ရန်ကုန်၊ မတ် ၂၈
ရန်ကုန်မြို့ ရေပေးဝေမှုစနစ်၏ ရေပြုန်းတီးမှု ကျဆင်းသွားစေရေးအတွက် ကနဦးစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကာ ရေပေးဝေမှုပမာဏ၏ ၄၀ ရာခိုင်နှုန်းခန့်အား စနစ်အတွင်းသို့ ပြန်လည် ထည့်သွင်းပေးနိုင်ခဲ့သည်ဟု စီမံကိန်းလုပ်ဆောင်ခဲ့သည့် ကုမ္ပဏီများက ပြောကြားသည်။
အဆိုပါ ကနဦး စီမံကိန်းသည် ရန်ကုန်မြို့၏ ရေပေးဝေရေးစနစ် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Manila Water နှင့်Mitsubishi Corporation တို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့် ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးထားခဲ့သည့် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အဆိုပါ ပူးပေါင်းမှုကို Manila Water – Mitsubishi Consortium (MMC) ဟု အမည်ပေးထားသည်ဟု ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့က ရန်ကုန်မြို့တွင် ဆောင်ရွက်ခဲ့သော ၁၈ လတာကြာ ကနဦးစီမံကိန်းမှာ အောင်မြင်စွာ ပြီးစီးသွားပြီဖြစ်ပြီး ရေပေးဝေမှုစနစ်၏ ရေပြုန်းတီးမှု ပမာဏကို ၅၄ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားအောင် လုပ်ဆောင်နိုင်ခဲ့ကာ ရေပေးဝေမှု ပမာဏ၏ ၄၀ ရာခိုင်နှုန်းအား စနစ်အတွင်းသို့ ပြန်လည်ထည့်သွင်းပေးနိုင်ခဲ့ပြီး ပျှမ်းမျှအိမ်ခြေ ၄,၀၀၀ ခန့်အား အကျိုးဖြစ်ထွန်းစေခဲ့သည်ဟုလည်း ဖော်ပြထားသည်။
အင်းစိန်နှင့် တောင်ဥက္ကလာပမြို့နယ်များတွင် လုပ်ဆောင်ခဲ့သော အဆိုပါ ကနဦးစီမံကိန်းတွင် ရပ်ကွက်တွင်း သီးသန့် ရေပေးဝေရေး ကွန်ရက်စနစ်များ၊ ရိုးရိုးသာမန်နှင့် နည်းပညာ အသုံးပြု စစ်တမ်းကောက်ယူမှုများ၊ ရေပေးဝေရေး စနစ်၏ ချို့ယွင်းချက်များ သို့မဟုတ် အလဟဿ ရေပြုန်းတီးမှုများ နည်းပါးလာစေရန် စီစဉ်ဆောင်ရွက်မှုများနှင့် အခြားသော လုပ်ဆောင်ချက်များ ပါဝင်သည်။
အင်းစိန်မြို့နယ် ထန်းပင်ကုန်းရှိ ရေပြုန်းတီးမှုပမာဏသည် ယမန်နှစ် မတ်လတွင် ၅၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ သြဂုတ်လတွင် ၁၇ ဒသမ ၃၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် အကွက် ၁၄-၂ ရှိ ရေပြုန်းတီးမှု ပမာဏသည် ယမန်နှစ် စက်တင်ဘာလတွင် ၅၇ ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဝင်ဘာလတွင် ၁၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့သည်ဟု ၎င်းတို့က ပြောကြားသည်။
ပြန်လည် ရရှိလာသော ရေပမာဏကို ရေပေးဝေရေး စနစ်ထဲသို့ ပြန်လည် ထည့်သွင်းပေးသည့်အတွက် ရေဖိအား ပမာဏကို တစ်စတုရန်းလက်မလျှင် နှစ်ပေါင်အထိ ထပ်မံတိုးတက်လာစေပြီး အဆိုပါ စီမံကိန်း ဧရိယာများရှိ ခန့်မှန်းခြေ လူဦးရေ ၄,၀၀၀ ခန့်အတွက် ရေပေးဝေမှု ပိုမိုကောင်းမွန်လာသည်ဟုဆိုသည်။
ထို့ပြင် အလုပ်လုပ်ကိုင်ခြင်း မရှိတော့သည့် ရေအသုံးပြုမှု တိုင်းတာရေး မီတာစက်များအား အသစ်များဖြင့် အစားထိုး လဲလှယ် အသုံးပြုခဲ့သည့်အတွက် ကျသင့်ငွေ တောင်းခံရရှိမှု နှစ်ဆတိုးတက်လာခဲ့ပြီး မြို့တော်စည်ပင်အတွက်လည်း အကျိုးအမြတ်ပိုမိုရရှိလာသည်ဟုဆိုသည်။
စီမံကိန်းတွင်ပါဝင်သည့် Manila Water သည် ဖိလစ်ပိုင်နိုင်ငံတွင် ရေအရင်းအမြစ်အသစ်နှင့် အသုံးပြုပြီးသား ရေအရင်းအမြစ်များနှင့် ပက်သက်သော ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် ဦးဆောင် ကုမ္ပဏီတစ်ခုဖြစ်ကာ Metro Manila ၏ အရှေ့ပိုင်းဇုံရှိ လူဦးရေ ခြောက်သန်းကျော် အတွက် ရေပေးဝေမှုစနစ်အား စီမံဆောင်ရွက်ပေးနေသော ကုမ္ပဏီ ဖြစ်သည်။
Mitsubishi Corporation (MC) မှာလည်း မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသည်မှာ ဆယ်စုနှစ် ခြောက်ခုကျော် ကြာမြင့်နေပြီဖြစ်သည့် တိုကျို အခြေစိုက် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်သည်။ ၎င်းသည် ဂျပန်၊ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများတွင် ရေပေးဝေရေး ကဏ္ဍနှင့် ပက်သက်၍ များပြားသော အတွေ့အကြုံများကို ပိုင်ဆိုင်ထားသည့်အပြင် ယူကေတွင်လည်း ၎င်း၏ ဆက်စပ် ကုမ္ပဏီတစ်ခုသည် ခန့်မှန်းခြေ လူအရေအတွက်ပေါင်း ၁ ဒသမ ၆ သန်းအတွက် ရေပေးဝေမှု စနစ်တစ်ခုအား စီမံဆောင်ရွက်ပေးလျက်ရှိသည်။
၎င်းကုမ္ပဏီနှစ်ခု ပူးပေါင်းထားသည့် MMC သည် ရန်ကုန်မြို့ ရေပေးဝေရေး စနစ်အတွင်းရှိ စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်ရန်အတွက် ၎င်းတို့၏ ကျယ်ပြန့်သော အတွေ့အကြုံများဖြင့် ကူညီပေးနိုင်မည်ဟု မျှော်လင့်ထားသည်ဟုဆိုသည်။
လက်ရှိဆောင်ရွက်ပြီးဖြစ်သည့် ကနဦး စီမံကိန်း၏ အကျိုးရလဒ်များအား ယခုလကုန်တွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ဦးစီးကျင်းပသွားမည့် စီမံကိန်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် မြို့တော်စည်ပင်ထံ နည်းပညာရပ်ဆိုင်ရာ အစီရင်ခံစာတစ်ခုဖြင့် တင်ပြသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။