ရန်ကုန်ကို လျှပ်စစ်မီးပေးရန် အဓိကဓာတ်ငွေ့ ဖြန့်ဖြူးပေးသည့် မုတ္တမပင်လယ်ကမ်းလွန်ပြင်မှ ဓာတ်ငွေ့တွန်းစက် တစ်လုံး ပျက်သွားသဖြင့် ဓာတ်အားထုတ်လုပ်မှု ကျဆင်းသွားပြီး တစ်မြို့လုံးကို တပြိုင်နက် လျှပ်စစ်မီး အလုံအလောက်ပေးရန် အခက်အခဲ ဖြစ်သွားကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။
ထိုစက်ချွတ်ယွင်းမှုကြောင့် ဓာတ်အား မဂ္ဂါဝပ် ၆၀ ခန့် မလုံမလောက် ဖြစ်သွားမည်ဖြစ်ပြီး ထိုကိစ္စကို ကုစားရန် လျှပ်စစ်အသုံးများသည့်အချိန်များ ဖြစ်သော နံနက် ၉ နာရီမှ ၁၀ နာရီခွဲအတွင်းနှင့် ညနေ ၅ နာရီမှ ည ၈ နာရီ အတွင်းတို့တွင် ရန်ကုန်နယ်နိမိတ်အတွင်းရှိ မြို့နယ်များကို အလှည့်ကျ လျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။
ချို့ယွင်းသွားသည့် ဓာတ်ငွေ့တွန်းစက်ကို ပြုပြင်နေပြီဟု ၎င်းတို့က ဆိုသော်လည်း မည်သည့်အချိန်ခန့်တွင် ပြီးစီးမည်ကိုမူ ထုတ်ပြန်ချက်၌ ထည့်သွင်းမဖော်ပြထားပေ။ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ပြည်သူများ အဆင်မပြေမှု ဖြစ်ကြမည်ကိုမူ “နားလည်ခွင့်လွှတ်ပေးနိုင်ပါရန်” ဓာတ်အားပေးရေး ကော်ပိုရေးရှင်း က မေတ္တာရပ်ခံထားသည်။
သတင်း – ကျော်ဖုန်းကျော်