ရန်ကုန်၊ အောက်တိုဘာ ၄
ရန်ကုန်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်နေထိုင်ကာ စီးပွားရေးလုပ်နေသူ အများအပြားရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ယနေ့ ပြောကြားသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျွန်တော်တွေ့ဖူးသလောက် နိုင်ငံသား လျှောက်ထားပိုင်ခွင့် မရှိသူ အများအပြား ရှိပါတယ်။ သူတို့တွေဟာ နိုင်ငံသား စိစစ်ရေးကတ်ပြား အတုတွေကိုင်လျှက် အခု ရန်ကုန်မှာ ရှိနေပါတယ်။ ပြီးတော့ သူတို့ စီးပွားရေးလုပ်ပြီး ချမ်းသာနေကြပါတယ်။ ဒါအပြင် နိုင်ငံခြားကိုလည်း အခေါက်ခေါက် အခါခါ သွားလာနေကြပါတယ်။ ဒါက ဘယ်လိုသွားကြတယ်ဆိုတာကို ကျွန်တော်မသိပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ၎င်းက ပြောကြားသည်။
“ဒီနေရာမှာ နိုင်ငံသားမဖြစ်နိုင်တဲ့သူတွေက နိုင်ငံသားစိစစ်ရေးကတ်ပြား ရသွားလို့ရှိရင် ဒါကအရမ်းကို ကြောက်စရာ ကောင်းပါတယ်၊ ဒါ့ပြင် မတော်တဆ မပေးမိဖို့လည်း အရေးကြီးပါတယ်။ ပေးမိလို့ရှိရင်လည်း နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပါ အတူပါသွားပါတယ်” ဟု ၎င်းကပြောသည်။
သို့သော် နိုင်ငံသားစိစစ်ရေးကတ်ပြား ရသင့်သော်လည်း မရရှိပါကမူ ၎င်းထံ တိုင်ကြားနိုင်သည်ဟုဆိုသည်။
“နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရာမှာ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန် ဖြည့်ဖို့ လိုပါတယ်။ ဒီတော့ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ကိုက်ညီရင်တော့ သူတို့ရဲ့ အချက်အလက်အရ ဧည့်နိုင်ငံသား သို့မဟုတ်၊ ပြုနိုင်ငံသားအဖြစ် ဖြစ်ကို ဖြစ်ရပါမယ်။ ဒါမှမဟုတ် မပေးလို့ရှိရင်တော့ ကျွန်တော့်ကို လာတိုင်ပါ။ ကျွန်တော်ကိုယ်တိုင် အရေးယူ ဆောင်ရွက်ပေးပါမယ်” ဟု ဦးဇော်အေးမောင်က ပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်မထားသူ ၁,၄၀၉,၄၃၆ ဦးရှိကြောင်း သိရသည်။
သတင်း-ဆုမြတ်မွန်