မြန်မာနိုင်ငံတွင် သမိုင်းအရ အရေးပါဆုံးအဆောက်အအုံများအနက် တစ်ခုဖြစ်သည့် အတွင်းဝန်ရုံးတစ်ခုလုံးအား ထိန်းသိမ်းမှုအတွက် ငွေကြေးထောက်ပံ့မည်ဟု မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်က စက်တင်ဘာ ၂၇ တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့လယ်ရှိ အတွင်းဝန်ရုံးသည် ၁၉၀၅ ခုနှစ်တွင် ဆောက်လုပ်ပြီးကတည်းက နိုင်ငံအုပ်ချုပ်ရေးတွင် အရေးပါဆုံးကဏ္ဍမှ ပါဝင်ခဲ့သည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ဝန်ကြီးများရုံးဟု လူသိများခဲ့သည့် အတွင်းဝန်ရုံးသည် ဗြိတိသျှတို့ အုပ်စိုးစဉ်က အုပ်ချုပ်ရေးကဏ္ဍအတွက် ရုံးစိုက်ရာနေရာ ဖြစ်ခဲ့သည်။ သို့သော်လည်း ယနေ့ခေတ်တွင်မူ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၊ ၎င်း၏ကက်ဘိနက်ဝန်ကြီးခုနှစ်ဦးနှင့် သက်တော်စောင့်တစ်ဦးတို့ ၁၉၄၇ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် နေရာအဖြစ် အထင်ရှားဆုံးဖြစ်သည်။
ပြန့်ကားရှည်လျားသည် အဆောက်အအုံနှင့် ၎င်းပရဝုဏ်ကို ဆယ်စုနှစ်များစွာကြာသည်အထိ အများပြည်သူများအား ဝင်ရောက်ခွင့်မပေးဘဲ ပိတ်ထားခဲ့ပြီး အာဇာနည်နေ့တွင်သာ ဖွင့်ပေးခဲ့သည်။ မကြာသေးခင်ကမူ အဖွဲ့ငါးဖွဲ့ပါဝင်သည့် ပဉ္စရသစုပေါင်းအဖွဲ့၏ အနုပညာပြပွဲများအတွက် ဖွင့်လှစ်ပေးခဲ့သည်။
၂၀၁၂ ခုနှစ်တွင် အနော်မာအနုပညာအုပ်စုသည် အတွင်းဝန်ရုံးအား စီမံခန့်ခွဲခွင့်ကို အစိုးရထံမှ တင်ဒါအောင်မြင်ပြီး ရရှိခဲ့သည်။ သို့သော် ၎င်းတို့၏အစီစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို အများပြည်သူထံ မကြေညာသေးပေ။
ထိန်းသိမ်းမှုများပြုလုပ်ပြီးနောက် အတွင်းဝန်ရုံးတွင် အာဇာနည်ပြတိုက်နှင့် ရန်ကုန် အမျိုးသားပြတိုက်တို့ကို ထားရှိသွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်က ၎င်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။ စီမံကိန်းက အတွင်းရုံး တစ်ခုလုံးကို ပြန်လည်ပုံဖော်ကာ ခေတ်သစ် မြန်မာနိုင်ငံသားများ စုဝေးရန်၊ ၎င်းတို့၏ အမွေအနှစ်ကိုသိရှိရန်နှင့် ၎င်းတို့၏ အနာဂါတ်ကို ပြန်လည် စိတ်ကူးပုံဖော်နိုင်ရန် အများပြည်သူဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာနေရာများကို ဖန်တီးသွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ပြင်ဆင် ထိန်းသိမ်းမှုလုပ်ငန်းကို ယခုနှစ်ကုန်တွင် ပြီးစီးမည်ဟု မျှော်မှန်းထားသည်။