ရန်ကုန်ရှိ အထပ်မြင့် စီမံကိန်းများ ရပ်ဆိုင်းမှုကြောင့် ဒေါ်လာ ခြောက်ဘီလျံခန့် ဆုံးရှုံးနိုင်

ရန်ကုန်၊ ဇူလိုင် ၂၁

ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်အား ရုတ်တရက် ရပ်ဆိုင်းလိုက်သည့် အကျိုးဆက်အဖြစ် ဆုံးရှုံးမှုပမာဏသည် အမေရိကန်ဒေါ်လာ ငါးဘီလျံမှ ခြောက်ဘီလျံခန့်အထိ ရှိနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်လိုက်သည်။

ရန်ကုန်တွင် တည်ဆောက်နေသည့် မိုးမျှော်တိုက် ၁၂ လုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကန့်သတ်မှုများ ပြုလုပ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များက ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ဇူလိုင် ၂၁ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အလုံး ၁၀၀၊ ၂၀၀ ဖြစ်လာရင် ဒီငွေကြေးပမာဏသည် ဒေါ်လာနဲ့ တွက်ရင် ငါးဘီလျံ၊ ခြောက် ဘီလျံလောက်အထိ အကျိုးသက်ရောက်မှု ရှိနှိုင်ပါတယ်” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမျိုးမြင့်ကဆိုသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်နေဆဲဖြစ်သည့် ၁၃ ထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံ ၁၄၁ လုံးကို ပြန်လည် စစ်ဆေးမှုများ ပြုလုပ်ရန် အကန့်အသတ်မရှိ ရပ်ဆိုင်းထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မေ ၂၀ ရက်နေ့က ညွှန်ကြားခဲ့သည်။

အဆိုပါ ညွှန်ကြားချက်ကြောင့် ပါမစ်ကြီးကျပြီး ဆောက်လုပ်နေသည့် အထပ်မြင့်အဆောက် အအုံ ၆၄ လုံးကို စီစစ်ခဲ့ပြီး ထိုအထဲမှ ၁၂ လုံးကို အကြီးစား ပြုပြင်မှုများ ပြုလုပ်ရန်အပါအဝင် အခြားကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ချော်တွင်းကုန်းလမ်းဆုံရှိ KER မိုးမျှော်တိုက်၏ အောက်ခြေ ဖောင်ဒေးရှင်း တစ်ခုတည်းပင် ဒေါ်လာ ၁၂ သန်း တန်ကြေးရှိကြောင်း ဦးမျိုးမြင့်ကဆိုသည်။

_tzh4608_1.jpg

သတင်းစာရှင်းလင်းပွဲတွင် ဦးမျိုးမြင့်က ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

“ကျနော်တို့လို နိုင်ငံတနိုင်ငံအတွက် ဒေါ်လာ ငါးဘီလျံ၊ ခြောက်ဘီလျံ ဆိုတဲ့ ဆုံးရှုံးမှုပမာဏဟာ နည်းသောပမာဏ မဟုတ်ဘူး”ဟု ၎င်းကပြောသည်။

ရပ်နားခံရခြင်း၊ သို့မဟုတ် မူလ အခြေအနေမှ အထပ်လျှော့ချ သတ်မှတ်ခံရခြင်း စသည့် ကန့်သတ်ချက်များ ချမှတ်ခံရသည့် ၎င်းတို့၏ အဆောက်အအုံများသည် ပြည်သူပိုင်မြေတွင် ဆောက်လုပ်ခြင်း၊ အစိုးရမြေတွင် ဆောက်လုပ်ခြင်းစသည့် အထူးအခွင့်အရေးမျာ ရရှိထားခြင်းမရှိကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်

အဆိုပါအထပ်မြင့် အဆောက်အအုံများအပြင် ရန်ကုန်ရှိ အထပ်မြင့်အဆောက်အအုံ ၁၈၅ လုံးကိုလည်း အစိုးရက ဆက်လက်စိစစ်နေကြောင်း သတင်းရရှိသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar