ရန်ကုန်မြို့တော်၏ ယခင်နှင့် ယခုပုံရိပ်များ

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းဆီသို့ ၂၀ ရာစုနှစ် အစပိုင်းက စတင်ခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုများက ယူဆောင်လာသည့် သိသာထင်ရှားသော အပြောင်းအလဲများကို မီးမောင်းထိုးပြထားသည့် ဝက်ဘ်ဆိုက်တစ်ခုကို ရန်ကုန်မြို့နေ ဗြိတိသျှလူမျိုးတစ်ဦးက လွှင့်တင်ထားသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

၂၀ ရာစုအစပိုင်းတွင် ရန်ကုန်မြို့၏ အသွင်သဏ္ဍာန် လုံးဝပြောင်းလဲသွားမှုများအပေါ် အလွန်အံ့သြတကြီးဖြစ်ရသည်ဟု ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့် ၎င်း၏ဘဝအကြောင်းနှင့် ခရီးသွားအဖြစ်အပျက်များအကြောင်း ရေးသားထားသည့် အတွဲနှစ်တွဲပါ The Silken East စာအုပ်တွင် စာရေးဆရာ ဗင်းဆင့်ကလဲရင့်အိုကွန်နာက ရေးသားထားသည်။

“ရန်ကုန်ကို ပြန်ရောက်တဲ့အကြိမ်တိုင်း မြို့သစ်၊ အိမ်သစ်တွေ၊ အသစ်ဖော်ထားတဲ့ မြေတွေရဲ့ နေရာလွတ်တွေကြားက ကျောက်ကြမ်း လမ်းသစ်တွေကို ကြည့်ဖို့ လမ်းလျှောက်ထွက်ပါတယ်။ ရန်ကုန်အကြောင်း စဉ်းစားမိရင် အတိတ်နဲ့ ပစ္စုပ္ပန်မှာထက် အနာဂါတ်မှာ သူ့အတွက် အကျိုးကျေးဇူးတွေ အများကြီးပိုပြီး ရှိနေတယ် ထင်ပါတယ်” ဟု ၁၉၀၄ ခုနှစ်က ထုတ်ဝေခဲ့သည့် စာအုပ်တွင် ၎င်းကရေးသားခဲ့သည်။

နောင်နှစ်ပေါင်း ၁၀၀ ကျော်ကြာလာသည့်အခါ ရန်ကုန်ကို အလားတူ လေ့လာမှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်။ စီးပွားရေးမြို့တော် ရန်ကုန်သည် မကြာသေးခင်နှစ်များအတွင်း သိသာထင်ရှားစွာ ပြောင်းလဲခဲ့သည်။ အထူးသဖြင့် ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များက နေရာတကာတွင် ရှိနေသည်။ အထပ်မြင့်အဆောက်အအုံများ မှိုလိုပေါက်လာပြီး အိုဟောင်းသောအရာများကို ဖြိုလှဲနေပြီ ဖြစ်သည်။ အများပြည်သူဆိုင်ရာနေရာများကို ဖွင့်လှစ်ပေးထားသည်။ အချို့ကို အဆင့်မြှင့်ပြီး အချို့မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မြို့ကြီးက လျင်မြန်စွာ ပြောင်းလဲနေသည်။ မကြာခဏ မျက်စိတမှိတ် လျှပ်တပြက်အတွင်း ဆိုသလိုပင် ဖြစ်သည်။ သို့သော်လည်း ဆက်လက် ထိန်းသိမ်းထားရန်မှာ ခက်ခဲလွန်းလှသည်။

မြို့တော်ဟောင်း၏ တိုးတက်မှု အသွင်အပြင်ကို မှတ်တမ်းတင်လိုသည့် ဆန္ဒတစ်ခုက ဗြိတိသျှလူမျိုး ဒေသခံတစ်ဦးဖြစ်သူ မစ္စတာ ဝီလ်လိုကို တွန်းအားပေး စေ့ဆော်ခဲ့ပြီး Yangon Time Machine ဟုခေါ်သည့် ဝက်ဘ်ဆိုက်တစ်ခုကို တည်ထောင်ဖြစ်ခဲ့သည်။ ယင်းဆိုက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်က ရိုက်ယူခဲ့သည့် မြို့၏ ပုံရိပ်များနှင့် မကြာသေးမီကမှ မစ္စတာလိုရိုက်ကူးခဲ့သည် ပုံများကို နှိုင်းယှဉ်ကြည့်နိုင်သည်။ နှစ်ပေါင်း ၁၀၀ အတွင်း ရန်ကုန်မြို့ အထင်ကရ နေရာများ၏ တိုးတက်ပြောင်းလဲမှုများကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမည်ဖြစ်သည်။

“ဒါကတော့ ဒီမြို့ကြီးကို ကျေးဇူးတင်ကြောင်း ပြသတဲ့ ကျွန်တော်ရဲ့ ကိုယ်ပိုင်ဟန်ပါ” ဟု လိုက ပြောသည်။ ၎င်းသည် ရန်ကုန်တွင် နေလိုက်၊ မနေလိုက်လုပ်နေသည်မှာ ငါးနှစ်ရှိနေပြီဖြစ်ပြီး မကြာမီ ပြန်ရန် စီစဉ်နေသည်။ “လူတွေနဲ့ ကျွန်တော် ပြောခဲ့တဲ့ စကားတွေအများကြီးကနေ ဒီမြို့ကြီး ဘယ်လောက် ပြောင်းလဲသွားသလဲဆိုတာဆီကို ပြန်ရောက်လာတာပဲ” ဟု ၎င်းက Frontier ကိုပြောသည်။

ဒီဇင်ဘာက စတင်ခဲ့သည့် ပရောဂျက်က ရန်ကုန်တစ်ဝိုက် နေရာ ၁၂ ခုကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး မြန်မာပြည်မှ ၎င်းမထွက်ခွာမီ နောက်ထပ်ပုံအသစ် ၂၀ ခန့် တင်ရန် စီစဉ်နေသည်ဟု လိုကပြောသည်။ ပရောဂျက်ကို မြန်မာဘာသာသို့ ပြန်ဆိုရန်လည်း ၎င်းက စိတ်အားထက်သန်နေသည်။ ထို့အပြင် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု ဖြစ်နိုင်သည့် အလားအလာကိုလည်း ၎င်းက မြင်တွေ့နေသည်။

ယခုအချိန်အထိ ဝက်ဘ်ဆိုက်တွင် တင်ထားသည်များအနက် ၁၉၀၀ ပြည့်နှစ်က လျပ်တပြက်ရိုက်ကူးခဲ့သည့် ဆူးလေဘုရားအနီး ဧရိယာ၏ ဓါတ်ပုံတစ်ပုံနှင့် ၂၀၁၇ ခုနှစ်က အလားတူနေရာတွင် ရိုက်ကူးခဲ့သည့် ပုံတစ်ခုပါဝင်ခဲ့ပြီး ၁၉၃၆ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည့် မြို့တော်ခန်းမနှင့် ယခင် မြို့ဟောင်းခန်းမတို့၏ ရှုခင်းများ၊ ၁၉၁၀ ပြည့်နှစ်က ရိုးကုမ္ပဏီ၏ ကုန်တိုက်ပုံနှင့် ယခုဧရာဝတီဘဏ်၏ အဆောက်အအုံပုံတို့ကို ပြသထားသည်။ သို့သော်လည်း ၁၈၈၅ ခုနှစ်က တည်ဆောက်ခဲ့သည့် ဧမာနွေလဘုရားရှိခိုးကျောင်းမှာ ကြံ့ကြံ့ခံ တည်ရှိနေသည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်းက ဖျက်ဆီးခံရသဖြင့် ၁၉၅၂ ခုနှစ်က ပြန်လည်တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။

p1270024ac.jpg

ဓါတ်ပုံများအတူပါသော ဘလော့ပို့စ်တစ်ခုက ကြွက်များသောင်းကျန်းကာ အမိုးတစ်ခုပြိုကျနေသော အိုမင်းနေသည့် မြို့တော်ခန်းမကို အစားထိုးတည်ဆောက်မည့် အဆောက်အဦးသစ်တစ်ခုအတွက် ဒီဇိုင်းပြိုင်ပွဲတစ်ခုကို ဖော်ပြထားသည်။ ပြိုင်ပွဲကို ပထမကမ္ဘာစစ်အပြီး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဲဒီအချိန်က နိုင်ငံတဝှမ်း ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးစိတ်ဓါတ်များ  မြင့်မားလာမှုကိုလည်း ရောင်ပြန်ဟပ်စေခဲ့သည်။

ဒီဇိုင်းတွင် ပုဂံရှိ စေတီပုထိုးများကို အခြေခံသည့်အရာများ ပါဝင်စေရန် အမျိုးသားရေးလှုပ်ရှားမှုတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဘဖေက တောင်းဆိုခဲ့သည်။ သို့သော်လည်း နိုင်ငံတော်နှင့် ဘာသာရေး ခွဲခြားထားသောကြောင့် မြူနီစီပယ်အဆောက်အအုံများအတွက် ဘာသာရေးနှင့် နွယ်သော ဒီဇိုင်းများက သင့်တော်မှုမရှိဟု ဥရောပသားများက စောဒကတက်ခဲ့သည်။

သို့သော်လည်း ဘာသာရေးဗိသုကာဒီဇိုင်းမှ တနည်းနည်းဖြင့် မဆင်းသက်လာသည့် မြူနီစီပယ်ဗိသုကာဟန်မျိုး ကမ္ဘာတွင် တစ်ခုမျှမရှိဟု ဦးဘဖေက ချက်နှင့်လက်နှင့် တုံ့ပြန်လိုက်သည့်အတွက် ဆွေးနွေးမှုတွင် အနိုင်ရလိုက်သည်ဟု ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

နောက်ထပ် ပို့စ်တစ်ခုတွင်မူ ရန်ကုန်ရှိ (ဗိုလ်ချုပ်)အောင်ဆန်း(အားကစား)ကွင်း၏ သမိုင်းကို မှတ်တမ်းတင်ထားပြီး ယင်းနေရာတွင် ကလောမှ ဂေါ်ရခါးတစ်ဦးဖြစ်သူ ဆွတ်ဘဟာဒူးရ်၏ ထူးခြားသည့် အောင်မြင်မှုများကိုလည်း စာဖတ်သူများနှင့် မိတ်ဆက်ပေးထားသည်။ ဘဟာဒူးရ်သည် မြန်မာအမျိုးသား လက်ရွေးစင်ဘောလုံးအသင်းတွင် ၁၉၅၂ မှ ၁၉၇၀ ပြည့်နှစ်အထိ ကစားခဲ့သူဖြစ်သည်။ ထို့အပြင် ၎င်းသည် မီတာ ၁၀၀ တာတိုချန်ပီယံဖြစ်ခဲ့ပြီး တင်းနစ်နှင့် ဟော်ကီတွင်လည်း အလွန်ကျွမ်းကျင်စွာ ကစားနိုင်သူဖြစ်သည်။ တပ်မတော်မှ ဗိုလ်မှူးတစ်ဦးဖြစ်ခဲ့သူ၎င်းသည် အမျိုးသားလက်ရွေးစင်အသင်းသို့ မဝင်ရောက်မီက စစ်တပ်ဘောလုံးအသင်းတွင် ကစားခဲ့ဖူးသည်။

ယခင် အိပ်ဇယ်စီယာရုပ်ရှင်ရုံ၊ ယခုဝဇီရာရုံမှာ ၂၀ ရာစု၏ ပထမတဝက်ကာလ မြန်မာ့ရုပ်ရှင်လုပ်ငန်းရွှေခေတ်မှ ကျန်ရစ်သည့် ရုံအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်ဟု နောက်ထပ် ပို့စ်တစ်ခုတွင် ဖော်ပြထားသည်။ ထို့အပြင် မြန်မာ့ပထမဆုံးရုပ်ရှင်တစ်ခု၏ အဖွင့်တွင် “တုန်ခြင်းမှုန်ခြင်းသည်းခံပါ” ဆိုသည် စာသားများထိုးလေ့ရှိကြောင်းလည်း ပါဝင်သည်။

အခြားပို့စ်များတွင် ရွှေတိဂုံဘုရားအပြင် တရားရုံးချုပ်၊ ကန်တော်ကြီးနှင့် ရွှေဘုံသာလမ်းပေါ်မှ ဆူရတီ စွန္နီဂျမားဗလီတို့လည်း ပါဝင်သည်။ ၂၀ ရာစုပုံရိပ်ထဲက အကြိုက်ဆုံး အလှည့်အပြောင်းကို အမည်တပ်ရန် မေးသည့်အခါ လိုက မဆိုင်းမတွပဲ “ဆူးလေဘုရားပေါ့။ သူ့ပတ်ပတ်လည်မှာ ဘာမှမရှိဘူးလေ။ ဒါကို ဒီနေ့ခေတ်နှင့် နှိုင်းယှဉ်ကြည့်ပါ။ အတော်ထူးခြားပါတယ်” လို့ သူကပြောပါတယ်။

ရန်ကုန်မြို့၏ ဗိသုကာလက်ရာ ရတနာများကို ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်းနေသည့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Yangon Heritage Trust (YHT)ကဲ့သို့ အဖွဲ့အစည်းများကို လိုက ချီးကျူးခဲ့သည်။ “ဒါပေမယ့် မကြာခဏဆိုသလိုပဲ သေးငယ်အဆောက်အအုံတွေလည်း ဖြိုခံရဖို့ အန္တရာယ် ရှိတတ်ပါတယ်။ ဒါကလည်း အဓိပ္ပါယ်ရှိပါတယ်။ တကယ်လို့သာ ဒီအိုမင်းတဲ့ အဆောက်အအုံဟောင်းကို ဖြိုချရင် အဲဒီအဆောက်အအုံမှာ နေတဲ့သူတွေအတွက် သစ်လွင်တောက်ပတဲ့ အဆောက်အအုံတစ်ခုနဲ့ အစားထိုးလိုက်ရင် သူတို့ရဲ့ ဘဝတွေလည်း တိုးတက်မှာပဲ” ဟု ၎င်းကပြောသည်။

ရလဒ်အနေဖြင့် YHT ၏ အပြာရောင်ကဗ္ဗည်းပြား (Blue Plaques) စီမံချက်က အမွေအနှစ်ဖြစ်နေသည့် အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးပါသည့် ပံ့ပိုးမှုတစ်ခုဖြစ်နိုင်သည်ဟု ၎င်းကပြောသည်။ ၂၀၁၄ ခုနှစ်မှ ယခုအချိန်အထိ ရန်ကုန်တစ်ဝှမ်းတွင် ကဗ္ဗည်းပြား ၂၀ ကျော်  တပ်ဆင်ထားပြီး ယင်းသို့ တပ်ဆင်ခြင်းက သမိုင်းဆိုင်ရာ ထူးခြားမှုရှိသည့် အဆောက်အအုံများကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်သည်။

“ဒီအဆောက်အအုံတွေကို ဂရုစိုက်မယ့်သူတွေအတွက် သူတို့ကို မက်လုံးပေးဖို့လိုပါတယ်” ဟု လိုကဆိုသည်။ “ဒါကို ခရီးသွားလုပ်ငန်းက ရလာမယ့် ဒေါ်လာတွေလို၊ ဒါမှမဟုတ် အဆောက်အအုံတစ်ခုရဲ့ သမိုင်းကြောင်းကို ပြောပြနိုင်တယ်။  အဲဒီလိုနည်းနဲ့ပဲ လူတွေနဲ့ ဆက်နွယ်ပေးနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

၎င်း၏ဓါတ်ပုံအများစုမှာ ဗြိတိသျှကိုလိုနီခေတ်ကို အခြေတည်ထားရာ လူတိုင်းကို ကျေနပ်မည်မဟုတ်ကြောင်းလည်း လိုက ဝန်ခံထားသည်။ မကြာသေးခင်က မြန်မာမိတ်ဆွေတစ်ဦးနှင့် စကားစမြည်ပြောဆိုမှုကိုလည်း ၎င်းကကိုးကား ပြောကြားခဲ့သည်။

“သူက ဒီအချိန်မှာ ရှင်တို့က သမိုင်းနဲ့ ကြည့်နေချိန်မှာ ရှင်တို့အတွက်တော့ အပြုသဘော ဆောင်ချင်ဆောင်မှာပေါ့။ ဒါပေမယ့် ဒီနိုင်ငံကလူတွေအတွက်ကတော့ အတိတ်ကို ပြန်ကြည့်တာက အတော်လေး မကောင်းတဲ့ အတွေ့အကြုံဖြစ်နိုင်ပါတယ်လို့ သူကပြောပါတယ်”ဟု လိုကဆိုသည်။ သို့သော်လည်း သူချစ်သည့်မြို့တွင် အမွေအနှစ်ထိမ်းသိန်းမှုက မည်သည့်ပုံစံမျိုးဖြစ်သင့်ကြောင်း အချေအတင်ဆွေးနွေးရေးအတွက် ကြိုးစားမည်မဟုတ်ပဲ မြို့ကြီးမည်မျှ ပြောင်းလဲသွားသည်ကိုသာ မှတ်တမ်းတင်လိုခြင်းသာ ဖြစ်သည်ဟု ၎င်းကဆိုသည်။

“နှစ် ၅၀ လောက်အတွင်း ဒီကိုပြန်လာရတဲ့ စိတ်ကူးကို ကျွန်တော် အရမ်းသဘောကျပါတယ်။ ဒီမြို့ကြီး ဘယ်လောက် ပြောင်းလဲသွားပြီလဲဆိုတာ ကြည့်ရင်းနဲ့ပေါ့။ ပြီးတော့ ခြားနားတဲ့ ခေတ်သုံးခေတ်က ဒီမြို့ကြီးရဲ့ ဓါတ်ပုံတွေကို ကြည့်ရရင်ဆိုတဲ့ စိတ်ကူးကို မြင်ယောင်ကြည့်လိုက်ပါ” ဟု လိုကဆိုသည်။

ခေါင်းစီးဓာတ်ပုံ- ၂၀ ရာစုအစပိုင်းက ရိုက်ကူးထားသည့် ဆူးလေဘုရား၏ ဓာတ်ပုံနှင့် အဆိုပါနေရာမှပင် ၂၀၁၇ ခုနှစ်၌ ရိုက်ကူးခဲ့သည့် ဓာတ်ပုံ။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar