ရန်ကုန်မြို့က စိတ်ပျက်ဖွယ် အိမ်နီးချင်းများ

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် လူနေရပ်ကွက်များအတွင်း တည်ဆောက်ထားသည့် စက်ရုံများမှ ထွက်ရှိသည့် အနံ့ဆိုးများကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများ စိတ်ပျက် ညည်းတွားနေကြသည်။

ကျော်လင်းထွန်း ရေးသားသည်။ 

အသက် ၄၅ နှစ် အရွယ် အီတာလီလူမျိုး ဟင်းသီးဟင်းရွက်နှင့် အစားအစာပညာရှင် Mr Paolo Cerati သည် လွန်ခဲ့သည့် ၁၃ နှစ်ခန့်က မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့သည်။ ထိုအချိန်က ရန်ကုန်မြို့၏ စိမ်းလန်းစိုပြေမှုကို သူက သဘောကျခဲ့သည်။ သူက လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ရောင်းချနေသည့် Fresco Myanmar ကို တည်ထောင်ခဲ့သည်။ သို့သော် ယခုအခါ ရန်ကုန်မြို့၏ သဘာဝပတ်ဝန်းကျင်သည် လေထုနှင့် ရေထု ညစ်ညမ်းမှုကြောင့် တစ်နေ့တစ်ခြား ဆိုးရွားလာနေသည်ဟု သူက ပြောကြားသည်။ ထိုသို့ ညစ်ညမ်းလာမှုကို သူ၏ အဆုတ်တွင် ခံစားသိရှိနေသည်ဟု သူက ဆိုသည်။

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့အနီးရှိ ဟဲဟိုးမြို့တွင် ဓါတ်မြေသြဇာ ကင်းလွတ်သော စိုက်ခင်းတစ်ခုကို သူက တည်ထောင်ထားသည်။ ထိုသို့ သွားရောက်ရသည်ကို သူက လွန်စွာသဘောကျသည်။ တောင်ပေါ်ဒေသတွင် သူ၏ ကျန်းမာရေးက ပိုမိုကောင်းမွန်ပြီး သူ၏ ပန်းနာရင်ကျပ် ရောဂါအတွက်လည်း ရှူဆေး အသုံးပြုရန် မလိုဟုဆိုသည်။ 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သူ၏ နေအိမ်ဘေးတွင် အိမ်တွင်းမှုလုပ်ငန်းအနေဖြင့် လုပ်ကိုင်နေသည့် ရာဘာချက်လုပ်ငန်းမှ ထွက်ရှိသော မီးခိုးငွေ့များကြောင့် သူ၏ ပန်းနာရင်ကျပ် ရောဂါက ပိုမိုဆိုးလာခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ကျန်းမာရေးအန္တရာယ် ရှိနေသည့်အပြင် ထိုအိမ်တွင်း စီးပွားရေးလုပ်ငန်းက ရာဘာပြားများကို ထုတ်လုပ်နေခြင်းဖြစ်ရာ မီးဘေးအန္တရာယ်လည်း ရှိနေသည်။ ထိုအိမ် မီးလောင်ကျွမ်းပါက ရာဘာမှ ထွက်သော အဆိပ်ငွေ့များသည် အနီးအနား ပတ်ဝန်းကျင်သို့ ပျံနှံ့သွားနိုင်သည်။ ထိုအခါ အနီးအနားတွင် နေထိုင်သူများမှာ ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့ပေးကြရမည် ဖြစ်သည်။ 

ထိုအခြေအနေက စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ရှိနေသည့် စက်မှုဇုန်များ၏ တည်နေရာပြဿနာကို ဖော်ညွှန်းနေသည်။ မြို့ပြများ ချဲ့ထွင်လာခြင်း၊ မြို့ပြသို့ ပြောင်းရွှေ့အခြေချလာကြခြင်းတို့ကြောင့် မြို့ဧရိယာက ကျယ်ပြန့်လာခဲ့ရာ ယခင်က မြို့ပြင်တွင်ရှိသော စက်ရုံများသည် ယခုအခါတွင် လူနေရပ်ကွက်များထဲသို့ ရောက်ရှိလာလေသည်။ 

၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့် ၂၀၁၃ ခုနှစ်တွင် ပြဌာန်းခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေတို့သည် မြို့တော်အာဏာပိုင်များကို ဥပဒေပြုနိုင်သည့် အခွင့်အာဏာ ပေးအပ်ထားသည်။ ထို့သို့ဖြင့် စက်မှုဇုန် နေရာချရေး ပြဿနာကို ဖြေရှင်းနိုင်သည်။ သို့သော် တာဝန်ရှိသူများကမူ အချို့သော စက်ရုံများ၊ အိမ်တွင်း စီးပွားရေး လုပ်ငန်းများသည် ဥပဒေ မပြဌာန်းမီကတည်းက လိုင်စင်ရထားသောကြောင့် ဆက်လက် လုပ်ကိုင်နေခွင့်ရှိနေကြသည်ဟု ဆိုသည်။ 

ထိုသို့သော နေရာများတွင် နေထိုင်သူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် လွှတ်တော်အမတ်များကမူ ထိုစက်ရုံများ၊ အိမ်တွင်း စီးပွားရေးလုပ်ငန်းများက ပတ်ဝန်းကျင် ထိခိုက်မှု မည်မျှရှိသည်ကို စစ်ဆေးပြီး လိုအပ်ပါက အရေးယူမှုများ လုပ်ဆောင်သင့်သည်ဟု အကြံပြုထားကြသည်။  

မရမ်းကုန်းမြို့နယ်ရှိ Mr Paolo Cerati ၏ နေအိမ်ဘေးတွင် ရာဘာချက်လုပ်ငန်းတစ်ခုရှိနေသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မရမ်းကုန်းမြို့နယ်ရှိ Mr Paolo Cerati ၏ နေအိမ်ဘေးတွင် ရာဘာချက်လုပ်ငန်းတစ်ခုရှိနေသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

သို့သော် အစိုးရဌာနများက ပူးပေါင်းလုပ်ဆောင်မှု အားနည်းခြင်းကြောင့် လူနေရပ်ကွက်များတွင် တည်ရှိပြီး ပတ်ဝန်းကျင် ပြဿနာများ ဖြစ်ပေါ်စေသော စက်ရုံများကို ရှာဖွေအရေးယူရာ၌ အခက်တွေ့လျှက်ရှိသည်ဟု ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ညီညွတ်သော ဖွံ့ဖြိုးရေး၊ ပညာရေး ကွန်ယက်ဖြစ်သည့် Spectrum မှ သဘာဝပတ်ဝန်းကျင် ပညာရှင် ဒေါ်သစ်သစ်ဟန်က ပြောကြားသည်။  

“တခြား ပြဿနာ တစ်ခုက အစိုးရဌာနများတွေက သတင်းအချက်အလက်တွေ မရရှိခြင်းနဲ့ မိမိတို့၏ တာဝန်ကို သေချာရေရာစွာ မသိရှိကြတာတွေဖြစ်တယ်” ဟု ၎င်းကပြောသည်။ 

အန္တရာယ်ရှိသော အိမ်နီးချင်းများ

အသက် ၇၉ နှစ်ရှိပြီဖြစ်သည့် ဦးခင်မောင်လွင်နှင့် အသက် ၇၃ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ဘေဘီတို့သည်  သင်္ကန်းကျွန်း မြို့နယ်မှ သာကေတမြို့နယ် အရှေ့ပိုင်း ရှုခင်းသာ အိမ်ယာသို့ လွန်ခဲ့သည့် ၁၂ နှစ်ခန့်က ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ အငြိမ်းစားယူချိန်တွင် အေးအေးဆေးဆေး နေထိုင်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။ 

ထိုအိမ်ယာ၏ တောင်ဘက်ဆုံး အဆောက်အဦး၏ ငါးလွှာတွင်ရှိသော အခန်းကို ဝယ်ယူချိန်က အဆောက်အဦးရှေ့တွင် မြေကွက်လပ်ကြီး တစ်ခုရှိခဲ့သည်။ ၎င်းမှာ ဈေးနေရာ၊ ကစားကွင်းနှင့် ပန်းခြံ တည်ဆောက်ရန် ထားရှိသည်ဟု သိရသည်။ 

ထိုတိုက်ခန်းကို ယခင်က ပိုင်ဆိုင်သူကလည်း မြို့တော်စည်ပင် အိမ်ယာဌာနက ထိုနေရာတွင် ဈေးနှင့် ပန်းခြံ တည်ဆောက်ရန် အစီအစဉ် ရှိသည်ဟု ဦးမောင်မောင်လွင်ကို ပြောကြားခဲ့သည်။ သူနှင့်အတူ တစ်တိုက်တည်း နေထိုင်သော အခြားတိုက်ခန်းမှ လူများကိုလည်း ထိုသို့ပြောကြားထားသည်ဟု ဆိုသည်။ 

၎င်း၏ တိုက်ခန်းအနီးရှိ တက်လမ်းကွန်ကရိစက်ရုံအား ပြတင်းပေါက်မှ ငေးကြည့်နေသည့် ဦးခင်မောင်လွင်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

၎င်း၏ တိုက်ခန်းအနီးရှိ တက်လမ်းကွန်ကရိစက်ရုံအား ပြတင်းပေါက်မှ ငေးကြည့်နေသည့် ဦးခင်မောင်လွင်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဦးမောင်မောင်လွင်တို့ ပြောင်းရွှေ့လာပြီး နှစ်အနည်းငယ်အကြာတွင် ထိုဈေးနေရာနှင့် ပန်းခြံအတွက် ထားရှိသော မြေကွက်လပ်ကို တက်လမ်း ဘိလပ်မြေကုမ္ပဏီက ငှားရမ်းလိုက်ပြီး စက်ရုံတစ်ခု တည်ဆောက်လိုက်သည်ဟု ဆိုသည်။ တချိန်တည်းမှာပင် အိမ်ယာ၏ အရှေ့ဘက်ခြမ်းတွင်လည်း မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေး လုပ်ငန်းကြီးများအနက် တစ်ခုဖြစ်သည့် ယုဇနကုမ္ပဏီအုပ်စုက စားအုန်းဆီသန့်စက်ရုံကို တည်ဆောက်လိုက်သည်။

နေ့ခင်းနှင့် ညနေဘက်များတွင် အနီးအနားရှိ စားအုန်းဆီ စက်ရုံမှ ထွက်ရှိသော အနံ့ဆိုးများကို သည်းခံနေကြရသည်။ ညဘက်တွင်မူ ကွန်ကရစ်စက်ရုံမှ စက်ယန္တရားကြီးများ၏ ကျယ်လောင်သော အသံကြောင့် အိပ်ရေးပျက်ရသည်ဟု ဦးမောင်မောင်လွင်က ဆိုသည်။ 

ရှုခင်းသာအိမ်ယာတွင် နေထိုင်သူ ဒေါ်သန်းသန်းစိုးက သူမ၏ နေအိမ် ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင် အလိမ်လိမ့် ကပ်နေသော ပြာမှုန့်များကို လက်ညှိုးထိုးပြသည်။ 

“ဒီအခြေအနေကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနဲ့ စည်ပင်သာယာကို ၂၀၁၃ ခုနှစ်ကတည်းက တိုင်ကြားခဲ့တယ်။ ဒါပေမယ့် အခြေအနေက ဘာမှ ထူးမလာဘူး” ဟု ၎င်းက ဆိုသည်။ 

သာကေတတွင် ယခင်ကတည်းက နေထိုင်ခဲ့သူများ၏ အဆိုအရ သာကေတရှိ ရေမြောင်းများထဲမှ ရေပိုများအား ပဲခူးမြစ်ထဲသော စီးဝင်စေသော ရေနုတ်မြောင်းကို စားအုန်းဆီစက်ရုံ တည်ဆောက်ရန်အတွက် မြေဖို့ပစ်လိုက်ကြသည်ဟု ဆိုသည်။ 

နောက်ဆုံးတွင် စားအုန်းဆီစက်ရုံမှ ပြာများနှင့် အနံ့ဆိုးများ ထွက်ရှိကြောင်းကို သာကေတမြို့နယ်၊ အမှတ် ၂ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဒေါ်သက်ထားနွယ်ဝင်းထံ အိမ်ယာ၌ နေထိုင်သူများက တိုင်ကြားခဲ့ကြသည်။ ဒေါ်သက်ထားနွယ်ဝင်းက ထိုကိစ္စကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့ပြီး နေထိုင်သူများအနေဖြင့် ညစ်ညမ်းမှုများအား နေ့စဉ်ခံစားနေရမှုအတွက် တိုင်းဒေသကြီး အစိုးရအနေဖြင့် မည်သို့ လုပ်ဆောင်ပေးရန် အစီအစဉ်ရှိသည်ကို မေးမြန်းခဲ့သည်။ 

ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်တိုင်း စည်ပင်သာယာရေး ဝန်ကြီးဖြစ်သူ ဦးမောင်မောင်စိုး၏ ကိုယ်စား စိုက်ပျိုးရေး မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ပြန်လည်ဖြေကြားခဲ့ရာတွင် စားအုန်းဆီစက်ရုံက ပြာမှုန်များနှင့် အနံ့ဆိုးများ ဆက်လက် ထွက်ရှိနေသည်ဆိုပါက တိုင်းဒေသကြီး အစိုးရအနေဖြင့် ထိုစက်ရုံကို ချက်ချင်း ပိတ်သိမ်းပစ်မည်ဟု ပြောကြားခဲ့သည်။ 

သို့သော် နောက်ထပ် တစ်နှစ်ခန့်ကြာပြီးနောက် ထိုစက်ရုံက ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး ပြာမှုန်များနှင့် အနံ့ဆိုးများ ဆက်လက်ထွက်နေဆဲသာ ဖြစ်သည်ဟု ဒေါ်သက်ထားနွယ်ဝင်းက ပြောသည်။ 

ယခုနှစ် ဖေဖော်ဝါရီလတွင် ထိုကိစ္စရပ်ကို ၎င်းက ထပ်မံ ဆွေးနွေးခဲ့ပြန်သည်။ ထိုအချိန်တွင်မူ အစိုးရ၏ ကတိကဝတ်များ၊ အာမခံချက်များနှင့် ပတ်သက်သည့် လွှတ်တော်ကော်မတီတွင် ထပ်မံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရန်ကုန် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  သွားရောက် ကြည့်ရှု စစ်ဆေးနိုင်ရန် စီစဉ်ခဲ့သည်။ 

ထိုသို့သော အရေးကိစ္စများတွင် မြို့တော်စည်ပင်၏ အခွင့်အာဏာသည် တခြားသော အစိုးရနှင့် ရွေးကောက်ခံ အာဏာပိုင်များထက် သာလွန်နေကြောင်း ထိုအချိန်တွင် တွေ့ရှိခဲ့သည်။ 

ယုဇနအုပ်စုအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာရေးအတွက် ညွှန်ကြားရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ အကြံပေးချက်အတိုင်း မြို့တော်စည်ပင်အား ကော်မတီက ညွှန်ကြားခဲ့သည်။

သာကေတမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ အမှုဆောင် အရာရှိဖြစ်သူ ဦးမောင်မောင်သန်းကမူ ထိုစက်ရုံ၏ နှစ်စဉ် သက်တမ်းတိုးရမည့် လိုင်စင်ကို စည်ပင်က ယမန်နှစ်တွင် ဆိုင်းငံ့ထားလိုက်သည်ဟု ဆိုသည်။ 

“ကျွန်တော်တို့က စားအုန်းဆီချက် စက်ရုံကိုတော့ ဆက်လက် လည်ပတ်ခွင့်ပြုထားပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာသလား စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့ အနံ့ဆိုး ထုတ်လွှတ်မှုကို ထိန်းချုပ်နိုင်တဲ့အခါ ကျွန်တော်တို့ကို သတင်းပေးပို့ရပါတယ်။ သူတို့ လမ်းညွှန်ချက်တွေကို ကောင်းစွာ မလိုက်နာနိုင်ရင်တော့ သူတို့ကို နေရာပြောင်းရွှေ့ဖို့ ပြောရလိမ့်မယ်” ဟု ဦးမောင်မောင်သန်းက ဆိုသည်။ 

ယုဇနစားအုန်းဆီချက် စက်ရုံ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ယုဇနစားအုန်းဆီချက် စက်ရုံ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

သို့သော် ယုဇန ကုမ္ပဏီအုပ်စုအား စက်ရုံ၏ အနံ့ဆိုးထုတ်လွှတ်မှုကို လျှော့ချရမည့် နောက်ဆုံးရက်ကို မြို့တော်စည်ပင်က သတ်မှတ်ပေးခြင်း မရှိကြောင်း ဦးမောင်မောင်သန်းက ပြောကြားသည်။ ထိုအချက်က လွှတ်တော်အမတ်များ၊ ရပ်ကွက်နေထိုင်သူများနှင့် တာဝန်ရှိသူများကို စိတ်ပျက်စေခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ စံနှုန်းများကို မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထိုစက်ရုံကို နေရာပြောင်းရွှေ့ ခိုင်းမည်ဆိုသည့် ကတိကို လိုက်နာ လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။ 

Spectrum မှ ဒေါ်သစ်သစ်ဟန်ကမူ အစိုးရအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးနေသဖြင့် ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်နေရသည်ဟုဆိုသည်။ 

“အစိုးရက အိမ်တွင်းစက်မှု လုပ်ငန်းတွေကို မြင့်တင်ပေးရမှာဖြစ်တဲ့အတွက် ဒီလို ကိစ္စရပ်မျိုးတွေ ကြုံရတဲ့အခါ လုပ်ငန်းရှင်ကိုပဲ ဦးစားပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုကဲ့သို့သော အခြေအနေကြောင့် စိတ်နှစ်ခွဖြစ်ရသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ကတိကဝတ်များ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။ 

“ကျွန်တော်တို့ကလည်း ဒီစက်ရုံတွေကို ပိတ်သိမ်းခိုင်းဖို့ ခက်ပါတယ်။ သူတို့က အလုပ်အကိုင်ပေါင်း ၁၀,၀၀၀ ခန့်ကို ဖန်တီးပေးထားပြီး သွင်းကုန်အစားထိုး ကုန်စည်တွေကို ထုတ်လုပ်ပေးနေတာပါ” ဟု ဦးခင်မောင်ဝင်းက ဆိုသည်။ 

တနင်္သာရီတိုင်းတွင် တည်ရှိသည့် ယုဇနဆီအုန်းခြံများမှ ကုန်ကြမ်းများကို ရေလမ်းမှ သယ်ယူလာနိုင်ရေးအတွက် စက်ရုံက ရေလမ်းကြောင်းအနီးတွင် ရှိနေရရန်လိုအပ်သည်ဟု ဦးခင်မောင်ဝင်းက ပြောသည်။

“အခု ကျွန်တော်တို့ လုပ်ဆောင်နိုင်တာက စက်ရုံကို ခြောက်လ၊ တစ်နှစ် စောင့်ကြည့်ပြီး သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို အလေးပေး လုပ်ဆောင်ဖို့ ပြောရမှာပဲ” ဟု ၎င်းက ဆိုသည်။ 

ယုဇနကုမ္ပဏီအုပ်စု၏ တာဝန်ရှိသူကမူ Frontier ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိပေ။

စက်မှုလုပ်ငန်းများအတွက် မြေနေရာများ

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် ၃၀ ခန့် ရှိပြီး ထိုစက်မှုဇုန်များမှ မြေကွက်များ အားလုံးကို ရောင်းချခဲ့ပြီး ဖြစ်သည်။ သို့သော် စက်မှုဇုန်များ အသစ်တည်ဆောက်ရန် အစီအစဉ်များလည်း ရှိနေသည်။ ရန်ကုန်တိုင်း အစိုးရက နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်ရန်နှင့် စက်မှုလုပ်ငန်းအတွက် မြေနေရာ ရှားပါးခြင်းကို ဖြေရှင်းရန်အတွက် စက်မှုဇုန်များ ထပ်မံဆောက်လုပ်ရန် စီစဉ်နေသည်။ 

သာကေတတွင်ရှိသော ယုဇန ကုမ္ပဏီအုပ်စု၏ စားအုန်းဆီချက်စက်ရုံနှင့် မရမ်းကုန်းမြို့နယ်မှ ရာဘာချက် စက်ရုံတို့သည် ထိုစက်မှုဇုန်များသို့ ပြောင်းရွှေ့ပေးရမည့် စက်မှုလုပ်ငန်းများ ဖြစ်သည်။ 

“ဒီလို စက်ရုံတွေကို နေရာပြောင်းရွှေ့ဖို့ ၂၀၀၅ ခုနှစ်လောက်ကတည်းက တပ်မတော်အစိုးရက ပြောကြားထားပြီးသားပါ။ အခုထိ ဒီစက်ရုံတွေ လူနေရပ်ကွက်ထဲမှာ ဘယ်လို ရှိနေနိုင်တာလဲ ကျွန်တော် မစဉ်းစားတတ်ဘူး” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းမော်က ပြောသည်။ 

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့သော်လည်း နည်းဥပဒေများကိုမူ ၂၀၁၄ ခုနှစ်မှသာ ပြဌာန်းနိုင်ခဲ့သည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ် မတိုင်မီက တည်ဆောက်ခဲ့ပြီး ဥပဒေနှင့် အကျုံးဝင်သည့် စက်ရုံများအား သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များကို ဌာနက ရေးဆွဲခိုင်းခဲ့သည်ဟု ၎င်းက ပြောသည်။ 

“စက်ရုံတွေကို ဘယ်နေရာမှာ ထားရမယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့က အကြံဉာဏ်ဘဲ ပေးနိုင်တယ်။ စက်ရုံတွေကို လိုင်စင်ထုတ်ပေးတာ၊ လိုင်စင် ရုတ်သိမ်းတာတို့လို အရေးယူ ဆောင်ရွက်မှုကို မြို့တော် စည်ပင်နဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကပဲ လုပ်နိုင်တယ်” ဟု ဦးမင်းမော်က ဆိုသည်။ 

သာကေတမြို့နယ်မှ အဆိုပါရက်ကွက်တွင် နေထိုင်သူများကမူ လေထုညစ်ညမ်းမှု၏ဒဏ်ကို ဆက်လက် ခံစားနေကြရဆဲဖြစ်သည်။ မရမ်းကုန်းမြို့နယ်မှ Cerati မှာလည်း ထိုပြဿနာကို ဖြေရှင်းရန် ဖြေဆေး ရှာမတွေ့သေးပေ။ 

တက်လမ်းကွန်ကရိစက်ရုံ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

တက်လမ်းကွန်ကရိစက်ရုံ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မိသားစု အိမ်တွင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေသည့် ရာဘာချက်စက်ရုံပိုင်ရှင် ဦးအောင်ထွန်းက “ကျွန်တော်တို့က အစိုးရ အရာရှိတွေ လာရောက်ပြီး ပြောင်းရွှေ့ဖို့ မပြောမချင်း ဘာမှ လုပ်စရာမလိုဘူး။ အရာရှိတွေက လာပြောတယ်ပဲ ထားဦး၊ တစ်မြို့လုံးက ဒီလိုလုပ်ငန်းတွေကို မပြောဘဲ ဘာလို့ ကျွန်တော် တစ်ယောက်ထဲ လာပြောတာလဲလို့ ပြန်မေးလိုက်မယ်” ဟု တုန့်ပြန်သည်။ 

သာကေတမြို့နယ်၊ ရပ်ကွက် ၄ တွင် နေထိုင်သော ကလေးနှစ်ယောက်ဖခင်၊ အသက် ၄၂ နှစ်အရွယ် ဆိုက်ကားဆရာ ဦးဇေယျာလင်းက သူ၏ ဇနီးဖြစ်သူမှာ လွန်ခဲ့သည့် လေးနှစ်က နှလုံးရောဂါ ရရှိခဲ့သဖြင့် သူဆိုက်ကားနင်းရသော ဝင်ငွေအားလုံးသည် ဇနီးအတွက် ဆေးဖိုးဖြင့်သာ ကုန်နေရသည်ဟု ဆိုသည်။ ထိုနှလုံးရောဂါသည် စားအုန်းဆီ စက်ရုံကြောင့် ဖြစ်ရသည်ဟု မပြောနိုင်သော်လည်း စက်ရုံမှ ထွက်ရှိလာသော အနံ့ကြောင့် ရောဂါအခြေအနေ ပိုဆိုးလာသည်ဟု ဆိုသည်။ 

“စက်ရုံက အနံ့တွေ ထွက်တဲ့အချိန်ဆိုရင် ရောဂါအခြေအနေ ပိုဆိုးလာတယ်။ အိမ်အလုပ် မလုပ်နိုင်တော့ဘူး။ ကလေးတွေကိုလည်း ချက်ပြုတ် မကျွေးနိုင်တော့ဘူး။ လက်ကိုင်ပုဝါကို နှာခေါင်းမှာအုပ်ပြီး လဲှနေရတယ်” ဟု ဦးဇေယျာလင်းကပြောသည်။

တိုင်းဒေသကြီးလွှတ်တော်အထိ ရောက်ရှိသွားသောကြောင့် သာကေတမြို့နယ်မှ အခြေအနေအား လူအများက သတိထားမိသွားခြင်းဖြစ်သည်။ သို့သော် မရမ်းကုန်းမှ ရာဘာလုပ်ငန်းကဲ့သို့ ဖြစ်ရပ်များအတွက်မူ လက်ရှိလုပ်ငန်းများအား လိုက်လံစစ်ဆေးရန်အတွက် အာဏာပိုင်များအနေဖြင့် ပိုမိုတက်ကြွသင့်သည်ဟု ဥပဒေပြုအမတ်များနှင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောသည်။

“အခု ကျွန်တော်တို့ ဒီလို လိုက်လံစစ်ဆေးဖို့ မလိုသေးပါဘူး။ အသစ် တင်သွင်းလာတဲ့ စီးပွားရေးလုပ်ငန်း အဆိုပြုချက်တွေကို သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သလား၊ လူနေအိမ်တွေနဲ့ နီးကပ်သလား သေချာကြည့်ရှုပြီးမှ ခွင့်ပြုဖို့ လိုအပ်တာပါ” ဟု ဦးမောင်မောင်သန်းက ပြောကြားသည်။ 

Spectrum အဖွဲ့မှ ဒေါ်သစ်သစ်ဟန်သည် သက်တမ်းသုံးနှစ် ရှိနေပြီဖြစ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးဌာနနှင့် အချို့သော စီမံကိန်းများတွင် ပူးပေါင်းလုပ်ဆောင်သည်။ သို့သော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနတွင် ဝန်ထမ်းများ ပိုမိုလိုအပ်နေပြီး လုပ်ပိုင်ခွင့်အာဏာလည်း ပိုမိုလိုအပ်နေသည်ဟု ၎င်းက ဆိုသည်။ 

“ရုံးခန်းထဲထိုင်ပြီး တိုင်ကြားစာ ရရှိတော့မှ အလုပ်လုပ်တာထက် ဌာနရဲ့ ဝန်ထမ်းတွေက အဖွဲ့တွေဖွဲ့ပြီး အိမ်တွင်း စီးပွားရေး လုပ်ငန်းကအစ၊ အလယ်လတ် စီးပွားရေးလုပ်ငန်း၊ အကြီးစား စက်မှုလုပ်ငန်းတွေအထိ သွားရောက် စစ်ဆေးမှုတွေ လုပ်ဆောင်သင့်တယ်” ဟု ၎င်းက ဆိုသည်။ 

တချိန်တည်းမှာပင် Cerati အတွက်ကမူ မရမ်းကုန်း၌ နေထိုင်နေသရွေ့ မီးခိုးငွေ့များကို သည်းခံရန် နည်းလမ်းတစ်ခုသာ ရှိနေသည်။ မရမ်းကုန်းအိမ်သို့ ၂၀၁၇ ခုနှစ်၊ မတ်လတွင်မှာ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ 

သူ့အိမ်၏ ဧည့်ခန်းထဲတွင် Frontier နှင့် စကားပြောနေစဉ်တွင် ပန်းနာရင်ကျပ် ရှုဆေးဘူးလေးကို ကိုင်ရင်း မြန်မာနိုင်ငံသို့ သူစတင် ရောက်ရှိစဉ်က သန့်ရှင်းပြီး စိမ်းလန်းစိုပြေခဲ့ပုံကို ပြန်ပြောင်း ပြောပြခဲ့သည်။ 

“အခု ရန်ကုန်မြို့ကြီးက ပိုဆိုးလာနေပြီ။ ရန်ကုန်တိုင်းအစိုးရက အချိန်မနှောင်းခင် ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားသင့်တယ်” ဟု ၎င်းက ဆိုသည်။ 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar