ရန်ကုန်နှင့် တရုတ်နိုင်ငံ၊ ချုံချင်းတို့အကြား ပထမဆုံး ပြေးဆွဲသည့် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို တရုတ်နိုင်ငံ၏ စတုတ္ထအကြီးဆုံး လေကြောင်းလိုင်းဖြစ်သည့် Hainan Airlines က ဇန်နဝါရီ ၂၇ ရက်နေ့တွင် စတင်လိုက်သည်။
အဆိုပါခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် အထူးတန်းနှင့် ရိုးရိုးတန်းခရီးသည် ၁၆၀ ဦးခန့်လိုက်ပါနိုင်သော ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ်ဖြင့် ပြေးဆွဲသွားမည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲနေသည့် Yangon Aerodrome Company Limited (YACL) က သတင်းထုတ်ပြန်သည်။ ထိုခရီးစဉ်သည် Hainan Airlines အတွက ်မြန်မာနိုင်ငံသို့ ပထမဆုံး ပြေးဆွဲခြင်းလည်းဖြစ်သည်။
“ဒီအခမ်းအနားက ကျွန်တော်တို့နိုင်ငံမှာ လေကြောင်းလိုင်းတစ်ခု ပြေးဆွဲပေးတယ်ဆိုတာထက်ကို ပိုပါတယ်။ ဒီပွဲက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား လေကြောင်းဆက်သွယ်မှု စဉ်ဆက်မပြတ် တိုးတက်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်” ဟု လေကြောင်းလိုင်းစတင်ပြေးဆွဲသည့်အခမ်းအနားတွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းက ပြောကြားသည်။
Hainan Airlines မှ Mr Vincent Wu ကလည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင်းတို့အကြား ကောင်းကင်တံတားတစ်စင်းကို Hainan Airlines က ဂုဏ်ယူစွာချိတ်ဆက်ပေးနိုင်ခဲ့သည်ဟု ပြောကြားသည်။
“မြန်မာနိုင်ငံကို ပြေးဆွဲတဲ့လမ်းကြောင်းက ကျွန်တော်တို့အတွက် ဒေသတွင်းမှာ မဟာဗျူဟာအရ အရေးပါပါတယ်” ဟုလည်း ၎င်းကဆိုသည်။
“မြန်မာနိုင်ငံက လှပတဲ့ရှုခင်းတွေ၊ တမူထူးခြားတဲ့အမျိုးသားယဉ်ကျေးမှုတွေ၊ ဖော်ရွေပျူငှာတဲ့ပြည်သူတွေနဲ့ အင်မတန်ကောင်းမွန်တဲ့ စီးပွားရေးအခွင့်အလမ်းတွေနဲ့အတူ ကြီးကျယ်ခမ်းနားတဲ့နေရာဖြစ်လို့ တရုတ်နိုင်ငံက ခရီးသွားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုလာရောက်လည်ပတ်ကြဖို့ ဆွဲဆောင်မှုရှိတဲ့နေရာ ဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ မြန်မာနိုင်ငံသို့ တရုတ်ခရီးသည်နှစ်သိန်းနီးပါး လာရောက်ခဲ့ပြီး အောက်တိုဘာလတွင် ဆိုက်ရောက်ဗီဇာခွင့်ပြုခဲ့ပြီးနောက် ကျန်လာများတွင် နောက်ထပ်တစ်သိန်းခန့် ဝင်ရောက်ခဲ့သည်ဟု သိရသည်။
YACL ၏ COO ဖြစ်သူ Mr Jose Angeja က ၎င်းတို့အနေဖြင့် တရုတ်ဈေးကွက်အား ပိုမိုတိုးချဲ့သွားရန် ယုံကြည်မှုရှိနေသည်ဟု ပြောကြားသည်။ “အခြားဈေးကွက်တွေဖြစ်တဲ့ ကိုရီးယား၊ ဂျပန်ဈေးကွက်တွေကိုလည်း တိုးချဲ့သွားဖို့ ရှိပါတယ်” ဟု ၎င်းကပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာလေကြောင်းလိုင်း ၃၂ လိုင်းက နိုင်ငံတကာခရီးစဉ် ၃၀ ကို ပြေးဆွဲနေကြပြီး ၂၀၁၈ ခုနှစ်အတွင်း ခရီးသည်ခြောက်သန်းခန့်ကို ဝန်ဆောင်မှုပေးခဲ့သည်။
Hainan လေကြောင်းလိုင်းသည် တရုတ်နိုင်ငံတွင် စတုတ္ထမြောက်အကြီးဆုံးလေကြောင်းလိုင်းဖြစ်ပြီး လေယာဉ်အစီးရေ ၄၆၃ စီးဖြင့် ခရီးသည်ပေါင်း ၇၉ သန်းကျော်အား ခရီးစဉ်လမ်းကြောင်း ၂၂၀ သို့ ယခင်နှစ်က သယ်ယူပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။