ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
နီပေါနှင့် တရုတ်တို့ ဖက်စပ်တည်ထောင်ထားသည့် Himalaya Airlines က ရန်ကုန်နှင့် ခတ္တမန္ဒူမြို့အကြား တိုက်ရိုက် ခရီးစဉ်များကို ယခုလ ၂၄ ရက်နေ့တွင် စတင်ပြေးဆွဲတော့မည်ဖြစ်သည်။
နီပေါနိုင်ငံ၏ မြို့တော်နှင့် ရန်ကုန်မြို့အကြား ဆက်သွယ်ပေးမည့် အဆိုပါ ခရီးစဉ်များကို တစ်ပတ်လျှင်နှစ်ကြိမ် ပြေးဆွဲသွားမည်ဟု လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်-ခတ္တမန္ဒူ-ရန်ကုန်ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခမှာ အမေရိကန်ဒေါ်လာ ၃၂၀ မှ စတင်ကျသင့်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နီပေါအစိုးရထံမှ အချက်အလက်များအရ နီပေါနိုင်ငံသို့ ခရီးသည်များ လာရောက်သည့် ထိပ်တန်းခုနစ်နိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်ဟု ခတ္တမန္ဒူပို့စ်သတင်းစာက ဇန်နဝါရီလတွင် ရေးသားခဲ့သည်။ ပြီးခဲ့သည့်နှစ်က နီပေါနိုင်ငံသို့ မြန်မာခရီးသည် ၂၅,၇၆၉ ဦး လာရောက်ခဲ့သည်ဟု ရေးသားထားသည်။ အများစုမှ ကုန်လမ်းခရီးမှ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။
ထိုခရီးသည်များထဲမှ ၁၅,၂၈၄ ဦးမှာ ဗုဒ္ဓဖွားတော်မူသည့် လုဗ္ဗနီဒေသသို့ လာရောက်ကြခြင်းဖြစ်သည်ဟုလည်း အဆိုပါ သတင်းစာက ရေးသားထားသည်။
နီပေါနှင့် မြန်မာနိုင်ငံတို့အကြား လေကြောင်းသဘောတူညီချက်ကို ၂၀၀၆ ခုနှစ်၊ ဧပြီလက လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်နှင့် ခတ္တမန္ဒူကြားခရီးစဉ်များကို ယခင်က အစိုးရပိုင် ပြည်ထောင်စုမြန်မာနိုင်ငံလေကြောင်းက ပြေးဆွဲခဲ့ဖူးသည်ဟု သိရသည်။
Himalaya Airlines ကို နီပေါကုမ္ပဏီတစ်ခုနှင့် တရုတ်နိုင်ငံမှ တိဘက်လေကြောင်းလိုင်းတို့က ဖက်စပ်တည်ထောင်ထားခြင်းဖြစ်သည်။