ရန်ကုန်မြို့ သွားလာမှု အကျပ်အတည်း ဘယ်လိုဖြေရှင်းမလဲ

ကာလရှည်ကြာစွာ ဖြစ်နေခဲ့သော ရန်ကုန်မြို့ ယာဉ်ကြောပြဿနာများကို လျင်လျင်မြန်မြန် မဖြေရှင်းနိုင်မီ ဘတ်စကားများအတွက် ယာဉ်ကြောသတ်မှတ်ခြင်းနှင့် စက်ဘီးဖြင့် သွားလာမှုကို ဖန်တီးဆွဲဆောင်ခြင်းက အများပြည်သူ သွားလာမှုကို အထောက်အကူ ရစေနိုင်ပေသည်။

ရှောင်ဖောက်စ် ရေးသားသည်။

ရန်ကုန်မြို့တွင် အဆမတန် ယာဉ်ကြောပိတ်ဆို့မှုက စိတ်ညစ်စရာ ကောင်းရုံမျှသာမကပေ။ မြို့တော်နေ ပြည်သူများ၏ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေသည်။ အလုပ်သမားများ အလုပ်ဆင်းတက်ရာတွင် အချိန်နှင့် ငွေကြေး ဖြုန်းတီးဆုံးရှုံးစေသည်။ ကုမ္ပဏီများအတွက် မြို့တော်အတွင်း ကုန်ပစ္စည်းများ သယ်ပို့ရာ၌ အချိန်နှင့် ငွေကြေး ဆုံးရှုံးနစ်နာခြင်းနှင့် မြို့လယ်ပိုင်းလမ်းများပေါ်တွင် မော်တော်ယာဉ်များ တအိအိ ရွေ့လျားမှုများကြောင့် လေထုညစ်ညမ်းမှုဖြစ်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားစေသည်။

မည်ကဲ့သို့ ဆိုးဆိုးရွားရွား ဖြစ်လာခဲ့သလဲ၊ ယင်းကို ဘာလုပ်ပေးနိုင်မည်နည်း။ လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်းအခြေစိုက် သုတေသနဗဟိုဌာနဖြစ်သော အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဗဟိုဌာနက ထောက်ပံ့ပြီး အောက်စဖို့တက္ကသိုလ်နှင့် ပူးတွဲလျက် မကြာမီက အပြီးသတ် ထုတ်ပြန်ခဲ့သည့် သုတေသနစီမံကိန်းကို လေ့လာ၍ ယင်းမေးခွန်း၏ အဖြေကို ကျွန်တော် ဖော်ထုတ်ခဲ့ပါသည်။

ယာဉ်ကြောကျပ်တည်းမှုသည် ကောင်းသော လက္ခဏာ

လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလအတွင်း စီးပွားရေးဖွံ့ဖြိုးမှု လျင်မြန်ခဲ့သည့်သဘောကို ပြသနေသည့်အတွက် တနည်းအားဖြင့် ယာဉ်သွားလာမှုပြဿနာသည် ကောင်းသောလက္ခဏာ တစ်ရပ်ဖြစ်သည်။  မြို့တော်၏ စီးပွားရေး မည်မျှလျင်မြန်စွာ ဖွံ့ဖြိုးခဲ့သည်ကို သိနိုင်ရန် ညဘက်တွင် မြင်တွေ့ရသော ကောင်းကင်ပုံရိပ်တို့ကို  ကြည့်ရုံမျှဖြင့် သိနိုင်သည်။  စီးပွားရေး တိုးတက်မှု ကိန်းဂဏန်းအချက်အလက်များ ကောင်းစွာမရနိုင်သော ဒေသများ၏ စီးပွားရေး ပြောင်းလဲမှုကို တိုင်းတာရာတွင် စီးပွားရေး ပညာရှင်တို့က ယင်းပုံရိပ်များကို တိုးတက်သုံးစွဲခဲ့သည်။

ညဘက်တွင် အလင်းရောင် တောက်ပမှု အပြောင်းအလဲကို ကြည့်၍ တိုင်းတာခြင်းဖြစ်သည်။ နယ်မြေဒေသ တစ်ခုတွင် အလင်းရောင် မည်မျှ သုံးသည်ကိုကြည့်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။ အလင်းရောင် အသုံးပြုမှုက စီးပွားထုတ်လုပ်နိုင်စွမ်းအားနှင့် နီးကပ်စွာ ဆက်စပ်မှုရှိနေသည်။ အရှင်းဆုံးပြောပါက အလင်းရောင်ပိုများလေ စီးပွားရေးလုပ်ငန်း ပိုကောင်းလေဖြစ်သည်။

typeof=

၂၀၀၃ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် အသီးသီးတို့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ညအချိန် ပုံရိပ်များကို ကြည့်ခြင်းအားဖြင့် ရန်ကုန်စီးပွားရေး၏ ထူးထူးကဲကဲ ဖွံ့ဖြိုးမှုအနေအထားကို အထက်ပါပုံတွင် ဖော်ပြထားသည်။ ယင်းကာလအတွင်း အလင်းရောင်တောက်ပမှု အခြေအနေသည် သုံးဆနီးပါး မြင့်တက်ခဲ့သည်။ နှစ်စဉ် ပျမ်းမျှတိုးတက်မှု အခြေအနေမှာ ဂ ဒသမ ၅ ရာခိုင်နှုန်းရှိသည့်အတွက် လွန်စွာများပြားသည်ဟု ခန့်မှန်းနိုင်သည်။ ဖွံ့ဖြိုးမှုနှုန်းမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်နေသည်ကို တွေ့ရသည်။ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ကြားကာလတွင် တစ်နှစ်ကို ၁၁ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့သည်။

တရှိန်ထိုး မြင့်တက်လာသော ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ အထူးသဖြင့် ၂၀၁၁ ခုနှစ်တွင် မော်တော်ကား တင်သွင်းမှု ကန့်သတ်ချက်များ လျှော့ချလိုက်ပြီးနောက်ပိုင်း မြို့တော်၏ လမ်းများပေါ်တွင် ယာဉ်စီးရေ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ မော်တော်ကားဈေးနှုန်းများ ကျဆင်းမှုနှင့် ယာဉ်ကြောအခြေအနေ ဆိုးရွားလာမှုတို့နှင့်အတူ ရန်ကုန်မြို့၌ ထွန်းကားစပြုလာသော လူလတ်တန်းစားများက မော်တော်ကား ဝယ်ယူနိုင်သည့် အခွင့်အလမ်းကို အရအမိ ဆုပ်ကိုင်ပြီး ယိုယွင်းနေသော ဘတ်စကား သယ်ယူပို့ဆောင်စနစ်မှ လွတ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ် မှ ၂၀၁၄ ခုနှစ်အကြား ရန်ကုန်မြို့၌ မှတ်ပုံတင် ယာဉ်စီးရေမှာ ၁၅၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းများက ညွှန်ပြနေသည်။

ယာဉ်ကြောပိတ်ဆို့မှု မြင့်တက်လာခြင်း

စီးပွားရေးဖွံ့ဖြိုးမှုနှင့် မော်တော်ကား ပိုမိုအသုံးပြုလာနိုင်မှု နှစ်ခုစလုံးက ကောင်းသောလက္ခဏာများ ဖြစ်ကြသည်။ ယင်းနှစ်ခုတွဲဖက်လာမှုက “ယာဉ်ကြောကျပ်တည်းမှုကို ဖန်တီးမည့် အခြေအနေ မြင့်တက်မှု” congestion incentive spiral ကို ဖြစ်စေသည်။ ယာဉ်အသွားအလာ ဆိုးရွားမှုက ယာဉ်ကြော ပိုမိုကျပ်တည်းစေမည့် နည်းလမ်းများကို လူအများက ပိုမိုဆောင်ရွက်လာအောင် ဆွဲဆောင်ဖန်တီးပေးခဲ့သည်။

၂၀၁၁ ခုနှစ်မတိုင်မီက ဘတ်စကားများသည် လွန်စွာလွှမ်းမိုးမှုရှိသော သယ်ယူပို့ဆောင်ရေးပုံစံ တစ်ခုဖြစ်သည်။ သို့ရာတွင် ဘတ်စကား သယ်ယူပို့ဆောင်ရေးစနစ်ကို ယှဉ်ပြိုင်နိုင်မှုစွမ်းအင် ကြီးမားသော လက်ဝါးကြီးအုပ်အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်လျက်ရှိပြီး လမ်းကြောင်းတစ်ခုတည်း၌ ပြေးဆွဲမည့် ပြိုင်ဖက် ဘတ်စကားပိုင်ရှင်ဦးရေမှာ အကန့်အသတ်ရှိသည်။

ယင်းစနစ်ကြောင့် လူအဆမတန် ပြည့်ကျပ်ခြင်း၊ ပရမ်းပတာ မောင်းနှင်ခြင်းနှင့် အကျိုးအမြတ်သာ ကြည့်ပြီး ဘတ်စကား ပြုပြင်ထိန်းသိမ်းမှုအတွက် ရင်းနှီးမြှုပ်နှံမှု နိမ့်ကျခြင်းစသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ယင်းအကြောင်းတရားများ အားလုံးကြောင့် ယာဉ်ကြောကျပ်တည်းမှုနှင့် ခရီးသည်များအတွက် ဆိုးရွားသည့် တွေ့ကြုံခံစားမှုများကို ဖြစ်ပေါ်စေသည်။

ဤသို့သော နောက်ခံအကြောင်းတရားများကြောင့် သွားလာရေးအတွက် ကားဝယ်နိုင်သူများက ကားများ တိုးတက်ဝယ်ယူလာခဲ့သည်။ ကိုယ်ပိုင်ကားက ပိုမိုသက်သောင့်သက်သာရှိသည်။ ဘတ်စကားစီးသည်ထက် အစဉ်အမြဲ ပိုမိုလျင်မြန်သည်။ အရပ်အတန့် အလွှဲအပြောင်းမရှိဘဲ ခရီးအစမှအဆုံး တိုက်ရိုက် သွားနိုင်စွမ်းရှိ၍ စုစုပေါင်း ခရီးသွားလာချိန်ကို ထူးထူးခြားခြား လျှော့ချနိုင်သည်။

သို့သော် မြှုပ်ကွက်တစ်ခုက ရှိနေသည်။ ကိုယ်ပိုင်ကားမောင်းသူ များလာသဖြင့် ယာဉ်ကြောအနေအထားက လူတိုင်းအတွက် ပိုဆိုးလာပြီး ကိုယ်ပိုင်ကားဖြင့် သွားလာမှုထက် ဘတ်စကားစီးသူ ပိုများလာစေခဲ့သည်။ ယင်းယာဉ်အသွားအလာ ကျပ်တည်းမှုကို ဖြေရှင်းမည်ဆိုပါက တစ်ဦးချင်း ကားသုံးစွဲမှု ကုန်ကျစရိတ်ကို မြှင့်တင်ခြင်း၊ သို့မဟုတ် ကိုယ်ပိုင်ကားများထဲမှ လူများထွက်လာအောင် ဆွဲဆောင်နိုင်မည့် နည်းလမ်းများကို ဆောင်ရွက်ခြင်းဖြင့် ပြောင်းလဲနိုင်ပေသည်။

ယာဉ်ကြောကျပ်သည့် ပြဿနာမျှသာ မဟုတ်

ကံဆိုးသည်မှာ မြို့ပြစီမံကိန်း ညံ့ဖျင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု နည်းပါးရသည့် ဆိုးမွေများကြောင့် ရန်ကုန်မြို့လယ်၌ ဘတ်စကားများနှင့် ကိုယ်ပိုင်ကားများနေရာတွင် အခြားအစားထိုးစရာ မရှိခြင်းဖြစ်သည်။ အမှန်စင်စစ် မြို့ပတ်ရထား စတင်ပြေးဆွဲခဲ့သော ကိုလိုနီခေတ်ကတည်းက ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံအတွက် ထူးထူးခြားခြား ရင်းနှီးမြှုပ်နှံထားမှု မရှိခဲ့ပေ။ မြို့ပတ်ရထား ဆက်လက်ပြေးဆွဲနေသည့်တိုင် ရန်ကုန်မြို့၌ နေ့စဉ်သွားလာနေသော ခရီးသည်များ၏ မပြောပလောက်သော ဦးရေကိုသာ သယ်ယူပို့ဆောင်ပေးနိုင်လေသည်။

ယခုကဲ့သို့ ရွေးချယ်စရာ နည်းလမ်းမရှိသည့် အခြေအနေက ရန်ကုန်မြို့သည် ယာဉ်အသွားအလာ ညံ့ဖျင်းမှုထက်ဆိုးသော အခြားပြဿနာကိုပါ ရင်ဆိုင်နေရကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။ ရန်ကုန်မြို့သည် လှုပ်ရှားသွားလာရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ အတိအကျအားဖြင့် မည်သို့ ဆိုလိုပါသနည်း။

“သွားလာလှုပ်ရှားမှု” Mobility ဆိုသည်မှာ သွားလိုရာသို့ အလွယ်တကူ သွားလာနိုင်မှုကို ရည်ညွှန်းပြီး မြို့ကြီးပြကြီးများတွင် လူများသည် မော်တော်ကား၊ ဘတ်စကားများနှင့်သာ မဟုတ်ဘဲ အခြားနည်းလမ်း အများအပြားဖြင့် လှုပ်ရှားသွားလာနိုင်ပေသည်။ မြို့ကြီးအားလုံးတွင် ယာဉ်သွားလာမှု အကျပ်အတည်း ရှိနေသော်လည်း အခြားရွေးချယ်စရာများ ရှိနေသည့်အတွက် အများစုမှာ သွားလာရေး အကျပ်အတည်းဒဏ်ကို မခံစားကြရပေ။

ယာဉ်ကြောကျပ်တည်းမှုကို ကုစားပေးမည့် ဘတ်စ်အမြန်ယာဉ်လိုင်းစနစ် bus rapid transit systems၊ စက်ဘီးလမ်းကြော သီးသန့်ထားပေးခြင်း cycling infrastructure၊ ရထားလမ်းကွန်ရက်များ rail networks၊ ယာဉ်စီးဖို့ မလိုအောင် လမ်းလျှောက်သူများ ဘက်စုံဖွံ့ဖြိုးမှု အစီအမံများ pedestrian-friendly mixed-used developments စသည်တို့ဖြစ်ကြသည်။

ရန်ကုန်မြို့၌ ကိုယ်ပိုင်ကားနှင့် ဘတ်စကားမှအပ အခြားရွေးချယ်စရာ မရှိသဖြင့် ယာဉ်ကြောကျပ်တည်းမှုနှင့် သွားလာရေး အခြေအနေ နိမ့်ကျမှုတို့သည် တစ်ခုနှင့် တစ်ခု ဆက်နွှယ်ကြလျက်ရှိသည်။ သို့သော် ရင်းနှီးမြှုပ်နှံမှုနှင့် မူဝါဒ အပြောင်းအလဲ အနည်းငယ် ဆောင်ရွက်ရုံဖြင့် အခြေအနေကို လွယ်ကူစွာ ပြောင်းလဲနိုင်သည်။ ဦးစားပေး ရွေးချယ်စရာနည်းလမ်း နှစ်ရပ်ရှိသည်။

ပထမဆုံးအားဖြင့် ပုံမှန်ဘီအာရ်တီစနစ် Bus Rapid Transit – BRT အတွက် အစီအစဉ်များကို ၂၀၁၄ ခုနှစ်က ကြေညာခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ ချောင်ထိုးထားခဲ့ပြီး ရန်ကုန်ဘတ်စကားစနစ် Yangon Bus Service-YBS ဖြင့် ဆောင်ရွက်ခဲ့သည်။ ယင်းမှာ မှားယွင်းသော ဆောင်ရွက်ချက်ဖြစ်သည်။ ပုံမှန် ဘီအာရ်တီစနစ်၌ ဘတ်စကားများအတွက် လမ်းကြောင်းသတ်သတ်မှတ်မှတ်ရှိပြီး ယင်းလမ်းကြောမှ ပုဂ္ဂလိက ကားများ သွားခွင့်မရှိပေ။ ဘီအာရ်တီစနစ်သည် ယာဉ်ကြောကျပ်တည်းမှုမှ ကင်းလွတ်ပြီး ပုဂ္ဂလိက ကားများနှင့် နှိုင်းယှဉ်လျှင် သဘောကျစရာ အလွန်ကောင်းသည်။

အမှန်စင်စစ် ဘိုဂိုတာမှ ဘရစ္စတို၊ ဂျိုဟန်နက်စဘတ်မှ ဂျာကာတာစသည့် ဒေသအသီးသီးတို့တွင် ဘီအာရ်တီစနစ်သည် မြို့ပြသွားလာရေးကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာ၌ ကုန်ကျစရိတ် အလွန်သက်သာစေသော နည်းလမ်းအဖြစ် သက်သေထူလျက်ရှိသည်။ အနည်းဆုံးအားဖြင့် အသွားအလာ အများဆုံးအချိန်တွင် သတ်မှတ်ယာဉ်ကြော ဖန်တီးခြင်းအပါအဝင် ရန်ကုန်ဘီအာရ်တီစနစ် ပြန်လည်ရှင်သန်ရေးကို ဦးစားပေးအဖြစ် ဆောင်ရွက်သင့်သည်။

ဒုတိယအချက်မှာ ရန်ကုန်မြို့၏ မြေပြင်အနေအထား အထိုက်အလျောက် ပြေပြစ်မှုက စက်ဘီးစီးရန် အလွန်အဆင်ပြေခြင်းဖြစ်သည်။ သို့သော် မြို့လယ်ပိုင်းတွင် စက်ဘီးစီးခြင်းကို ပိတ်ပင်ထားသည်။ ယာဉ်ပင်မလမ်းကြောင်းများ၌ စက်ဘီးစီးခြင်း ကန့်သတ်ထားမှုကို ဖြေလျှော့ပေးပြီး စက်ဘီးလမ်းကြော သီးသန့်ထားပေးမည့် အခြေခံအဆောက်အအုံအတွက် အထိုက်အလျောက် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် တစ်ဦးချင်းအလိုက် အလွန်သက်သာသော သယ်ယူပို့ဆောင်မှုပုံစံကို ဖော်ဆောင်နိုင်ပြီး သွားလာလှုပ်ရှားမှုကို မြန်မြန်ထက်ထက် တိုးမြှင့်နိုင်ပေလိမ့်မည်။

အချုပ်အားဖြင့် ကားဖြင့်သွားလာခြင်းအတွက်သာမက သွားလာလှုပ်ရှားမှု ပြဿနာအဖြစ်ပါ စဉ်းစားမှသာလျှင် လူများကို မြို့တွင်း၌ ရွေ့လျားသွားလာရေးအတွက် နည်းလမ်းမျိုးစုံ ဖြန့်ကျက်စဉ်းစားနိုင်စေမည် ဖြစ်သည်။

အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်

သို့ရာတွင် ပုံမှန်ဘီအာရ်တီကို ကျင့်သုံးရုံ၊ ရန်ကုန်၌ စက်ဘီးစီးသည့်စနစ် ဖွံ့ဖြိုးအောင် ကူပံ့ပေးရုံဖြင့် သွားလာလှုပ်ရှားမှု အဆင်ပြေအောင် ရေရှည်အတွက် မလုံလောက်နိုင်ပေ။ ရန်ကုန်မြို့သည် ပုံမှန်အားဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မီဂါစီးတီး ခေါ် မဟာမြို့တော်အဆင့်ကို တက်လှမ်းမည်ဟု ခန့်မှန်းထားသည်။ သတ်မှတ်ချက်အရ  မှီတင်းနေထိုင်သူဦးရေမှာ အနည်းဆုံး ၁၀ သန်းရှိလာမည်ဖြစ်သည်။ ယင်းတိုးတက်ဖြစ်ထွန်းမှုနှင့်အတူ သွားလာမှုပုံစံ ပြောင်းလဲမှု၊ ပို့ဆောင်မှုကဏ္ဍ တိုးချဲ့မှုဟူသော ရုပ်ပိုင်းဆိုင်ရာ ချဲ့ထွင်မှုလည်း တပါတည်း လိုက်ပါလာမည်ဖြစ်သည်။

ရန်ကုန်မြို့၌ အထူးတလည် လိုအပ်နေသည်မှာ လွတ်လပ်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က မက်ထရိုပိုလီတန် အတိုင်းအတာဖြင့် ရေးဆွဲအကောင်အထည်ဖော်သော ကျယ်ပြန့်ပြီး ဘဏ္ဍာရေးအရ တွက်ခြေကိုက်သည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းဖြစ်သည်။ လက်ရှိတွင် မြို့တော်တစ်ခုလုံး အကျုံးဝင်သည့် စီမံကိန်းကို ပြည်ပစီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများက အများဆုံး တာဝန်ယူ ရေးဆွဲထားခြင်းဖြစ်သည်။

မြို့တော်၏ အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ၊ ဒါဇင်နှင့်ချီသည့် အေဂျင်စီများနှင့် ရုံးများဟူ၍ သုံးပိုင်းကွဲလျက်ရှိသည်။ ယင်းသို့စီမံအုပ်ချုပ်မှု အစိတ်စိတ် အမွှာမွှာဖြစ်လျက်က ပြည်တွင်းဦးစီးမှု ကင်းမဲ့စွာရေးဆွဲသော စီမံကိန်းသည် ရန်ကုန်မြို့၏ သွားလာမှု အကျပ်အတည်းကို ဖြစ်စေသည့် အကြောင်းရင်းဖြစ်သည်။

ဘတ်စကားစနစ် ပြုပြင်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ စွမ်းစွမ်းတမံ ကြိုးပမ်းချက်ကို ချီးကျူးထောပနာ ပြုရမည်ဖြစ်သည့်တိုင် မြို့တော် ပြန်လည်သက်ဝင် လှုပ်ရှားလာစေရေးအတွက် လုံလောက်မှု ရှိဦးမည် မဟုတ်ပေ။ ဘီအာရ်တီစနစ်နှင့် စက်ဘီးများ ပိုမိုအသုံးပြုစေခြင်းက အထောက်အကူ ရနိုင်သော်လည်း နောက်ဆုံးတွင် မက်ထရို ပိုလီတန်အဆင့်ထိ အခွင့်အာဏာ ပေးထားသော မြို့တော်စီမံအုပ်ချုပ်မှုသစ်ကို ဆောင်ရွက်ရန်လိုပေမည်။

ရန်ကုန်မြို့၏ စီမံအုပ်ချုပ်မှုပိုင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မည့် ခြေလှမ်းများကို အမြန်ဆုံး ဆောင်ရွက်လေ ကောင်းလေဖြစ်သည်။ ယနေ့ပြုလုပ်သော ဆုံးဖြတ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုများသည် အနာဂတ်ဖွံ့ဖြိုးမှုအတွက် နက်ရှိုင်းသော အကျိုးဆက်များဖြစ်သည်။ မြို့တော်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ရေးမှာ ပိုမိုရှုပ်ထွေးခက်ခဲပြီး ကုန်ကျစရိတ် မြင့်မားလာနိုင်သည်။

ရန်ကုန်မြို့သည် အာရှ၏ မက်ထရို ပိုလီတန်မြို့ကြီးအဖြစ် သမိုင်းဝင်ခဲ့သော မူလအဆင့်အတန်းကို ပြန်လည်ရယူနိုင်ရန် အလားအလာ ရှိထားပြီးဖြစ်သည်။ သို့သော် ထိုသို့ပြန်လည်ရယူနိုင်ရန်မှာ ပေါင်းစည်းမှုရှိပြီး မက်ထရို ပိုလီတန်အဆင့် စီမံအုပ်ချုပ်မှုရှိရန် လိုပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ဤဆောင်းပါးကို “ရန်ကုန်သွားလာရေး အကျပ်အတည်းကို ဖြေရှင်းခြင်း- နိုင်ငံရေးဆိုင်ရာ စီးပွားရေးအမြင် Tackling Yangon’s mobility crisis: A political economy perspective (IGC, 2017)” အစီရင်ခံစာမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar