ရန်ကုန်တွင် ကျူးကျော်နေထိုင်သူအရေအတွက် ဆက်လက်တိုးပွားနေ

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျူးကျော်နေထိုင်သူများအား ပြန်လည် နေရာချထားပေးရန်အတွက် စာရင်းကောက်ယူမှုများ ဆောင်ရွက်နေစဉ်မှာပင် ကျူးကျော်နေထိုင်သူ အရေအတွက်မှာ ဆက်လက်တိုးပွားနေသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

“ကျူးကျော်သူများ လက်ရှိတွင် ဆက်လက်တိုးပွားလာပြီး အဲဒီအပေါ်မူတည်ကာ အိမ်ရာစီမံကိန်းများလည်း တိုးပွားဖို့ လိုအပ်ရင်တော့ ဆက်လက်ချဲ့ထွင်သွားဖို့ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် နိုဝင်ဘာ ၁၆ ရက်နေ့က ပြောကြားသည်။

ရန်ကုန်မြို့ရှိ ကျူးကျော်များ စာရင်းကို ကောက်ယူမှုတွင် မေ ၂၄ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၁၁၆,၉၇၅ ရှိပြီး လူဦးရေမှာ ၄၄၁,၆၄၆ ဦးဖြစ်ကြောင်း၊ မေလ နောက်ပိုင်း ၁၅ ရက်အတွင်း ပထမဦးစွာ ရှေ့ပြေးအနေဖြင့် တောင်ဒဂုံမြို့နယ်အတွင်း မြေပြင်စာရင်း ထပ်မံသွားရောက် ကောက်ခံသည့်အခါတွင်မူ ကွဲလွဲချက်များရှိနေသဖြင့် လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ကောက်ယူနေသောကြောင့် လူဦးရေကို အတိအကျ ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်ပြဿနာကို “၄၅ ရက် စီမံကိန်း”ဖြင့် ဖြေရှင်းသွားမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရသစ်တက်အပြီး ၅၅ ရက်မြောက်နေ့ဖြစ်သည့် မေ ၂၅ ရက်နေ့က ပြောဆိုခဲ့ပြီး ‘ထိထိရောက်ရောက် ကိုင်တွယ်တော့မည်’ဟုလည်း ကြုံးဝါးခဲ့သည်။

၎င်းကြေညာခဲ့သည့် စီမံကိန်းအရ ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူများကို စိစစ်ပြီး ‘အမှန်တကယ်လိုအပ်ချက်အရ ကျူးကျော်နေထိုင်ကြောင်း’ သေချာမှန်ကန်ပါက အိမ်ထောင်စု သက်သေခံလက်မှတ်များ ထုတ်ပေးမည်ဖြစ်သည်။ ထို့နောက် အစိုးရက စီစဉ်ပေးမည့် နေရာများတွင် ယာယီ နေထိုင်ရမည်ဖြစ်သည်ဟုဆိုသည်။

အစိုးရသတ်မှတ်ချက်အရ ကျူးကျော်များနေထိုင်သည့် မြေအမျိုးအစား (၂၀) ရှိပြီး တရားဥပဒေနှင့်အညီ မလိုက်နာသည့် ကျူးကျော်များကိုမူ မြေနေရာအမျိုးအစားအလိုက် တရားစွဲဆိုခံရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် ကျူးကျော်များကို ပြန်လည်နေရာချထားပေးရန်အတွက် စာရင်းကောက်ခံသည့် လုပ်ငန်းများပင် လက်ရှိအချိန်အထိ မပြီးပြတ်သေးသည်ကို တွေ့နေရခြင်းဖြစ်သည်။

“ကျူးကျော်သူများထဲတွင် တကယ့် ကျူးကျော်သူနဲ့၊ စီးပွားရေးအရ ကျူးကျော်သူဆိုပြီး တွေ့ရှိရပါတယ်။ တကယ့်ကျူးကျော်သူများကို တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ကာ ကူညီပေးသွားမှာဖြစ်ပြီး စီးပွားရေးအရ ကျူးကျော်သူများကို တရားဥပဒေနဲ့ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။

လက်ရှိတွင် ကျူးကျော်သူများအတွက် လှိုင်သာယာမြို့နယ် ရွှေလင်ပန်း အပိုင်း (၂+၃) တွင် တိုက်ခန်း ၁,၀၀၀ ဆောက်လုပ်ပြီးစီးထားပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇန အိမ်ရာ အပိုင်း (၁+၂) တွင်လည်း ၁,၂၀၈ ခန်း၊ စုစုပေါင်း အခန်း ၂,၂၀၈ ခန်း ပြီးစီးပြီးဖြစ်သည်ဟု ၎င်းကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းအတွက် အခန်းပေါင်း ၈,၀၀၀ ကို လှိုင်သာယာ၊ သန်လျင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) နှင့် ဒဂုံ(အရှေ့ပိုင်း) မြို့နယ်များတွင် ဆောက်လုပ်သွားမည်ဟုလည်း ၎င်းကဆိုသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar