ရန်ကုန်မြို့နှင့် သန်လျင်မြို့အား ဆက်သွယ်မည့် တတိယမြောက်တံတားသစ် တည်ဆောက်ရေးလုပ်ငန်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက စတင်လိုက်ပြီး ၂၀၂၃ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဟု သိရသည်။
သန်လျင်တံတား အမှတ်-၃ အား ဂျပန်နိုင်ငံ၏ ချေးငွေ အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄ သန်းနှင့် မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်း၊ စုစုပေါင်း ၃၂၃ ဒသမ ၂၀၆ သန်း အသုံးပြု တည်ဆောက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရန်ကုန်ဘက်ကမ်း သာကေတမြို့နယ်တွင် ကျင်းပသည့် တံတားပန္နက်တင် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဂျပန်နိုင်ငံ Ministry of land, Infrastructure, Transport and Tourism ဒုတိယဝန်ကြီးတို့က စက်ခလုပ်နှိပ်၍ Stand Pipe အား ရိုက်သွင်းပေးခဲ့ကြသည်။
အဆိုပါ တံတား၏ အရှည်မှာ ၁,၉၂၈ မီတာရှိပြီး တံတား ကိုယ်ထည်ကို Steel Box Grider နှင့် အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည်ဖြစ်ကာ ယာဉ်တစ်စီး၏ ခံနိုင်ဝန်အားကို ၇၅ တန် သတ်မှတ်ထားသည်။
မြစ်ကူးတံတားနှင့်အတူ သာကေတဘက်ခြမ်းတွင် ခုံးကျော်တံတားကိုပါ တစ်ဆက်တည်း တည်ဆောက်သွားမည်ဖြစ်သည်။
“ရန်ကုန်ဘက်ကမ်းချဉ်းကပ်လမ်းဟာ လမ်းတွေတော်တော်များများကို ကျော်ဖြတ်သွားပြီးတော့ သာကေတအဝိုင်းမှာ ဒီခုံးကျော်တံတားကြီးဟာ ဆင်းသွားမှာဖြစ်ပါတယ်” ဟု ပန္နက်တင်အခမ်းအနားတွင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်-သန်လျင်တံတားသစ်၏ နမူနာပုံစံ။ ဓာတ်ပုံ-JICA Myanmar
စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ သန်လျင်မြို့နယ်နှင့် ရန်ကုန်မြို့တော်ကြား တိုးပွားလာသည့် ယာဉ်ကြောပိတ်ဆို့မှုအား ဖြေလျော့ရန်နှင့် တံတား တည်ဆောက်ခြင်းဖြင့် သီလဝါအထူးစီးပွားရေးဇုန်ကို သွားလာရာတွင် ယာဉ်လမ်းကြောင်း ပိုမိုချောမွေ့ပြီး အချိန်တိုတွင်း ကုန်စည်သွားလာ ပို့ဆောင်နိုင်ရန် ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ပြောကြားသည်။
သန်လျင်မြို့နယ်၊ သီလဝါဒေသတွင် ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန် တည်ရှိသည်။
တံတားစီမံကိန်းအတွက် ဂျပန်နှင့် မြန်မာနိုင်ငံတို့အကြား ချေးငွေသဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ်၊ မတ် ၁ ရက်နေ့က ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်နှင့် သန်လျင်အကြားတွင် တံတားနှစ်ခု တည်ဆောက်ထားပြီး ပထမဆုံး တံတားဖြစ်သည့် သံလျင်တံတားအမှတ်-၁ မှာ တရုတ်နိုင်ငံက နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ ရထားလမ်းပါ ပါရှိသည်။
လက်ရှိတံတားသစ်ကို အဆိုပါ တံတားအမှတ်-၁ ဘေးတွင် တည်ဆောက်မည်ဖြစ်သည်။