ရန်ကုန်မြို့၏ မြစ်ကမ်းဘေးဧရိယာ တစ်စိတ်တစ်ပိုင်းကို ဖွင့်လှစ်ပေးမည့် အစီအစဉ်က လျစ်လျူရှုခံထားရသော အနုပညာအသိုင်းအဝိုင်းအတွက် အထောက်အပံ့ဖြစ်စေရန် မျိုးဆက်တစ်ခုတွင် တစ်ကြိမ်သာ ရရှိနိုင်သော အခွင့်အရေးဖြစ်သည်။
Nathalie Johnston ရေးသားသည်။
ရန်ကုန်မြို့၏ မြစ်ကမ်းဘေးဖြစ်သော ပန်းဆိုးတန်းဆိပ်ကမ်းမှ တရုတ်တန်းအထိ ဧရိယာကို အသွင်သစ်ပြောင်းလဲမည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) ကဲ့သို့သော အဖွဲ့အစည်းများက ထိုကဲ့သို့ အများပြည်သူများအတွက် နေရာမျိုးကို ဖန်တီးပေးရန် အကြံပေးနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ထိုအစိတ်အပိုင်းကို အသွင်ပြောင်းပိုင်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းက အလွန်ကောင်းမွန်သော လုပ်ဆောင်ချက် ဖြစ်သည်။ ထိုနေရာတွင် အုတ်နံရံမြင့်များနှင့် ကုန်လှောင်ရုံများ၊ ကွန်တိန်နာအခွံများသာ ထားရှိခြင်း ဖြစ်သည်။
ပိုမိုသင့်လျော်သည်မှာ ထိုကုန်လှောင်ရုံများနေရာကို ယဉ်ကျေးမှုနှင့် တီထွင်ဆန်းသစ်သော အဖွဲ့အစည်းများအတွက် ထားရှိမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ အနုပညာနှင့် တီထွင်ဆန်းသစ်မှုများအတွက် ရည်ရွယ်ခြင်းက ရန်ကုန်မြို့လယ် နေရာတွင် ဖန်တီးနိုင်စွမ်းရှိသော စီမံကိန်းများ ဖွံ့ဖြိုးရန်အတွက် အခွင့်ကောင်းဖြစ်သည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော် ဖြစ်သည်။ ရန်ကုန်မြို့တွင် အများပြည်သူများအတွက် နေရာများ ဖန်တီးပေးပြီး ပုဂ္ဂလိကအဖွဲ့အစည်းများက ထောက်ပံ့သော အနုပညာစီမံကိန်းများကို လုပ်ဆောင်နိုင်ပါက ၎င်း၏ ပုံရိပ်သည် ဒေသတွင်းသာမက ကမ္ဘာတလွှားတွင်ပါ ကြီးထွားလာနိုင်သည်။ ထိုနေရာသည် ကမ္ဘာလှည့်ခရီးသွားများ စုဝေးရာ နေရာဖြစ်လာနိုင်သည့်အပြင် မြန်မာနိုင်ငံမှ တီထွင်နိုင်စွမ်းသော လူတစ်ဦးချင်းစီအတွက်လည်း အသိုက်အမြုံ ဖြစ်လာနိုင်သည်။
သို့သော် ထိုစီမံကိန်းကို မည်သို့ အကောင်အထည်ဖေါ်နိုင်မည်ဆိုသည်နှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ရှိနေသည်။ ရန်ကုန်မြို့၏ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ၏ အလေ့အထကို ကျွမ်းကျင်သူ ရန်ကုန်သားတစ်ဦးက ထိုအချက်ကို အကောင်းဆုံး ပြောကြားသွားသည်။ “အများပြည်သူနေရာဆိုတာ အများပြည်သူအတွက်ပဲ ဖြစ်ရမယ်။ ပုဂ္ဂလိက စီးပွားရေး လုပ်ဆောင်ချက်တွေ မရှိစေရဘူး။ ဒီဆိပ်ကမ်းကို အဓိပါ္ပယ်ရှိစွာ အသုံးချတာကိုဘဲ မြင်ချင်တယ်။ Myanmar Culture Valley လို ဖြစ်မသွားဖို့ အရေးကြီးတယ်” ဟု ၎င်းကဆိုသည်။
စားသောက်ဆိုင်များ၊ ကျောက်စိမ်းအရောင်းဆိုင်များနှင့် ပြည့်နေသော Myanmar Culture Valley ကို ရည်ရွယ်ချက် ကောင်းကောင်းဖြင့် စတင်ခဲ့ခြင်းဖြစ်နိုင်သည်။ အဆိုပါနေရာသည် ရွှေတိဂုံဘုရားနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိနေသည်။ အနာဂတ်တွင် ကူးသန်းရောင်းဝယ်မှုနှင့် ပတ်သက်သော ယဉ်ကျေးမှုနှင့် အများပြည်သူအတွက် လုပ်ဆောင်သော ယဉ်ကျေးမှုကို ခွဲခြားရန်လိုအပ်နေသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားခဲ့မှုအရ ထိုကုန်လှောင်ရုံကို ဒုတိယ ဗိုလ်ချုပ်ဈေးအသွင် ပြောင်းလဲရန် ဖြစ်နိုင်သည်ဟု ဆိုသည်။ ထိုသို့ဆိုလျှင် ကုန်လှောင်ရုံကို အမှတ်တရလက်ဆောင်ရောင်းသော ဆိုင်ခန်းများအဖြစ် အသွင်ပြောင်းလဲခြင်းမှာ အရှက်ရဖွယ်ရာပင် ဖြစ်သည်။ ထိုသို့သော နေရာမျိုးသည် အနုပညာ ရှင်သန်နိုင်သောနေရာ မဟုတ်ပေ။
ထင်ကျန်ရစ်နိုင်သော အနုပညာများ ဖန်တီးနိုင်ပြီး အကျိုးသက်ရောက်နိုင်သော စီမံကိန်းများကို မိမိတို့ဘာသာ တည်ထောင်နိုင်သော ရန်ကုန်မြို့ရှိ အနုပညာရှင်များကို ဗိုလ်ချုပ်ဈေးမှ ဆိုင်ခန်းငယ်လေးများကဲ့သို့ တန်ဖိုးဖြတ်လိုက်ခြင်းဖြင့် ရန်ကုန်မြို့မှာ ယဉ်ကျေးမှုအားကောင်းသော မြို့တော်တစ်ခု ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
ရန်ကုန်မြို့မှ အနုပညာရှင်များက ၎င်းတို့လိုအပ်နေသော အနုပညာဖန်တီးရာနေရာများအတွက် အများပြည်သူရှေ့တွင် ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ လက်ဖက်ရည်ဆိုင်တွင် ဖြစ်စေ၊ သတင်းစာပေါ်တွင် ဖြစ်စေ၊ နိုင်ငံတကာတွင် ဖြစ်စေ၊ ပြည်တွင်းတွင်ဖြစ်စေ ထပ်ခါထပ်ခါ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့အတွက် အများပြည်သူနှင့် ထိတွေ့နိုင်သော နေရာမျိုးကို လိုချင်ခြင်းဖြစ်သည်။ စတူဒီယိုခန်းကို ဝေမျှသုံးစွဲမည်။ ထို့နောက် ပြသမည်။ တီထွင်ဖန်တီးကြမည် ဖြစ်သည်။ သေးငယ်သော ဈေးဆိုင်ခန်းလေးများ အများအပြား ရှိနှင့်ပြီးဖြစ်သည်။ ၎င်းတို့ကလည်း ရန်ကုန်မြို့နှင့် ရန်ကုန်မှ အနုပညာရှင်များကို တစ်နည်းအားဖြင့် ထောက်ပံ့မှု ပေးနိုင်ကြသည်။ သို့သော် ရန်ကုန်မြို့တွင် လိုအပ်နေသည်မှာ အနုပညာရှင်များ လွတ်လပ်စွာ ဖန်တီးနိုင်သော၊ အများပြည်သူက အနုပညာလုပ်ငန်းများတွင် ပါဝင်နိုင်သော ကျယ်ပြန်သည့် နေရာမျိုးဖြစ်သည်။
အနုပညာရှင် တစ်ဦးဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာတစ်ဦးလည်းဖြစ်သော မဝေမာညွန့်က “ဒီကုန်လှောင်ရုံကို အနုပညာလုပ်ငန်းအတွက် ရရှိမယ်ဆို ကျွန်မ အရမ်းသဘောကျမှာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာက မြစ်ကမ်းဘေး၊ မြို့ရဲ့ မျက်နှာစာ၊ ဒီလိုနေရာမှာ ယဉ်ကျေးမှု အနုပညာတွေရှိရင် တစ်ကမ္ဘာလုံးကို ပြသလို့ရတယ်။ ကုန်လှောင်ရုံက အကျည်းတန်ပါတယ်။ ဒါကို အနုပညာနေရာတစ်ခုအဖြစ် အနုပညာရှင်တွေကသာ ဖန်တီးနိုင်မှာပါ။ ဒီမြစ်ဘေးမှာ ဒီလိုနေရာမျိုးကို မြင်ချင်ပါတယ်။ ဒါက ကျွန်မရဲ့ အိပ်မက်ပါ” ဟု ပြောကြားသည်။
မြန်မာနိုင်ငံရှိ အနုပညာရှင်များသည် ၎င်းတို့နှင့် ထိုက်တန်သော လေးစားမှုမျိုးကို ဆယ်စုနှစ်များစွာကြာအောင် မရရှိခဲ့ကြပေ။ အနုပညာရှင်များကို လျစ်လျူရှုထားခဲ့သည်။ အနုပညာကျောင်းများမှာ ငွေကြေးထောက်ပံ့မှု မရှိခဲ့ပေ။ အနုပညာရှင်များလည်း ဖိနှိပ်ခံခဲ့ရသည်။ စုဝေးခြင်းမှ တားမြစ်ခံခဲ့ရသည်။ ထို့ပြင် ဆင်ဆာဘုတ်အဖွဲ့၏ စောင့်ကြည့်ခြင်းကို အဆက်မပြတ်ခံခဲ့ရသည်။
ထိုကဲ့သို့ အခက်အခဲများ ရှိသော်လည်း မြန်မာနိုင်ငံ၏ အနုပညာမြင်ကွင်းကို ပေါကြွယ်ဝလာအောင် ၎င်းတို့က လုပ်ဆောင်နိုင်ခဲ့သည်။ ပြပွဲများ စုပေါင်းကျင်းပခြင်း၊ ကမ္ဘာတစ်ဝန်းမှ အနုပညာပြတိုက်များနှင့် ဆက်သွယ်ပြီး နိုင်ငံတွင်း အနုပညာ ထွန်းကားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် လောကနတ်ပြခန်းကို အနုပညာရှင်အုပ်စုတစ်ခုက ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ယခုတိုင် ထိုအတိုင်း ရှိနေဆဲဖြစ်သည်။ New Zero Art Space၊ Pansodan Gallery နှင့် Inya Art Gallery တို့ကိုလည်း အနုပညာရှင်အချို့၏ ထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့သည်။
ထိုသို့သော အဖွဲ့အစည်းများကို အသိအမှတ်ပြုပေးရန် အစိုးရအတွက် အချိန်ကျနေပြီ မဟုတ်ပါလော။ အစိုးရက အနုပညာရှင်များနှင့် ၎င်းတို့ကို ထောက်ခံသော ပြည်သူများအတွက် နေရာများကို မဖန်တီးပေးနိုင်လျှင် မည်သူက ဖန်တီးပေးမည်ကို တွေးရခက်လှသည်။ တိုင်ပေ၊ စင်ကာပူ၊ ဘေဂျင်း၊ လန်ဒန်နှင့် လော့စ်အိန်ဂျလိစ်မြို့များတွင် အနုပညာရှင်များအတွက် ထိုသို့သော အများပြည်သူနေရာများကို ဖန်တီးပေးပြီး ပုဂ္ဂလိကကဏ္ဍကို ထောက်ပံ့ပေးခဲ့သည်။
ကျယ်ပြန့်လှသည့် နေရာတစ်ခုမှာ ဘဏ္ဍာရေးအရလည်း ဖြစ်နိုင်ချေ ရှိနေသည်။ ရုပ်ရှင်ထုတ်လုပ်သူ Kriz Chan Nyein က Visual Arts အနုပညာအတွက် ဖြစ်နိုင်ခြေရှိသည့် ရေရှည်တည်တံ့နိုင်မည့် နည်းလမ်းများထဲမှ တစ်ခုကို ပြောပြခဲ့သည်။ “ကျွန်တော်တို့ ရုပ်ရှင်အသိုင်းအဝိုင်းက ဖန်တီးမှုတွေကို ပရိသတ်တွေကို ပြသနိုင်ဖို့ မျှော်လင့်တယ်။ လက်မှတ်ရောင်းပြီးတော့ပေါ့။ ဒါက အနုပညာနေရာတစ်ခုရဲ့ အစဖြစ်မှာပါ။ အနုပညာရှင်တွေ၊ ပွဲစီစဉ်သူတွေအတွက် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်” ဟု ၎င်းကပြောသည်။
ပန်းဆိုးတန်းဆိပ်ကမ်းအနီးမှ ကုန်လှောင်ရုံကို ပိုင်ဆိုင်သော ရန်ကုန်မြို့နှင့် ကုမ္ပဏီအနေဖြင့် အဖွဲ့အစည်းများနှင့် အနုပညာရှင်များကြား ဆက်ဆံရေးကို ကောင်းမွန်အောင် ပြောင်းလဲပေးနိုင်မည့် အခွင့်အလမ်းတစ်ခုကို ရရှိနေပါသည်။ အနုပညာရှင်တစ်ယောက်ဖြစ်သည့် ငယ်လေးတွင် အများပြည်သူနှင့်အတူ အနုပညာကို ဖန်တီးပြီး အပြန်အလှန် ဆက်ဆံရန် လွတ်လပ်သော အမြင်တစ်ခုရှိသည်။ “တစ်ကမ္ဘာလုံးက ခရီးသွားတွေက ရန်ကုန်ကို လာကြလိမ့်မယ်။ ဒီနေရာမှာ ဒီလို စုစည်းမှုတစ်ခု ရှိတာကို လာကြည့်ကြမယ်။ ဒီတော့ နိုင်ငံလည်း ပိုပြီး မြန်မြန် ဖွံ့ဖြိုးတိုးတက်လာနိုင်မယ်” ဟု ငယ်လေးကပြောသည်။
ရန်ကုန်မြစ်ကမ်းဘေးမှ ထိုနေရာ၏ မြေပုံကို ပြန်လည်ရေးဆွဲရန်အတွက် ရန်ကုန်မြို့တော်တွင် ယုံကြည်ချက်အပြည့် ရှိရမည်ဖြစ်သည်။ အနုပညာရှင်များ၊ ရုပ်ရှင်ပညာရှင်များနှင့် ကပြပွဲများအတွက် ရဲရဲရင့်ရင့် ဖန်တီးပေးရမည်ဖြစ်သည်။ ရန်ကုန်မြို့တွင်ရှိသော ဖန်တီးနိုင်စွမ်းသည့် ပညာရှင်များနှင့် ဘုတ်အဖွဲ့ဖွဲ့ပြီး အားလုံးပါဝင်သော အစီအစဉ်တစ်ခုကို ရေးဆွဲရမည်မည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရန်မှာ မျိုးဆက်တစ်ခုတွင် တစ်ခါသာ ကြုံရနိုင်သော အခွင့်အလမ်းဖြစ်ပြီး ရန်ကုန်မြို့နှင့် ရန်ကုန်မြို့သူ မြို့သားများအတွက် ရေရှည်အကျိုးသက်ရောက်မှုကို ပေးနိုင်မည့် အခွင့်အလမ်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံကို အာရှရှိ အနုပညာထွန်းကားသော နိုင်ငံများစာရင်းတွင် နေရာတစ်နေရာ ရရှိလာစေနိုင်မည် ဖြစ်သည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။