ရန်ကုန်မြို့သည် အဖက်ဖက်မှ စည်းကမ်းများ ပျက်ယွင်းနေကာ မြို့ပျက်ကြီးတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီဟု ဆိပ်ကြီးခနောင်တိုမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် နိုဝင်ဘာ ၄ ရက်နေ့က ပြောကြားလိုက်သည်။
“ရန်ကုန်မြို့ပေါ်မှာ နေထိုင်နေကြတဲ့ လူများဟာ ရန်ကုန်မြို့ရဲ့ စည်းကမ်းချက်များကို လိုက်နာကာ နေထိုင်ရမည်ကို မေ့လျော့ကာ နေထိုင်လျက်ရှိကြပါတယ်။ ဒါကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဥပဒေနဲ့အညီ ထိန်းကျောင်းပေးဖို့ အချိန်ကျနေပြီဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
လက်ရှိရန်ကုန်မြို့၏ အများပိုင်ပြည်သူပိုင် လမ်းများပေါ်တွင် ငွေမရှိသူရော၊ ငွေရှိသူကပါ ဥပဒေကို မထီမဲ့မြင် ချိုးဖောက်နေသည်ကို တွေ့ရသည်ဟု ၎င်းက လွှတ်တော်တွင် တင်ပြခဲ့သည်။
“ထိုချိုးဖောက်မှုတွေကို မည်သည့်သက်ဆိုင်သူ တစ်ဦးတစ်ယောက်ကနေပြီးတော့ သွားရောက် ဟန့်တားခြင်း မရှိမှုအပေါ် စိတ်မကောင်းဖြစ်မိပါတယ်” ဟု ၎င်းကပြောကြားသည်။
ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် ဖြေရှင်းအရေးယူဆောင်ရွက်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
“၎င်းချိုးဖောက်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်း အရေးယူ ဆောင်ရွက်ရမယ့် အချိန်ရောက်နေပြီး ၎င်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မဝံ့မရဲဖြစ်နေလျှင် ၎င်းတို့နေရာတွင် အစားထိုး လှဲလှယ်ခြင်းများ ပြုလုပ်ကာ၊ အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်ရမယ့် အချိန်ဖြစ်နေပါပြီ” ဟု ဒေါ်စန္ဒာမင်းက ပြောကြားပါသည်။
ရန်ကုန်မြို့တွင် ရာဇဝတ်မှုများ ထူပြောလာခြင်း၊ စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များ ပိုမိုများပြားလာခြင်း၊ ယာဉ်စည်းကမ်းချိုးဖောက်မှုများနှင့် ဘတ်စ်ကားသမားများ၏ ဥပဒေမဲ့ ရမ်းကားမှုများကြောင့် များပြားလာမှုကို စသည့် ပြဿနာများကို သက်ဆိုင်ရာ အာဏာပိုင်များက ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းမှု မရှိသေးသည့်အပေါ် ပြည်သူများ၏ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးမောင်မောင်စိုးကမူ စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များနှင့် ယာဉ်ရပ်နားမှုများအား စနစ်တကျ ကိုင်တွယ်ရန် လိုအပ်နေသည်ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်း အများပြည်သူပိုင် လမ်းများပေါ်တွင် ဈေးရောင်း၍ အသက်မွေးနေသော ဈေးသည်များအား မြို့ပြအင်္ဂါရပ်နှင့်အညီ စနစ်တကျရောင်းချနိုင်ရန် အစီအမံလုပ်ဆောင်ရာတွင် ထိုပြဿနာသည် မွေးထားသည့် စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေသည်ဟု ၎င်းကပြောကြားခဲ့သည်။
“ကိုးကိုးကျွန်းကလွဲရင် ကျန်ရန်ကုန်မြို့ ၄၄ မြို့နယ်မှာ လမ်းဘေးဈေးသည်ပြဿနာ ရှိနေဆဲဖြစ်ပြီး၊ အဲဒါတွေဟာ မလွဲမသွေ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်”ဟု၎င်းက ပြောသည်။
“ဒါဟာ မွေးထားတဲ့ ပြဿနာတစ်ရပ်လို ဖြစ်နေတဲ့အတွက်ကြောင့်မို့ တော်တော် စနစ်တကျ ဖြေရှင်းရပါလိမ့်မယ်” ဟု ၎င်းကပြောကြားသည်။
သို့သော် လမ်းဘေးဈေးသည်များအပါအဝင် ရန်ကုန်မြို့အား စည်းကမ်းတကျဖြစ်စေရေးအတွက် ဆောင်ရွက်ရန် မည်သို့စီစဉ်ထားသည်ကိုမူ လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပေ။
သတင်း-ဆုမြတ်မွန်