ရန်ကုန်မြို့၏ အမြင့်ဆုံးအထပ်မြင့်အဆောက်အအုံ ဖြစ်လာမည့် ပါရမီလမ်းနှင့်ဦးထွန်းငြိမ်းလမ်းထောင့်ရှိ ဒိုင်းမွန်းအင်းလျားပဲလေ့စ်အမည်ရှိ ကွန်ဒိုမီနီယံ အဆောက်အအုံသည် မပြီးစီးသေးခင် ဆောက်လုပ်ဆဲ အခြေအနေမှာပင် မတော်တဆမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၇ ရက် နံနက် အစောပိုင်းက မီးလောင်ကျွမ်း ခဲ့သည်။
မီးသည် ၂၂ လွှာမှ စတင်လောင်ကျွမ်းခဲ့သည်ဟု ကနဦးသတင်းများအရ သိရှိထားပြီး နံနက် ၃ နာရီကျော်မှ စတင်လောင်ခဲ့သည့်မီးကို နံနက် ၆ နာရီ ၅၀ မိနစ်ရောက်မှသာ မီးသတ်သမားများက ထိန်းချုပ်ငြှိမ်းသတ် နိုင်ခဲ့သည်ဟု တိုင်းမီးသတ်တပ်ဖွဲ့က ဆိုထားသည်။
မီးလောင်ချိန်စုစုပေါင်း လေးနာရီခန့်အတွင်း ပျက်စီးဆုံးရှုံးမှု မည်မျှရှိသည်နှင့် အဆောက်အအုံကို ဆက်လက် ဆောက်လုပ်ခွင့်ရ၊ မရကိုမူ လက်ရှိအချိန်တွင် မသိရသေးဘဲ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးပြီးစီးမှသာ သိရှိနိုင်မည်ဖြစ်သည်။
အဆိုပါ အဆောက်အအုံသည် အားလုံးပြီးစီးလျှင် အထပ်ပေါင်း ၃၆ ထပ်ရှိမည် ဖြစ်ပြီး မန္တလေးဂိုးလ်ဒင်းဝင်း ဆိုသည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီက ဆောက်လုပ်နေခြင်းဖြစ်ကာ ရန်ကုန်မြို့၏အထင်ကရ အင်းလျားကန် နှင့်ကပ်လျက် တည်ရှိသည့် တန်းမြင့် လူနေအိမ်ရာစီမံကိန်း ဖြစ်သည်။
သတင်း – ကျော်ဖုန်းကျော်