ကျော်လင်းထွန်း
ရန်ကုန်မြို့လယ်ရှိ မိလ္လာရေဆိုး လေမှုတ်စွန့်ထုတ်သည့်စနစ် အခြေအနေအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) ၏ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) နှင့် ပူးပေါင်းကာ အကဲဖြတ်လေ့လာရန် ဗြိတိသျှ အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းထားသော ပညာရှင်အဖွဲ့တစ်ဖွဲ့အား ဗြိတိန်အစိုးရ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) က ငွေကြေးထောက်ပံ့ခဲ့သည်။
အဆိုပါ မိလ္လာရေဆိုး လေမှုတ်စွန့်ထုတ်သည့်စနစ်အား ၁၈၈၉ ခုနှစ်တွင် ဗြိတိသျှတို့က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၁၃၀ ခန့် သက်တမ်းရှိပြီ ဖြစ်သည်။ ထိုခေတ်အခါက အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၊ အိန္ဒိယနိုင်ငံ (ယခုပါကစ္စတန်) ကရာချီမြို့တို့နှင့်အတူ ကမ္ဘာ့အကောင်းဆုံး မိလ္လာစနစ်ရှိသော မြို့တစ်မြို့အဖြစ် သတ်မှတ်ခံခဲ့ရသည်။
“ဒီစက်ရုံကြီးက ဗြိတိသျှရဲ့ အမွေအနှစ်တစ်ခုပဲလေ။ ဒါက တစ်ချက်ပေါ့၊ နောက်တစ်ချက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် လန်ဒန်ကို လာစဉ်က ဒီစနစ် ပြင်ဆင်ရေးမှာ အကူအညီပေးဖို့ တင်ပြခဲ့ပါတယ်။ လန်ဒန်က လွှတ်တော် အဆောက်အအုံတွေ၊ အိမ်ရာကြီးတွေရှိတဲ့ ဝက်စ်မင်စတာဆိုရဲ့ လူစည်ကားရာ ဗဟိုအချက်အချာနေရာမှာလည်း ဒီစနစ်နဲ့ ပုံစံတူ မိလ္လာစနစ်ရှိပြီး ယနေ့ထက်တိုင် အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ပြုပြင်ထိန်းသိမ်းရေးမှာ အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အန်ဒရူးပတ်ထရစ်က ပြောကြားသည်။
ဗြိတိန်သံအမတ်ကြီးနှင့် အင်ဂျင်နီယာအဖွဲ့အား YCDC ၏ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ဧပြီ ၄ ရက်နေ့တွင် မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ၄၈ လမ်းထိပ်ရှိ အဆိုပါ မိလ္လာစနစ်၏ လေမှုတ်စက်ရုံသို့ လိုက်လံပြသခဲ့သည်။
အဆိုပါစနစ်ကို ပြန်လည်ပြင်ဆင်ရန်၊ သို့မဟုတ် အသစ်အစားထိုးရန်ဟူသည်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကိုမူ ဗြိတိန်အင်ဂျင်နီယာအဖွဲ့၏ အစီရင်ခံစာ ထွက်ရှိသည့်အခါမှသာ ပါဝင်သော တွေ့ရှိချက်များအပေါ် မူတည်လျက် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
အဆိုပါစနစ်သည် မိလ္လာရေများကို ဖိအားဖြင့် ရန်ကုန်မြို့၏ ရေဆိုးသန့်စင်စက်ရုံရှိရာသို့ ပြွန်များမှတစ်ဆင့် တွန်းပို့ပေးသော စနစ်ဖြစ်ကာ မူရင်းရေနွေးငွေ့စက်ရုံသုံးစနစ်ကို ဗြိတိသျှအင်ဂျင်နီယာ မစ္စတာ အောက်တာဗက်စ် ဒေကွန်ကလပ်ခ်က ၁၈၈၉ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲ၍ တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ အသုံးပြုထားသည့် စက်များမှာ Hughes and Lancaster ကုမ္ပဏီထုတ် ဖြစ်ကာ မျက်မှောက်ခေတ်တွင် အဆိုပါလုပ်ငန်းကို Satac ဟုခေါ်သော ကုမ္ပဏီက ပိုင်ဆိုင်ထားသည်။
ရန်ကုန်မြို့လယ်၏ မိလ္လာစွန့်ထုတ်မှုစနစ်နှင့် ပုံစံတူစနစ်များရှိသည့် မြို့များအနက် ယနေ့အချိန်အထိ အသုံးပြုနေသော မြို့များမှာ လန်ဒန်၊ ကိုင်ရို၊ အိုမင်၊ ဂစ်ဘရေတာ၊ ဘိုလစ်ဗီးယားနှင့် ပေါ်တိုတို့ ဖြစ်ကြသည်။ ရန်ကုန်မြို့လယ် မိလ္လာစနစ်ကို စတင်တည်ဆောက်စဉ်အခါက မြို့လယ် ခြောက်မြို့နယ်ရှိ လူဦးရေ လေးသောင်းခန့်အတွက်သာ ရည်ရွယ်လျက် ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ရန်ကုန်မြို့လယ် ခြောက်မြို့နယ်အတွင်း နေထိုင်သူပေါင်း သုံးသိန်းကျော်အထိ ရှိလာပြီဖြစ်သည်။
YCDC အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ၏ ဒုတိယ အင်ဂျင်နီယာချုပ် ဦးသိန်းမင်းက “ဒါက ရှေ့ပြေးအနေနဲ့ ဆောင်ရွက်တာပါ။ ရန်ကုန်တိုင်းအတွင်းက YCDC နယ်နိမိတ်ထဲပါတာ စုစုပေါင်း ၃၃ မြို့နယ် ရှိပါတယ်။ ဒီထဲကမှ Downtown မှာပဲ မိလ္လာပြွန်စနစ်ရှိတာပါ။ ဆိုတော့ ကျန်တဲ့ မြို့နယ်တွေ အားလုံးမှာလည်း နောက်ထပ် ဇုံ ငါးဇုံ ထပ်ခွဲပြီး JICA ရဲ့ ကူညီမှုနဲ့ မိလ္လာပြွန်စနစ်တွေ ၂၀၄၀ ပြည့်နှစ်မတိုင်မီ ပြီးစီးအောင် တည်ဆောက်သွားဖို့ Master Plan ရှိပြီးသားပါ” ဟု ပြောသည်။
ဗြိတိန်အင်ဂျင်နီယာ ပညာရှင်အဖွဲ့တွင် Satec၊ Royal HaskoningDHV နှင့် BAM Nuttall စသည့် ဗြိတိန်ကုမ္ပဏီကြီးများမှ အင်ဂျင်နီယာများ ပါဝင်ပြီး ၎င်းတို့က လွတ်လပ်သော အကဲဖြတ် တွေ့ရှိချက်များကို ယခုနှစ် ဇွန်လတွင် အစီခံစာတစ်စောင် ရေးသားလျက် YCDC နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြပေးသွားမည် ဖြစ်သည်။
ရန်ကုန်တိုင်းရှိ မြို့လယ်နယ်နိမိတ်မှအပ ကျန်မြို့နယ်များ အပါအဝင် တစ်နိုင်ငံလုံး၌ အသုံးပြုနေသော On Site System ခေါ် မိလ္လာကန်စနစ်မှာ လူနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေနိုင်သည်ဟု ဒုတိယအင်ဂျင်နီယာချုပ် ဦးသိန်းမင်းက ပြောသည်။
“နောက်ဖေးလမ်းကြားတွေမှာ မိလ္လာကန်တွေ ဆောက်တယ်။ ကန်ထဲက မိလ္လာရည်က မြေကြီးထဲစိမ့်ဝင်၊ မစိမ့်နိုင်ရင် လျှံကျ၊ ဒါက ကျန်းမာရေးရော၊ သဘာဝပတ်ဝန်းကျင်ကိုရော ထိခိုက်စေပါတယ်၊ မိလ္လာပြွန်စနစ်နဲ့ ဒီလို စနစ်တကျ စွန့်ထုတ်တာကတော့ ဘေးအန္တရာယ်မရှိပါဘူး” ဟု ၎င်းက Frontier သို့ ပြောကြားသည်။