ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယမန်နေ့ (မေ ၈ ရက်) ညက ခရီးသည်တင်လေယာဉ်တစ်စီး ပြေးလမ်းချော်သွားမှုကြောင့် ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA) က အတည်ပြုသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံ Biman လေကြောင်းလိုင်းမှ Bombardier Dash – 8/400 လေယာဉ်အမျိုးအစားသည် ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်သွားခဲ့ခြင်းဖြစ်သည်။
ဒါကာမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာသည့်အဆိုပါလေယာဉ်ပေါ်တွင် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသည် ၂၈ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦးပါရှိသည်ဟု DCA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခရီးသည်များမှာ မြန်မာ၊ ဘင်္ဂလားဒေရှ့်၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံသားများ ဖြစ်ကြသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
လေယာဉ်သည် “ယနေ့ညနေ ၆ နာရီ ၅၁ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြင်ကွင်းများ မပြတ်သားမှုကြောင့် လေယာဉ်ပြေးလမ်း၏ ညာဘက်သို့ ချော်ထွက်သွားခဲ့ပါသည်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲနေသည့် Yangon Aerodrome Co., Ltd. က သတင်းထုတ်ပြန်သည်။
image-25.jpeg
title=
ထိုဖြစ်ရပ်ကြောင့် ခရီးသည် ၁၃ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦး ဒဏ်ရာများ ရရှိခဲ့သည်ဟု DCA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒဏ်ရာရရှိသူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးနောက် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ခေါ်ဆောင်သွားသည်။ ထို့နောက် ရန်ကုန်ဆေးရုံကြီးတွင် ဆက်လက် ကုသပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်ထားသည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် လေဆိပ်ကို ပိတ်ထားခဲ့ရသည့်အတွက် ရန်ကုန်လေဆိပ်သို့ ဆင်းမည့်လေယာဉ်များမှာ နေပြည်တော်လေဆိပ်သို့ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ကြရပြီး ထွက်ခွာမည့် လေယာဉ်များလည်း နှောင့်နှေးခဲ့ရသည်။
လေဆိပ်ကို ည ၉ နာရီ ၁၀ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လေဆိပ်လုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်ခဲ့သည်။