စစ်ကောင်စီသည် ၎င်း၏ဝါဒဖြန့်စစ်ပွဲအတွင်း အသုံးပြုရန် လူရွှင်တော်များကို စည်းရုံးသိမ်းသွင်းခဲ့သည်။ အချို့လူရွှင်တော်များသည် စစ်ဗိုလ်ချုပ်များအလိုကျ ရုပ်သေးရုပ်များသဖွယ် ကပြအသုံးတော်ခံသည့်တိုင် လူရွှင်တော်အများအပြားသည် ၎င်းတို့၏ ဇဝနဉာဏ်ကို အာဏာရှင်ဆန့်ကျင်ရေးအတွက် အသုံးချလျက်ရှိသည်။
ဖရွန်တီးယား
ယမန်နှစ်၊ ဩဂုတ်လဆန်းပိုင်းက လူရွှင်တော်အချို့ နေပြည်တော်၊ မြို့တော်ခန်းမအနီးတွင် သွားရောက်စုရုံးခဲ့ကြသည်။ သို့သော် ၎င်းတို့သည် ဟာသပြက်လုံးများ အရွှန်းဖောက်ပြီး ပရိတ်သတ်ကိုဖျော်ဖြေရန်တော့ မဟုတ်ပေ။ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်)ကို ကန့်ကွက်၊ ရှုံချဆန္ဒပြရန် စုရုံးနေကြခြင်းပင်။
ထိုစဉ်က ကိုးကန့်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို သိမ်းပိုက်ရန် စစ်တပ်ကို သဲကြီးမဲကြီး တိုက်ခိုက်နေချိန်ဖြစ်သည်။ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် ကြိုးပမ်းမှုအတွင်း စစ်ဆေးရုံတစ်ခုရှိ လူနာနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် လူဦးရေ၁၀၀ခန့်ကို ပစ်သတ်ခဲ့ကြောင်း စွပ်စွဲခံနေရချိန်လည်းဖြစ်သည်။
ဆန္ဒပြသူများကို မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ လူရွှင်တော် ဒိန်းဒေါင်က ဦးဆောင်ခဲ့သည်။ “ကျနော်တို့ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။ အရမ်းကို စိတ်ထိခိုက်ကြေကွဲရလို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်” ဟု ထိုဆန္ဒပြပွဲကို သတင်းလာယူသည့် နိုင်ငံပိုင်သတင်းဌာနများအား ၎င်းက ပြောသည်။
စစ်ပွဲအတွင်း လူသေဆုံးမှုများသည် စိတ်ထိခိုက်စရာအကြောင်းရင်းတစ်ခုဖြစ်သော်လည်း ဟာသပညာရှင်များအစည်းအရုံးတာဝန်ရှိသူက နိုင်ငံရေးတွင် ပါဝင်ခြင်းမဟုတ်ဆိုသည့် မှတ်ချက်မှာမူ မုသားသက်သက်ပင်။ ဆန္ဒပြသူများအနက် ပါဝင်သူတစ်ဦးကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်တွင် “အကြမ်းဖက်သောင်းကျန်းသူများကို အမြစ်ဖြတ်ချေမှုန်း”ရန် လှုံ့ဆော်ထားသည့် ကြွေးကြော်သံလည်းပါဝင်ရာ ၎င်းတို့၏အဆိုနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေသည်။
လူရွှင်တော်ဒိန်းဒေါင်သည် တစ်သီးပုဂ္ဂလရပ်တည်သော လူရွှင်တော်အစည်းအရုံးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကာ နောက်ပိုင်းတွင် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ လူရွှင်တော်အစည်းအရုံးကို ၂၀၁၀တွင် စတင်တည်ထောင်ပြီး ပုံမှန်ဝင်ငွေမရှိတော့သည့် သက်ကြီးလူရွှင်တော်များကို ထောက်ပံ့ရန် ရည်ရွယ်သည်။ ၂၀၂၁နှစ်ဆန်းပိုင်းတွင် မန္တလေးမြို့၌ စစ်အာဏာသိမ်းမှုကို ဆန္ဒပြရာတွင် လူရွှင်တော်အစည်းအရုံးအဖွဲ့ဝင်အချို့ ပါဝင်ခဲ့သဖြင့် ထိုအစည်းအရုံးကို ၂၀၂၂တွင် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ဟာသပညာရှင်များအစည်းအရုံးသည် သက်ကြီးလူရွှင်တော်များကို ဆက်လက်ထောက်ပံ့ ကူညီလျက်ရှိသည်။
ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဟာသပညာရှင်များအစည်းအရုံး၏ ပထမဆုံးအကြိမ် သက်ကြီးပူဇော်ပွဲကို ၂၀၂၂၊ ဇူလိုင်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားကို “(၁၂)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်ကြီးများအားကန်တော့ပွဲ” ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ ဟာသပညာရှင်များအစည်းအရုံးသည် ဖျက်သိမ်းလိုက်သည့် လူရွှင်တော်အဖွဲ့အစည်းကို ဆက်ခံကြောင်း ပြသခြင်းပင်ဖြစ်သည်။
သို့သော် စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းကမူ ထိုအဖွဲ့နှစ်ခုအကြား မတူညီသည်မှာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးသည် “နိုင်ငံတော်က တရားဝင် အသိအမှတ်ပြု”ထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ဆိုသည်။ ထိုသို့ အဖွဲ့အစည်းကို “အသစ်” ပြင်ဆင်ဖွဲ့စည်းရန်မှာ ၎င်း၏ အကြံပြုတင်ပြချက်ဖြစ်ကြောင်း၊ သို့သော် အဖွဲ့အစည်းအမည်ကို ရွေးချယ်ပေးခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်ကြောင်း ဦးမောင်မောင်အုန်းက ဂုဏ်ယူဝင့်ကြွားစွာ ဆိုသည်။
ဟာသပညာရှင်များအစည်းအရုံးတစ်ခုဖွဲ့စည်းရန် စစ်ကောင်စီခေါင်းဆောင်ကို အကြံပြုသောအခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပင် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဟု အမည်ပေးရန် ညွှန်ကြားခဲ့ကြောင်း ဦးမောင်မောင်အုန်းက အခမ်းအနားတက်ရောက်သူများကို ပြောသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာဟာသပညာရှင်များအစည်းအရုံးအား ရုံးခန်းဆောက်လုပ်ရန် နေပြည်တော်ရှိ ငါးဧကကျယ်သော မြေကွက်တစ်ကွက် ပေးအပ်ခဲ့သည်။ ထိုသို့ ပေးအပ်ခြင်းသည် တိုင်းပြည်၏ အနုပညာနှင့် ဘာသာ၊ သာသနာ ထွန်းကားရေးအတွက် အားပေးအားမြှောက်ပြုသူအဖြစ် စစ်ခေါင်းဆောင်က မိမိကိုယ်ကို ပုံဖော်လိုခြင်းဖြစ်နိုင်သည်။ ထို့ပြင် မြန်မာ့ယဉ်ကျေးမှုကို ကာကွယ်မြှင့်တင်သူအဖြစ် လူအများ ထင်မြင်လာစေရန် ထိုသို့လှူဒါန်းခြင်းလည်း ဖြစ်နိုင်သည်။
ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးသည် စစ်ကောင်စီ အသိအမှတ်ပြု ဘာသာရေးနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့်အတူ စစ်တပ်၏ ဝါဒဖြန့်ချိမှုများကို နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သံယောင်လိုက်ပေးရတော့သည်။ ဥပမာအားဖြင့် ယမန်နှစ်၊ ဒီဇင်ဘာ၃၀ရက်က ထုတ်ပြန်ခဲ့သည့် “AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအား အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း” ကြေညာချက်မျိုးဖြစ်သည်။
စစ်ကောင်စီ ကျင်းပသည့် အခမ်းအနားနှင့် ချီတက်ဆန္ဒပြပွဲများတွင် ပုံမှန်တက်ရောက်ခြင်း အပါအဝင် ထိုသို့ သစ္စာခံသည့် အပြုအမူများသည် သက်ကြီးလူရွှင်တော်များအား ထောက်ပံ့ရေးဟူသည့် အစည်းအရုံး၏ မူလရည်ရွယ်ချက်များနှင့် သွေဖီနေသည်။ ထိုအချက်ကိုလည်း အွန်လိုင်းဝေဖန်သုံးသပ်သူများသာမက အများပြည်သူကပါ ဝေဖန်ထောက်ပြနေသည်။ တစ်ချိန်တည်းတွင် အခြားလူရွှင်တော်များကမူ ၎င်းတို့၏ အနုပညာ စွမ်းရည်များကို စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် အပြည့်အဝ အသုံးချကြသည်။ ထိုလူရွှင်တော်များသည် အွန်လိုင်းရုပ်သံရိုက်ကူးမှုများနှင့် ပြည်ပဖျော်ဖြေပွဲများမှတစ်ဆင့် စစ်ဗိုလ်ချုပ်များကို လှောင်ပြောင်သရော်ကြလေ့ရှိသည်။
“အဖြူရောင်” အနုပညာရှင်များ
ယမန်နှစ်၊ ဇူလိုင်တွင် စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက လူရွှင်တော်များကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် သတိပေးခဲ့သည်။ တစ်လအကြာတွင် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးက စစ်တပ်အုပ်ချုပ်မှုဆန့်ကျင်သူများအား “အမြစ်ဖြတ်ရန်” စစ်ကောင်စီကို တောင်းဆိုလာခဲ့သည်။
ထိုအကြောင်းကို နေပြည်တော်တွင် ကျင်းပသည့် အစည်းအရုံး၏ နှစ်ပတ်လည် သက်ကြီးလူရွှင်တော်ကန်တော့ပွဲတစ်ခုတွင် သူက ပြောကြားခဲ့သည်။ တိုင်းရေးပြည်ရေးတွင် ပါဝင်စေလိုသော်လည်း နိုင်ငံရေးသည် “ရှုပ်ထွေး”သည့်အပြင် “ခက်ခဲနက်နဲ”သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ “အနုပညာသည် အဖြူထည်ဖြစ်ပြီး” အခြားအရောင်များနှင့် “အရောင်မဆိုးသင့်” ဟုလည်း ဦးမောင်မောင်အုန်းက ပြောဆိုခဲ့သည်။
“အခြားအရောင်များ”ဟု ဆိုရာတွင် ဦးမောင်မောင်အုန်းက မြန်မာ့နိုင်ငံရေးတွင် “အနီ” နှင့် “အစိမ်း” ဟု လူသိများသည့် ပါတီနိုင်ငံရေးကို ဆိုလိုဟန်ရှိသည်။ အနီဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်တပ်ဆန့်ကျင်ရေးအင်အားစုများကို ကိုယ်စားပြုသည့် အရောင်ဖြစ်ပြီး အစိမ်းဆိုသည်မှာ စစ်တပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့နှင့် အများတွဲမြင်သည့် အရောင်ပင်ဖြစ်သည်။
သို့သော် “အဖြူရောင်” သည် နိုင်ငံရေးအရ ဘက်မလိုက်ခြင်းကို ဆိုလိုဟန်ရှိသည့်တိုင် စစ်ကောင်စီအတွက်မူ ၎င်း၏ အလိုလိုက်၊ အကြိုက်ဆောင်စေခြင်းသာဖြစ်သည်။ စစ်ကောင်စီကို ဆန့်ကျင်သူများအဖို့မူ “အဖြူရောင်အနုပညာရှင်”ဆိုသည့် စကားရပ်သည် စစ်အာဏာရှင်စနစ်ကို မဝေဖန်၊ မဆန့်ကျင်ရဲသော အနုပညာရှင်များကို နှိမ်ချရာတွင် ရည်ညွှန်းသည့် အသုံးအနှုန်းဖြစ်သည်။ ကြားနေခြင်းသည် “ဖိနှိပ်သူနှင့် တစ်ဘက်တည်းရပ်ခြင်း” ဟူသည့် နိုင်ငံရေးဆိုရိုးစကားကြောင့်လည်း ဖြစ်ပေသည်။
နာမည်ကြီးလူရွှင်တော်တစ်ဦးဖြစ်သည့် အောင်သော်ကမူ စစ်တပ်ကို ထောက်ခံသည့်အတွက် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးကို ရှုတ်ချသည်။ ၎င်းသည် ၂၀၂၁၊ ဖေဖော်ဝါရီ အာဏာသိမ်းမှုအပြီး နှစ်လအကြာတွင် ထိုင်းနိုင်ငံသို့ မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အနုပညာရှင်တစ်ဦးလည်းဖြစ်သည်။ တစ်တိုင်းပြည်လုံး ပြည်တွင်းစစ်အတွင်း ဆင်းသက်နေသည့်တိုင် ထိုအဖွဲ့အစည်းနှင့် “အဖြူရောင်” အနုပညာရှင်ဟု ဆိုသူများက “တိုင်းပြည်တည်ငြိမ် အေးချမ်းနေ” သယောင် မှားယွင်းစွာ ဝါဒဖြန့်ချိခြင်းဖြင့် စစ်တပ်ကို ကူညီနေကြောင်း ၎င်းက ဆိုသည်။
“မြန်မာလူထုက နီရင် လူရွှင်တော်တွေလည်း နီတယ်။ လူထုက အပြာဆို ကျနော်တို့လည်း အပြာပဲ” ဟု အောင်သော်က ဖရွန်တီးယားသို့ ဖုန်းမှတစ်ဆင့် ဖြေဆိုသည်။ လူရွှင်တော်များ၏ ပြက်လုံးများသည် တိုင်းပြည်အတွင်း ပြည်သူများခံစားနေရသည့် အခြေအနေအမှန်ကို ထင်ဟပ်သင့်သည်ဟု သူကဆိုလိုခြင်း ဖြစ်သည်။
“မြန်မာပြည်သူတွေက သွေးချောင်းစီးနေပြီး အခက်အခဲကြုံနေရချိန်မှာ ကျနော်တို့က ‘အဖြူရောင်’ (အနုပညာရှင်) အဖြစ် ဘာမှမဖြစ်သလို ငြိမ်နေလို့မရဘူး” ဟု ၎င်းက ပြောသည်။
သို့သော် မြန်မာဟာသပညာရှင်များအစည်းအရုံးအဖွဲ့ဝင် အမည်မဖော်လိုသူ ဝါရင့်လူရွှင်တော်ကြီးတစ်ဦးကမူ မြန်မာနိုင်ငံအတွင်းရှိ သမ္ဘာရင့်လူရွှင်တော်အများအပြားသည် စစ်တပ်ကို ထောက်ခံ၍ “အဖြူရောင်” အနုပညာရှင်များအဖြစ် ခံယူကြခြင်းမဟုတ်ဘဲ ပုံမှန်အလုပ်နှင့် ဝင်ငွေမရှိသဖြင့် အခြားသူများထံမှ ရနိုင်သမျှ အထောက်အပံ့ လိုအပ်၍သာဖြစ်ကြောင်း ဖရွန်တီးယားကို ပြောသည်။
မြန်မာဟာသပညာရှင်များအစည်းအရုံးက ကားရိုက်မရှိသည့် လူရွှင်တော်များ သို့မဟုတ် အနားယူသွားသည့် ဟာသပညာရှင်များကို ရံဖန်ရံခါ ငွေနှင့်အစားအသောက် ကူညီလေ့ရှိသည်ဟု ၎င်းကဆိုသည်။ သို့သော် စစ်ကောင်စီက ဦးစီးကျင်းပသည့် အစည်းအဝေးများနှင့် ပွဲလမ်းသဘင်၊ အခမ်းအနားများကိုမူ တက်ရောက်ရင် အစည်းအရုံးက ဖိအားပေးလေ့ရှိကြောင်း အဆိုပါ ဝါရင့်လူရွှင်တော်က ဆိုသည်။
“ကျနော်တို့က အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေ၊ ကြေညာချက်တွေကို စောဒကမတက်ဘဲ လိုက်နာရတယ်။ ပွဲမတက်ချင်ဘူးလို့ ငြင်းရင် ကျနော်တို့အတွက် ပြဿနာရှိတယ်” ဟု ၎င်းက ပြောသည်။
လူရွှင်တော် အောင်သော်ကမူ ထိုအစည်းအရုံးသည် သက်ကြီးအနုပညာရှင်များ၏ စားဝတ်နေရေး အကျပ်အတည်းကို အခွင့်ကောင်းယူခြင်းဖြင့် လူရွှင်တော်များသည် စစ်ကောင်စီကို ထောက်ခံကြောင်း ပုံမှားရိုက်နေသည်ဟု ဆိုသည်။
“ဒါက တော်တော်ကိုရှက်ဖို့ကောင်းတယ်။ လူရွှင်တော်တွေမှာက အမြဲသတ္တိရှိရှိနေခဲ့ကြတယ်ဆိုပြီး သမိုင်းရှိခဲ့တယ်။ ကျနော်တို့ရှေ့ကလူကြီးတွေရဲ့ သွေးက အမြဲနီခဲ့တာ၊ အမှန်ကိုပြောဖို့ မကြောက်ကြဘူး။ ခုဒီအစည်းအရုံးကတော့ စစ်ကောင်စီရဲ့ ရုပ်သေးရုပ်တစ်ခုထက် မပိုပါဘူး” ဟု ၎င်းက ပြောသည်။

အာဏာပိုင်များကို သရော်ခြင်း
မြန်မာနိုင်ငံတွင် ဟာသပြက်လုံးများကို တင်ဆက်သည့် အငြိမ့်သဘင်များသည် ကုန်းဘောင်မင်းဆက် ခေတ်ကတည်းက တည်ရှိခဲ့သည်။ ၁၇၅၂မှ ၁၈၈၅ အထိ အုပ်စိုးခဲ့သည့် ထိုဗမာဘုရင်မင်းဆက်၏ နောက်ဆုံးမင်းဆက်ခေတ်တွင် တော်ဝင်အခမ်းအနားများ၌ ပင်မဇာတ်ကြီးများ ခေတ္တရပ်နားချိန်တွင် လူရွှင်တော်များက ပြက်လုံးများပြက်၍ ပရိသတ်ကို ဖျော်ဖြေခဲ့ကြသည်။
နန်းတွင်းတွင် ပြက်ရသည့် လူရွှင်တော်များကို “လက်စွဲတော်” ဟုခေါ်ကြသည်။ ပြည်သူလူထု၏ နိစ္စဓူဝ ရုန်းကန်လှုပ်ရှားမှုများနှင့် ညံ့ဖျင်းသည့် အုပ်ချုပ်မှုကြောင့် နွမ်းပါးသည့် ပြည်သူများ မည်သို့ဒုက္ခရောက်ရကြောင်းကို လူရွှင်တော်များက ဘုရင်အမျက်မထွက်အောင် ဟာသနှော၍ တင်ဆက်ကြသည်။
၁၈၈၅တွင် ဗြိတိသျှတို့ မင်းနေပြည်တော် မန္တလေးကို သိမ်းပိုက်ခဲ့ရာ ကုန်းဘောင်မင်းဆက်လည်း အဆုံးသတ်သွားသည်။ ယင်းနောက်တွင် တော်ဝင်ဇာတ်သဘင်များတွင် ကပြဖျော်ဖြေခဲ့သည့် နန်းတွင်း အနုပညာရှင်များသည် ပြည်သူလူထုကို ကပြဖျော်ဖြေခဲ့ပြီး ၎င်းတို့၏ ဝမ်းရေးကို အသက်ဆက်ခဲ့ကြသည်။ ၁၉၀၀ပြည့်နှစ်ဝန်းကျင်တွင် ဦးချစ်ဖွယ်နှင့် ဇနီး ဒေါ်စိန်သုံတို့က မန္တလေးမြို့တွင် အက၊ ဂီတနှင့် ဟာသ စသည့် တင်ဆက်မှုအမျိုးမျိုးကို ပေါင်းစပ်ရောနှော၍ ဆန်းသစ်တီထွင်ကာ ဖျော်ဖြေခဲ့ကြသည်။ ထိုဖျော်ဖြေတင်ဆက်မှုသည် နောင်တွင် “အငြိမ့်”ဟု အမည်တွင်လာသည်။
ကိုလိုနီခေတ်၌ အငြိမ့်အဖွဲ့များသည် ဗြိတိသျှအုပ်ချုပ်ရေးနှင့် မြန်မာ့ရေပေါ်ဆီ အထက်တန်းလွှာများကို သရော်ခဲ့ကြသည်။ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ထိုအငြိမ့်သဘင်များက အသစ်တက်လာသည့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများကို ဆက်လက်၍ သရော်သည်။
၁၉၆၂တွင် စစ်တပ်အာဏာသိမ်းသည့်အခါ အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို စတင်စိစစ်၍ ဆင်ဆာဖြတ်တောက်၊ ပိတ်ပင်မှုများ ပြုလုပ်လာသည်။ နိုင်ငံရေးအရ သရော်မှုအမျိုးမျိုးကို တင်းကျပ်စွာ စောင့်ကြည့်၊ ဖိနှိပ်ခဲ့သည့်အပြင် ဘောင်ကျော်သည်ဟု အာဏာပိုင်များကယူဆသည့် လူရွှင်တော်များသည် ဖမ်းဆီးခံရလေ့ရှိသည်။ ထိုအန္တရာယ်များရှိသည့်တိုင် အနုပညာရှင်များသည် သွယ်ဝိုက်၍ဖြစ်စေ၊ တင်စားပြောဆို၍ဖြစ်စေ၊ အဓိပ္ပါယ်နှစ်ခွထွက်သည့် အသုံးအနှုန်းများ အသုံးပြု၍ ဖြစ်စေ လူမှုရေးနှင့် နိုင်ငံရေးပြဿနာများကို မသိမသာ ပြက်လုံးထုတ်၍ ဖျော်ဖြေခဲ့ကြသည်။
နိုင်ငံရေးပြက်လုံးများကြောင့် လူသိများ ထင်ရှားသည့် မြန်မာနိုင်ငံမှ လူရွှင်တော်တစ်ဦးမှာ ဇာဂနာဖြစ်သည်။ ၎င်းသည် ၁၉၈၀ပြည့်လွန်နှစ်များတွင် အငြိမ့်သဘင်များမှတစ်ဆင့် အနုပညာလောကသို့ စတင်အခြေချခဲ့သူဖြစ်သည်။ ၎င်းသည် ရိုးရာပြက်လုံးများကို နိုင်ငံရပ်ခြားမှ ခေတ်ပေါ်ဟာသသဘောတရားများနှင့် ပေါင်းစပ်၍ စစ်ဗိုလ်ချုပ်များအား သရော်ရာမှ အလျင်အမြန် နာမည်ကြီးလာသည်။
၎င်း၏ နိုင်ငံရေးပြက်လုံးများနှင့် နိုင်ငံရေးတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုကြောင့် ၁၉၈၈မှစ၍ ၎င်းသည် ကြိမ်ဖန်များစွာ ထောင်ကျပြီး ထောင်နှင့်ပြင်ပသို့ ဝင်ချည်ထွက်ချည် ပြုခဲ့ရသည်။ အခြားလူရွှင်တော်များလည်း ၎င်းတို့၏ ဖျော်ဖြေမှုများကြောင့် အလားတူပင် နှစ်ပေါင်းများစွာ ထောင်နန်းစံခဲ့ကြရသည်။
၁၉၉၆၊ ဇန်နဝါရီ၄ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်များအနက် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အငြိမ့်သဘင်တစ်ပွဲ ကပြဖျော်ဖြေခဲ့ကြသည်။ အဓိက ဖျော်ဖြေသူများမှာ “နှုတ်ခမ်းမွေးညီနောင်” ဟု ၎င်းတို့ကိုယ်၎င်းတို့ အမည်ပေးထားသည့် မန္တလေးမြို့ခံ နာမည်ကြီး လူရွှင်တော်များဖြစ်သော ပါပါလေးနှင့် လူဇော်တို့ဖြစ်သည်။
ထိုအငြိမ့်တွင် ရိုးရာသဘင်မူအတိုင်း ပါးပါးနပ်နပ် ဇာတ်တိုက်ထားသည့် ခွန်းထောက်များ၊ အဆို၊ အတီး၊ အကတို့သာမက ပြက်လုံးများလည်း ပါဝင်သည်။ ထိုပြက်လုံးများက အဓိကအားဖြင့် ကွယ်ပျောက်သွားပြီဖြစ်သည့် ဗမာပြည်ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ပြည်သူလူထုကို ဖိနှိပ်သည့် စစ်တပ်ကို လှောင်ပြောင်၊ ပြက်ရယ်ပြုသော ဟာသများဖြစ်သည်။ ထိုအငြိမ့်ကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုတွင် ပြက်လုံးများကြောင့် ဟက်ဟက်ပက်ပက် ရယ်မောနေသည့် ပရိသတ်တစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ပွဲချိန်တစ်ဝက်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် စင်မြင့်ပေါ်သို့ တက်ရောက်လာပြီး “စင်မြင့်ပေါ်မှာ ပြောသွားတဲ့ကိစ္စမှန်သမျှအတွက် ကျမတာဝန်ယူတယ်လို့ ကျမပြောပါရစေ” ဟု ပြောဆိုခဲ့သည်။
“အနုပညာသည်များရဲ့ တာဝန်ဆိုတာဟာ ဘဝရဲ့ ပကတိအခြေအနေတွေကို တင်ပြဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ “ဒီတော့ အနုပညာသည်များအနေနဲ့ ဘာမှ တာဝန်မရှိပါဘူး။ အပြစ်မရှိပါဘူး။ အပြစ်ရှိတယ်ဆိုလို့ရှိရင်လည်း ကျမအပြစ်ပါလို့ ပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ထိုသို့ တာဝန်ခံခဲ့သည့်တိုင် အငြိမ့်ပွဲအပြီးတွင် လူရွှင်တော် ပါပါလေးနှင့် လူဇော်တို့ကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ခုနှစ်နှစ် ချမှတ်ခဲ့သည်။ ထို့ပြင် ၎င်းတို့ကို ဇာတ်ပွဲများတွင် ဖျော်ဖြေတင်ဆက်ခွင့်လည်း ပိတ်ပင်လိုက်သည်။
မန္တလေးမြို့ခံဖြစ်ပြီး အသက် ၅၄ နှစ်ရှိပြီဖြစ်သည့် ဝါရင့်လူရွှင်တော်ဦးမာဂ (အမည်လွှဲ) က မြန်မာနိုင်ငံတွင် ဟာသပညာသည် လူအများရယ်မောအောင် လုပ်ရသည့် အလုပ်ဖြစ်သော်လည်း “ခက်ခဲသည့် အသက်မွေးမှုတစ်ခု” ဖြစ်သည်ဟု ဆိုသည်။
“လူရွှင်တော်တွေက နိုင်ငံရေးပြက်လုံးတွေ ပြက်တဲ့အခါ ဒီအခက်အခဲတွေဆိုတာ သူတို့အတွက် သေရေး၊ ရှင်ရေးလည်း ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ဖရွန်တီးယားသို့ ဖုန်းမှတစ်ဆင့် ဖြေဆိုသည်။
ဦးမာဂသည် ထောင်တွင်းကျန်းမာရေးချို့ယွင်းမှုကြောင့် ၂၀၁၃တွင် ကွယ်လွန်ခဲ့သည့် လူရွှင်တော် ပါပါလေးနှင့် အလွန်ရင်းနှီးသည့် မိတ်ဆွေတစ်ဦးဖြစ်သည်။ စစ်တပ်ကို ဦးမညွတ်ခဲ့သည့် နှုတ်ခမ်းမွှေးညီနောင်ကဲ့သို့ လူရွှင်တော်များ၏ အနုပညာသမိုင်းကြောင်းကို ပြန်ပြောင်းပြောခွင့်ရသဖြင့် ဂုဏ်ယူမိကြောင်း သူကဆိုသည်။
“နိုင်ငံရေးအကြောင်းကို ပြက်လုံးမထုတ်ရဲတဲ့ လူရွှင်တော်ဟာ သတ္တိကြောင်တဲ့သူပါပဲ။ လူရွှင်တော်တွေက နိုင်ငံရေးအကြောင်းပြက်လုံးမထုတ်တဲ့အခါ သူတို့ဆီကနေ ညစ်တီးညစ်ပတ် အောက်လုံးတွေပဲထွက်လာတယ်” ဟု ဦးမာဂကပြောသည်။
စစ်မှန်သည့် လူရွှင်တော်များ၏တာဝန်မှာ လူထုနှင့်အတူရပ်တည်ပြီး အာဏာပိုင်များကို ဝေဖန်ထောက်ပြရန်ဖြစ်သည်ဟု ၎င်းကဆိုသည်။ ထို့ပြင် ပြက်လုံးများသည် ပရိတ်သတ်ကို ရယ်မောစေရုံတင်မက ၎င်းတို့အား အကြောင်းအရာများကို ရှုထောင့်သစ်များမှချဉ်းကပ်၍ တွေးတောစေရန်လည်း လှုံ့ဆော်ပေးသင့်ကြောင်း သူဆိုသည်။
“တကယ်လို့ လူရွှင်တော်တစ်ယောက်က အစိုးရရဲ့ လေသံကိုပဲ ထပ်ပြောပေးနေတာဆိုရင် အဲဒါက ကမ္ဘာပေါ်မှာ အသုံးမကျဆုံးအလုပ်ဖြစ်သွားပြီ” ဟု ဦးမာဂက ပြောသည်။

တော်လှန်ရေးစက်ဝန်းထဲက လူရွှင်တော်တွေ
၁၉၉၆က နှုတ်ခမ်းမွေးညီနောင်၏ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ဖျော်ဖြေပွဲကိုကြည့်ခြင်းအားဖြင့် အတိုက်အခံ နိုင်ငံရေးအင်အားစုများသည် ရှေးယခင်ကတည်းက နာမည်ကြီးလူရွှင်တော်များ၏ အားကိုသုံး၍ ပြည်သူလူထု၏ ထောက်ခံမှုကို ရယူခဲ့သည်။ လက်ရှိ အာဏာသိမ်းစစ်တပ်ကလည်း ထိုနည်းလမ်းအတိုင်း ဟာသပညာရှင်များအစည်းအရုံးကို အသုံးချ၍ ယနေ့မြန်မာပြည်အတွင်းက အာဏာလွန်ဆွဲပွဲတွင် လူရွှင်တော်များသည် ၎င်းကိုထောက်ခံကြောင်း ပုံဖော်၍ လူထုထောက်ခံမှုရအောင် ကြိုးပမ်းနေဟန် ရှိသည်။
သို့သော် လူမှုကွန်ရက်အင်အားကောင်းသည့်ခေတ်ဖြစ်သဖြင့် စစ်ကောင်စီသည် ယခင်စစ်အာဏာရှင် လက်ထက်ကလောက် အတိုက်အခံများ၏ ကြွေးကြော်သံများကို တိတ်ဆိတ်အောင် မပြုနိုင်သည့်အပြင် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားသည့် နိုင်ငံရေးဇာတ်ကြောင်းကိုလည်း တင်းတင်းကျပ်ကျပ် မထိန်းချုပ်နိုင်ပေ။
၂၀၀၀ပြည့်နှစ်တွင် နိုင်ငံရေးပြက်လုံးများကြောင့် လူသိများလာသည့် သီးလေးသီး အငြိမ့်အဖွဲ့တွင် လူရွှင်တော်စိန်သီးလည်း ပါဝင်ခဲ့သည်။ မကြာသေးမီနှစ်များကစ၍ ၎င်းသည် ဖေ့စ်ဘွတ်ခ်နှင့် YouTube လူမှုကွန်ရက်များတွင် ၎င်း၏ ကိုယ်ပိုင်စာမျက်နှာများ တည်ထောင်၍ မျက်မှောက်ရေးရာ သတင်းများနှင့် စစ်ကောင်စီ၏ တိုက်ပွဲရှုံးနှိမ့်မှုများကို သရော်ပြီး ကြည့်ရှုသူများကို တင်ဆက်သည့် ပုံစံဖြင့် ဖျော်ဖြေခဲ့သည်။
ယမန်နှစ်က ဟာသရုပ်သံတင်ဆက်မှုတစ်ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ မန္တလေးမြို့သို့ ပိုမိုနီးကပ်လာကြောင်း သတင်းများထွက်ပေါ်ခဲ့ချိန်တွင် လူရွှင်တော်စိန်သီးက စစ်တပ်၏ ကျရှုံးမှုများနှင့် ပတ်သက်၍ ပြက်ရယ်ပြု သရော်ခဲ့သေးသည်။
အွန်လိုင်းဟာသရုပ်သံများမှတစ်ဆင့် ပြက်လုံးများဖြင့် ဖျော်ဖြေမှုအပြင် ၂၀၂၁နောက်ပိုင်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သည့် အချို့လူရွှင်တော်များသည် အခြားနိုင်ငံများတွင်လည်း စင်မြင့်ဖျော်ဖြေပွဲများ ပြုလုပ်၍ ပရိသတ်ကို တင်ဆက်ကြသည်။ ၎င်းတို့အနက် ဟားငါးကောင် ဟာသအဖွဲ့လည်း ပါဝင်သည်။ ၎င်းတို့အဖွဲ့သားငါးဦးလုံးသည် အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းသို့ ထွက်ပြေးတိမ်းရှောင်ပြီး ထိုနိုင်ငံတွင်ပင် ပရိသတ်များကို ဖျော်ဖြေတင်ဆက်သည်။
ဟားငါးကောင်အဖွဲ့မန်နေဂျာ ဦးသခင်ထွန်းကမူ ထိုအဖွဲ့သားငါးဦးသည် မူလတွင် လက်နက်ကိုင်၍ စစ်တပ်ကို တော်လှန်ရန် ကရင်အမျိုးသားအစည်းအရုံး နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
“ဒါပေမဲ့လည်း နောက်ကျတော့ ပရိသတ်ကို ဆက်ပြီးဖျော်ဖြေတာ ကျနော်တို့အတွက် အကောင်းဆုံးပဲလို့ နားလည်လာတယ်။ ဒါက ကျနော်တို့ ကောင်းကောင်းလုပ်တတ်တဲ့ အလုပ်တစ်ခု ဖြစ်နေလို့ပါပဲ” ဟု ၎င်းက ဖရွန်တီးယားကို ဖုန်းမှတစ်ဆင့် ဖြေဆိုသည်။ (ဟားငါးကောင်အဖွဲ့ဝင် လူရွှင်တော်ဝိုင်းကျော်သည် ယမန်နှစ်၊ မေတွင် မဲဆောက်ဆေးရုံကြီး၌ ဆေးကုသရင်း ကွယ်လွန်ခဲ့သည်။)
ယခုအခါ ဟားငါးကောင်အဖွဲ့သည် ဘန်ကောက်အနီးရှိ စက်မှုဇုန်များနှင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကမ်းခြေဒေသများတွင် အပါအဝင် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းမြန်မာလုပ်သား အများအပြား နေထိုင်ရာ ဒေသများတွင် လှည့်လည်ဖျော်ဖြေလျက်ရှိသည်။ သို့သော် ထိုင်းအာဏာပိုင်များထံမှ တရားဝင်ခွင့်ပြုချက်ရယူထားခြင်းမဟုတ်သဖြင့် ၎င်းတို့သည် သိုသိုသိပ်သိပ်သာ ဖျော်ဖြေကြရသည်။
၎င်းတို့၏ ဖျော်ဖြေမှုမှရရှိသည့် အမြတ်ငွေများအနက် ရာခိုင်နှုန်းတစ်ခုကို လူရွှင်တော်များက လုပ်အားခအဖြစ် ရယူပြီး ကျန်ငွေများကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် ထည့်ဝင်လှူဒါန်းသည်။ လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဖျော်ဖြေပွဲများမှ ရရှိသည့် ထိုင်းငွေ ဘတ်တစ်သန်းကျော် (သိန်း၁၃၀၀ဝန်းကျင်)လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ဦးသခင်ထွန်းက ဆိုသည်။
ဟားငါးကောင်အဖွဲ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်၏ တိုက်ပွဲရှုံးနိမ့်မှုများကို အဓိကထားလှောင်ပြောင်၍ ပရိသတ်ကို ပြက်လုံးများဖြင့် ဖျော်ဖြေသည်ဟု ၎င်းကဆိုသည်။ ထို့ပြင် ၎င်းတို့သည် အမျိုးသားရေးဝါဒီများနှင့် စစ်တပ်ထောက်ခံသော ဘုန်းကြီးများကို သရော်၊ ဝေဖန်ရန်လည်း ဝန်မလေးပေ။ အမျိုးသားရေးနှင့် ဘာသာရေးအသိုင်းအဝိုင်းကို ဝေဖန်ခြင်းသည် မြန်မာ့လူ့အသိုင်းအဝိုင်းတွင်မှု ထိလွယ်ရှလွယ်ကိစ္စတစ်ခုအဖြစ် အများက သတ်မှတ်ထားသည်။
ဟားငါးကောင်၏ ပြက်လုံးစက်ကွင်းများမှ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရလည်း မလွတ်ကင်းပေ။ အတိုက်အခံအစိုးရထံမှ အခြား စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို ငွေကြေးထောက်ပံ့မှု အနည်းငယ်သာရှိခြင်း သို့မဟုတ် လုံးဝမရှိခြင်းကိုလည်း ဟားငါးကောင်က သရော်ထားသေးသည်။
လူရွှင်တော်အောင်သော်က ၎င်းတို့သည် ဟားငါးကောင်အဖွဲ့နှင့်အတူ ထိုင်းနိုင်ငံအနှံ့ ရံဖန်ရံခါ သွားရောက်ဖျော်ဖြေကြောင်းနှင့် ရွှေ့ပြောင်းလုပ်သားများထံမှ လက်ခုပ်သံများကြားရသောအခါ အလွန်ပင် ဝမ်းသာအားရဖြစ်ရကြောင်း ဆိုသည်။
အခြားသူများကို ရယ်မောအောင် ပြက်ရသောသူဖြစ်သော်လည်း ၎င်း၏ဘဝတွင် ပြုံးရယ်၍ အမောဖြေစရာ များများစားစားမရှိကြောင်း၊ ထို့ကြောင့် ပြက်လုံးအသစ်များ ရှာချင်စိတ်ပင် မရှိတော့ကြောင်း သူကဆိုသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်ပြက်လုံးမှ မထုတ်ချင်တော့ဘူး။ ကျနော်တို့ တိုင်းပြည်မှာ ပျော်စရာရယ်လို့မှ မရှိတော့ပဲ”