ရဲမွန်
ရန်ကုန်တိုင်းရှိ ပင်နီဝတ်အချို့ကြောင့် ပင်နီတိုက်ပုံမြင်လျှင် ပြည်သူလူထုကကြောက်နေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်ဌေးကပြောလိုက်သည်။
ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ပါတီတွင်တာဝန်အရှိဆုံးဖြစ်သော ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင် အပါအဝင် ပါတီခေါင်းဆောင်များရှေ့တွင်ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းမှာရှိတဲ့ ပင်နီဝတ်လူတစ်ချို့ကြောင့် ပင်နီမြင်ရင် ပြည်သူလူထုက ကြောက်နေရတယ်။ နေရာတကာစပ်စပ်စပ်စပ်ဝင်ပါ။ ဟိုနေရာဝင်ပါ ဒီနေရာဝင်ပါ။ လူတစ်ချို့ကို ပြောတာပါ။ ဘယ်သူတွေဆိုတာ ကိုယ့်အကြောင်းကို ကိုယ်သိကြလိမ့်မယ်”ဟု ၎င်းကပြောသည်။
ပါတီ၊အစိုးရနှင့် လွှတ်တော်မှာ ပူးပေါင်းလုပ်ရမည့်ကိစ္စများရှိသော်လည်း ကိုယ့်အခန်းကဏ္ဍနှင့်ကိုယ်လုပ်ရမည်ဖြစ်ကြောင်း၎င်းကပြောသည်။
ယခင်က ပင်နီ၏သင်္ကေတ မှာ အမျိုးသားရေးကို ကိုယ်စားပြုသကဲ့သို့ တိုင်းပြည်အာဏာကို မတရားယူထားသူများကို တော်လှန်သည့် သင်္ကေတအဖြစ် အလုပ်လုပ်ခဲ့ကြကြောင်း ၎င်းကပြောသည်။
“ဒါကြောင့် ကျွန်တော်တို့ တစ်ဦးချင်းရဲ့ စိတ်ထားတွေ၊ လုပ်ရပ်တွေ၊ သဘောထားတွေ ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ပြောချင်တယ်”ဟု ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးကပြောသည်။
အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ Sky Star Hotel ၌ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သတ္တမအကြိမ်မြောက် ပါတီ၊ လွှတ်တော်၊ အစိုးရ စုံညီတွေ့ဆုံပွဲကိုပြုလုပ်ခဲ့သည်။
သဘာပတိအဖြစ် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဆောင်ရွက်ခဲ့ပြီး
“လွှတ်တော်ကိုယ်စားလှယ်တွေဝမ်းစာဖြည့်ဖို့လိုတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်း ဝန်ကြီးများ၊ တိုင်းအမတ်များ၊ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။