မြန်မာနှင့် ဂျပန်အစိုးရတို့က ရန်ကုန်မြို့နေပြည်သူသန်းပေါင်းများစွာအတွက် သန့်ရှင်းသောသောက်သုံးရေ ပေးပို့နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း ရန်ကုန်၏ အဆင်းရဲဆုံးအိမ်ထောင်စုများမှာမူ ယင်းအခွင့်ကောင်းကို လက်လွတ်ရဖွယ်ရှိသည်။
အိမ့်သက်ဆု
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်ရှိ ဝက်မစွတ်ဝန်ထောက်လမ်းဘေးတွင် အထဲကိုမြင်ရလုနီးပါးဖြစ်သည့် ဓနိမိုးဝါးကပ်ကာ အိမ်များက ရန်ကုန်တိုင်းဒေသကြီးရှိ တရားမဝင်အခြေချနေထိုင်မှုကိုပုံပေါ်စေသည်။
စီးဆင်းမှုမရှိသောရေနှင့် အမှိုက်သရိုက်များက ၎င်းအိမ်များ၏အောက်တွင်ရှိနေပြီး အဆိုပါရေနှင့် အမှိုက်သရိုက်များကို ရှောင်ရှားရန် ယင်းအိမ်များရှိလူများက ဝါးလုံးများနှင့်ပြုလုပ်သော တံတားကျဉ်းလေးများပေါ်ကနေ လျှောက်သွားကြသည်။ စက်မှုဇုန်-၄ ရှိ စက်ရုံတစ်ခု၏ နံရံက ယင်းအိမ်များနှင့် ဘေးချင်းယှဉ်လျက်ရှိနေသည်။ ထူထဲမှုမရှိသည့် လျှပ်စစ်သွယ်တန်းကြိုးများက အိမ်များအပေါ် ဝါးလုံးများထိပ်ကနေ သွယ်တန်းလျက် ညအချိန် မီးထွန်းရုံအတွက်သာ ဓါတ်အားပေးထားသည်။
ယင်းလူ့အသိုင်းအဝိုင်းတွင် ရွှေ့ပြောင်းအိမ်ထောင်စု ခြောက်ဆယ်ခန့်ရှိပြီး ပိုကောင်းသည့်အခွင့်အလမ်းများရှာဖွေရန် ရန်ကုန်သို့ ရောက်လာကြသူများဖြစ်သည်။ ၎င်းတို့မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၏ ခန့်မှန်းချက်အရ လှိုင်သာယာရှိ ကျူးကျော်အိမ်များတွင် နေထိုင်လျက်ရှိသည့် လူနှစ်သိန်း ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းကျူးများက မြို့နယ်ရှိလူအားလုံး၏ လေးပုံတစ်ပုံကျော်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လှိုင်သာယာတွင် လူဦးရေ ၆၈၈,၀၀၀ ရှိသည်။
ဝက်မစွတ်ဝန်ထောက်လမ်းဘေး နေထိုင်သူများမှာ အနီးရှိစက်ရုံများ သို့မဟုတ် ရန်ကုန်မြို့တွင်းတွင် အလုပ်များရှိကြသော်လည်း နေရေးထိုင်ရေးက ခက်ခဲနေသည်။ ၎င်းတို့၏အိမ်များက သေးငယ်ကျဉ်းကျုတ်ပြီး ရေအပါအဝင် ပြည်သူ့ဝန်ဆောင်မှုကလည်း မရှိသလောက်ဖြစ်နေသည်။
မိသားစုများမှာ မြေအောက်ပေပေါင်းရာချီရှိသည့်အနက်မှ ရေကိုဆွဲတင်ရန် လက်အားသုံးရေတုံကင်ကို မျှသုံးနေရသည်။ ၎င်းရေက ၎င်းတို့၏ အိမ်အောက်က ဝပ်နေသည့်ရေထက်ပိုမိုသန့်ရှင်းသော်လည်း ဆားငံဓါတ်လွန်ကဲကာ သောက်သုံးရန်နှင့် ချက်ပြုတ်ရန် မသင့်တော်ပေ။ ရေပိုက်ခေါင်းများနှင့် ရေပုံးများရှိ သံချေးရောင်ထနေသည့် အစွန်းအထင်းများကို ၎င်းတို့က ဖရန်တီယာအားပြသခဲ့သည်။
“ကျွန်တော်တို့က ဒီရေကို ရေချိုးအဝတ်လျှော်ဖို့လောက်ပဲ သုံးပါတယ်” ဟုလွန်ခဲ့သည့် ၁၀ နှစ်က ဧရာဝတီတိုင်းဒေသကြီးမှ ရွှေ့ပြောင်းလာခဲ့သည့် ဦးကျော်အောင်က ပြောသည်။
“ဒီရေကို ပန်းကန်ဆေးဖို့တောင်သုံးလို့မရဘူး။ ကျွန်တော့်ကလေးတွေအပါအဝင် ကလေးအများအပြားမှာ အရေပြားပြသနာတွေရှိတယ်။ ဒါတွေက ရေကြောင့်လို့ ကျွန်တော်ယူဆတယ်” ဟု၎င်းကပြောသည်။
ထို့ကြောင့် လူခြောက်ယောက်ရှိသော ၎င်း၏အိမ်ထောင်စုအတွက် ရပ်ကွက်များတွင် လှည့်လည်ရောင်းချသော လက်တွန်းရေစည်များထံမှ သောက်သုံးရေနှင့် ချက်ပြုတ်ရေများဝယ်ယူရပြီး ငါးရက်တစ်ကြိမ်အတွက် ငွေသုံးထောင်သုံးရသည်ဟု ဦးကျော်အောင်ကဆိုသည်။
ရန်ကုန်တွင် မြေအောက်ရေကို အားကိုးခြင်းက အထူးအဆန်းမဟုတ်ပေ။ ဆယ်စုနှစ်များစွာ ရင်းနှီးမြုပ်နှံမှုမလုံလောက်မှုကြောင့် ရေလှောင်ကန်များမှ ရေကိုပိုက်ဖြင့်သွယ်တန်း ပေးပို့နိုင်မှုမှာ လူဦးရေ၏ သုံးပုံနှစ်ပုံအောက်သာရှိပြီး ၎င်းတို့မှာ အတွင်းပိုင်းရှိမြို့နယ်များတွင် နေထိုင်သူများဖြစ်သည်။ လှိုင်သာယာနှင့် ဒဂုံမြို့သစ်လေးမြို့နယ်တို့ကဲ့သို့ ရန်ကုန်၏ အစွန်ပိုင်းတွင် နေထိုင်သူများမှာ ပုဂ္ဂလိကအဝီစိတွင်းများမှ ရေကိုဝယ်သုံးရသည်။ ယင်းသို့ရေကိုရောင်းချမှုက အများအားဖြင့် စည်းမျဉ်းစည်းကမ်းနှင့်မညီသည့်အပြင် တရားဝင်ဖြစ်လေ့မရှိပေ။
ပုဂ္ဂလိကရေတွင်းများမှ ရေသုံးစွဲမှု ကြီးထွားလာမှုကြောင့် ၂၀၁၉ မတ်လက နေပြည်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ရေနေ့တွင် သုတေသီများက သတိပေးခဲ့ပြီး ၎င်းတို့က မြေအောက်ရေကို အလွန်အကျွံသုံးစွဲမှုက မြေအောက်ရေပမာဏကိုလျော့နည်းစေကာ မြေနိမ့်ဝင်ခြင်း၊ ဆားငံရေဝင်ရောက်ခြင်းနှင့် မြေအောက်ရေအရည်အသွေးအထွေအထွေယိုယွင်းမှုဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။ လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်ဘေးရှိ လှိုင်သာယာတဝိုက်နေရာများရှိ မြေအောက်ရေတွင် ဆားဓါတ်ပါဝင်မှု မြင့်မားနေသည်ဟု သုတေသီများက ပြောသည်။
ရန်ကုန်စည်ပင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြောင်းလဲမှုများဖြစ်ပေါ်နေပြီဖြစ်သည်။ ယင်းပူးပေါင်းဆောင်ရွက်မှုမှာ ၂၀၁၁ ခုနှစ်က အရပ်သားတစ်ပိုင်းအစိုးရသို့ အသွင်ကူးပြောင်းမှုကာလကတည်းက ရေအပါအဝင် ရန်ကုန်၏ မြို့ပြအခြေခံအဆောက်အအုံကို အဆင့်မြင့်တင်ရန် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
၎င်းတို့၏ပူးတွဲစီမံကိန်းများထဲက တစ်ခုမှာ အဆင့်များစွာပါဝင်သည့် မဟာရန်ကုန်ရေပေးဝေရေးတိုးတက်မှုစီမံကိန်းဖြစ်သည်။ JICA ထံမှ ဂျပန်ယန်းငွေ ၂၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၂၆ သန်း)ဖြင့် အကောင်အထည်ဖော်နေသော အဆင့်-၂ တွင် ကုက္ကိုဝမြစ်မှ ရေကို အရှေ့ဘက်စုပ်တင်ကာ လှိုင်သာယာနှင့် ရန်ကုန်မြို့တွင်းခြောက်မြို့နယ်သို့ ပေးဝေမည်ဖြစ်သည်။ အဓိကပေးဝေရေးလိုင်းများအပြင် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများကို ရေပေးဝေနိုင်ရန် သေးငယ်သည့်ပိုက်လိုင်းကွန်ရက်တစ်ခုကို လှိုင်သာယာတစ်ဝိုက်ချထားမည်ဖြစ်သည်။
ကုက္ကိုဝစီမံကိန်းသည် မြန်မာနိုင်ငံတွင် တမူထူးခြားသည်ဟု ရန်ကုန်စည်ပင်မှ စီမံကိန်းမန်နေဂျာဦးထင်လင်းခက ပြောသည်။ စီမံကိန်းက သိုလှောင်ထားသည့် ဆည် သို့မဟုတ် ရေလှောင်ကန်များမှ ရေကိုအသုံးပြုသည်ထက် ဆေးဖြင့်စီရင်ထားသည့် မြစ်ရေကို အသုံးပြုမည်ဖြစ်ပြီး အဓိကပိုက်လိုင်းကြီးများကို ချိတ်ဆက်ကာ တစ်ဖက်ပိတ်စနစ်ထက် အရပ်မျက်နှာနှစ်ဖက်မှ နေရာတစ်ခုခုသို့ ရေကိုပေးဝေနိုင်မည်ဖြစ်သည်။ တစ်ဖက်ပိတ်လမ်းဆုံးစနစ်က ရေအိုင်ခြင်းနှင့် ရေဖိအားပြဿနာများခံစားရနိုင်သည်။
ကွန်ရက်သစ်များက အိမ်ထောင်စုအဆင့်နှင့် နီးကပ်လာစဉ် မီတာတပ်ဆင်သည့်နေရာများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကာ ရေဖိအားနှင့် စီးဆင်းမှုကို အလွယ်တကူစောင့်ကြည့်နိုင်သော သီးခြားကွန်ရက်များက ရေယိုစိမ့်မှုနှင့် ကျသင့်ငွေပိုမိုကောက်ခံမှုကို တိုက်ဖျက်သွားမည်ဖြစ်သည်။ ယင်းကွန်ရက်၏ ဒီဇိုင်းမှာ ရေယိုစိမ့်မှု သို့မဟုတ် ပျက်ယွင်းမှုတစ်ခုခုဖြစ်ခဲ့ပါက ယင်းနေရာတွင် ရေပို့လွှတ်မှုကို ရပ်တန့်နိုင်ပြီး အခြားနေရာများကိုမူ ပုံမှန်အတိုင်း ရေပေးဝေမှု ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းအတွက် အတိုင်ပင်ခံပညာရှင်များကို ရွေးချယ်ထားပြီး ၎င်းတို့မှာ အသေးစိတ်ဒီဇိုင်းတစ်ခု ဆွဲနေကြောင်း ဦးထင်လင်းခက ပြောသည်။ မြစ်ရေကို သန့်စင်စေရန် ရေသန့်စင်စက်ရုံတစ်ခု တည်ဆောက်ရေး၊ ရေပေးဝေရေးပိုက်လိုင်းများတည်ဆောက်ရေးနှင့် မြစ်ဖြတ်ပိုက်လိုင်းများချထားရေးတို့အတွက် အစုံလိုက်ပါဝင်သည့် အစီအစဉ်များအတွက် တင်ဒါခေါ်ယူထားသည်။
ရေသန့်စင်စက်ရုံတည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လတွင် စတင်မည်ဟု မျှော်လင့်ရသည်။ ၂၀၂၅တွင် ပြီးစီးသည်နှင့် ပိုက်သစ်များမှတဆင့် တစ်နေ့လျင် သောက်သုံးရေ ဂါလံသန်းပေါင်း ၆၀ကို သန့်စင်ပေးပို့နိုင်မည်ဖြစ်ပြီး လူတစ်သန်းကျော်အတွက် လုံလောက်မည်ဖြစ်ကြောင်း ဦးထင်လင်းခက ပြောသည်။
“လူတစ်ယောက်က တစ်နေ့ကို ရေဂါလံ ၅၀လောက် အသုံးပြုပါတယ်။ ဒါ့ကြောင့် ဒီစက်ရုံက ဒီဇုန်နှစ်ခုက ဒေသခံတွေအတွက် အများကြီးလုပ်ပေးနိုင်ပါလိမ့်မယ်” ဟု၎င်းကပြောသည်။
ယင်းက လှိုင်းသာယာမြို့ခံများအတွက် ကြိုဆိုရမည့် သတင်းဖြစ်သည်။ အနည်းဆုံး ဒေသခံအများစုအတွက်ဖြစ်သည်။ အတိအကျဆိုလိုသည်မှာ ဦးကျော်အောင်နှင့် ၎င်း၏အိမ်နီးချင်းများကဲ့သို့ တရားမဝင်အခြေစိုက်နေထိုင်သူများအတွက်က သိပ်မရှင်းလင်းသေးပေ။ သို့သော်လည်း အရာရှိထံများထံမှ သုံးသပ်ချက်များအရ ၎င်းတို့မှာ အခွင့်ကောင်းကို လက်လွတ်ရနိုင်သည်။
မြေပိုင်ဆိုင်မှုအထောက်အထားကဲ့သို့ လိုအပ်သည့်သတင်းအချက်အလက်နှင့် စာရွက်စာတမ်းများ ပေးအပ်နိုင်သည့် သူများသာ ပိုက်ဖြင့်ပေးပို့သည့်ရေကို အိမ်တိုင်ရာရောက်ရရှိမည်ဖြစ်သည်ဟု ဦးထင်လင်းခက ပြောသည်။
“အိမ်တွေက ခိုင်မာမှုရှိဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရေပိုက်က အိမ်တစ်လုံးတိုင်းအတွက် တပ်ဆင်မှာမို့ပါ။ ဆင်းရဲသားရပ်ကွက်က တည်ငြိမ်မှုမရှိတဲ့အိမ်တွေကတော့ ပိုက်သွယ်ပေးဖို့ အဆင့်မမီနိုင်ပါဘူး” ဟု၎င်းကပြောသည်။
လှိုင်သာယာရှိ ရေတွင်းအများစုမှ ရေအရည်အသွေးမှာ ဆားငံရေတိုးဝင်မှုကြောင့် ပြဿနာရှိကြောင်းလည်း၎င်းကပြောသည်။
“ဒါ့အပြင် မြေအောက်ရေ လျော့ပါးနေတာထက် လူဦးရေကလည်း ကြီးထွားနေပါတယ်။ ဒီရေကို ကျနော်တို့ပိုသုံးလေ။ ဆားငံရေတိုးဝင်မှုကလည်း ပိုများနိုင်လေပဲ” ဟု၎င်းကပြောသည်။
ရန်ကုန်စည်ပင်ရော အမျိုးသားရေအရင်းအမြစ်ကော်မတီ၏ အကြံပေးအဖွဲ့ကပါ ၂၀၂၅တွင် ရန်ကုန်တွင် မြေအောက်ရေသုံးစွဲမှု လျှော့ချရေးအတွက် ရည်မှန်းချက်တစ်ခုချမှတ်ထားသည်။ သို့သော်လည်း ရန်ကုန်၏ မြောက်ဖက်နှင့် အရှေ့ဘက်အစွန်းပိုင်းများရှိ ရေအခြေခံအဆောက်အအုံသစ်မှ အကျိုးခံစားခွင့်ရရန် မဖြစ်နိုင်သည့် ရန်ကုန်ရှိ နောက်ထပ်တရားမဝင်နေထိုင်သူ နှစ်သိန်းကိုမဆိုထားနှင့် ထိုရည်မှန်းချက်အောင်မြင်ရေးတွင် ကုက္ကိုဝမှ ပိုက်လိုင်းသစ်မှ ရေပေးဝေမှုမှ လူ ၂၀၀,၀၀၀ ကို ဖြတ်တောက်ထားခဲ့ခြင်းက ကြီးမားသည့် ဆုတ်ဆိုင်းမှုတစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။
မြေအောက်ရေအပေါ် အားကိုးခြင်းအားအဆုံးသတ်မှုသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းထက်ပင် သာလွန်သည်ဟု တချို့ကဆိုသည်။
၂၀၁၀ပြည့်နှစ်က ရေနှင့်သန့်ရှင်းရေးသည် လူ့အခွင့်အရေးတစ်ရပ်အဖြစ် ကုလအထွေထွေညီလာခံက အသိအမှတ်ပြုခဲ့ပြီး တစ်ချိန်တည်းမှာပင် ၂၀၃၀ ပြည့်နှစ်တွင် အားလုံးအတွက် အန္တရာယ်ကင်း၍ တတ်နိုင်သော သောက်သုံးရေရရှိရေး အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် ရည်မှန်းချက်ခြောက်ချက်ကို ချမှတ်ခဲ့သည်။
အိုးအိမ်အဆင့်အတန်းကို ထည့်မတွက်ဘဲ အားလုံး သန့်ရှင်းသောရေကို ရယူသုံးစွဲနိုင်စေရန် အစိုးရတွင် တာဝန်ရှိသည်ဟု WaterAid Myanmar ၏ နိုင်ငံလုံးဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာရှီဟက်အူဒင်အာမက်က ပြောသည်။
“မေးခွန်းကတော့ သူတို့ကို ရေနဲ့သန့်ရှင်းရေးလိုအပ်ချက်တွေမပေးနိုင်ခင် မြေပိုင်ဆိုင်မှုအတွက် အဲဒီအိမ်ထောင်စုတွေ အတည်ပြုချက်တွေ လက်ခံရရှိတဲ့အထိ ကျနော်တို့ စောင့်နိုင်မလား။ ကျနော်တို့ စောင့်လို့မရပါဘူး။ လူတစ်ယောက်အတွက် သူနေတဲ့နေရာက ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူ့မှာ သန့်ရှင်းတဲ့ သောက်သုံးရေရှိဖို့တော့ နိုင်ငံတော်မှာ တာဝန်ရှိပါတယ်” ဟု၎င်းကဆိုသည်။ “သင့်လျော်တဲ့ရေပေးဝေဖို့အတွက် အစိုးရမှာ ရွေးချယ်စရာဖြေရှင်းချက်တစ်ခုတော့ တွေ့လိမ့်မယ်လို့ ထင်ပါတယ်”ဟုလည်း ၎င်းကပြောသည်။
ယင်းသို့ ဖြေရှင်းချက်ကို မတွေ့မီ ဝက်မစွပ်ဝန်ထောက်လမ်းဘေးနေထိုင်သူများနှင့် တခြားတရားမဝင်နေထိုင်သူများစွာမှာ သောက်သုံးရေ၊ ချက်ပြုတ်ရေနှင့် ဆေးကြောရေအတွက် သန့်ရှင်းသောရေကို ဝယ်ယူရန် ငွေသုံးနေရုံမှတပါး တခြားရွေးချယ်စရာမရှိပါပေ။
အောင်ကျော်ဦး ဘာသာပြန်သည်။