းထောက်များ ပူးပေါင်း လှုပ်ရှားမှုအဖွဲ့ (နေပြည်တော်)က ဇန်နဝါရီ ပထမပတ်ကတည်းက ပြည်ထဲရေးဝန်ကြီးထံစာပို့(ဝန်ကြီးဌာနမှ ညွှန်ကြားသည့် နည်းလမ်းအတိုင်း) မေးမြန်းဖူးသော်လည်းအကြောင်းပြန်ကြားချက် တစ်စုံတစ်ရာမရှိသေးသည့်အပြင် စာလက်ခံထားသူကိုပင် စုံစမ်း၍ မရသေးပေ။

ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်ညက ရဲတပ်ဖွဲ့ဝင်နှစ်ဦး ချိန်းဆိုရာသို့သွားရောက်တွေ့ဆုံပြီးနောက် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ ဖမ်းဆီးခံရချိန်အထိ အဆိုပါရဲနှစ်ဦးကပေးအပ်လိုက်သည့် စာရွက်စာတမ်းများတွင် မည်သည့်အကြောင်းအရာများ ပါဝင်သည်ကို ကြည့်ပင် မကြည့်ရသေးဟု ကိုဝလုံးက သူ၏ ဇနီးသည်ထံမှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနကမူ ရိုက်တာသတင်းထောက်နှစ်ဦးထံတွင် ရခိုင်ပြည်နယ်ဆိုင်ရာ လျှို့ဝှက်စာရွက် စာတမ်းများတွေ့ရှိသဖြင့် ဖမ်းဆီးသည်ဟု သတင်းထုတ်ပြန်ထားပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုထားသည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် မတ် ၁၄ ရက်သည် ရန်ကုန်ရှိ မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသော ၎င်းတို့၏ ၁၀ ကြိမ်မြောက် တရားရုံးထုတ်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

အင်းဒင်ကျေးရွာတွင် လူ ၁၀ ဦးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်အရာရှိ လေးဦး၊ စစ်သည် သုံးဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် ရွာသား ၆ ဦး တို့ကို အရေးယူခံထားကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြအပြီးတွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar