ရန်ကုန်တိုင်းဒေသကြီးတွင် အနှိပ်ခန်းများအား လုပ်ငန်းလိုင်စင်ဖြင့် တရားဝင် ခွင့်ပြုထားခြင်းမရှိဟု တိုင်းဒေသကြီးအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယနေ့ပြောကြားသည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်း KTV၊ အနှိပ်ခန်း အစရှိသည်တို့ကို မည်သည့်ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ မည်သည့် စည်းကမ်းချက်များဖြင့် ခွင့်ပြုမိန့် လိုင်စင်များ ထုတ်ပေးပါသလဲ၊ ခွင့်ပြုမိန့် လိုင်စင်ထုတ်ပေးရာတွင် ပတ်ဝန်းကျင်နေ ပြည်သူများ၏ သဘောတူညီကြောင်း လက်မှတ်ရေးထိုးမှုကို ထည့်သွင်းစဉ်စားမှု ရှိ/မရှိ” တိုင်းဒေသကြီးလွှတ်တော်၌ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မေးမြန်းမှုကို ဦးမြင့်သောင်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးမြင့်သောင်းက KTV လုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ခွင့်ပြုပေးလျက်ရှိပြီး ဟိုတယ်၊ မိုတယ်နှင့် အချို့နေရာများတွင် အနှိပ်ခန်းများ ဖွင့်လှစ်ထားရှိခြင်းအား မြို့တော်စည်ပင်က လုပ်ငန်းလိုင်စင်ဖြင့် တရားဝင်ခွင့်ပြု ပေးခြင်းမရှိပါကြောင်း ဖြေကြားခဲ့သည်။
သို့သော် ဆံပင်ညှပ်နှင့် မျက်နှာအလှပြင်ဆိုင်များ၊ ကျန်းမာရေးနှင့် ခြေထောက်ဆေးစိမ် လုပ်ငန်းများ၊ မျက်မမြင် အကြောပြင်လုပ်ငန်းများကိုသာ စိစစ်ခွင့်ပြုနေသည်ဟု ပြောကြားသည်။
ထိုသို့ စိစစ်ရာတွင် ပတ်ဝန်းကျင်မှ ကန့်ကွက်မှု ရှိ/မရှိ၊ သီးသန့် အခန်းဖွဲ့ ဆောင်ရွက်ခြင်းရှိ/မရှိ၊ ဆံပင်ညှပ်နှင့် မျက်နှာအလှပြုပြင်သည့် လုပ်ငန်းမှ လွဲ၍ ခွဲစိတ်ခြင်း၊ ခန္ဓာကိုယ် အလှပြုပြင်ခြင်း၊ ရေချိုးခန်းဖွင့်ခြင်း၊ နင်းနှိပ်ခြင်းတို့ မပြုလုပ်ကြောင်း ခံဝန်ချက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိ၊ လျှပ်စစ်/ မီးသတ်ဌာန ထောက်ခံချက် ရှိ/မရှိ၊ စည်ပင်မြေကျူးကျော်ခြင်း ရှိ/မရှိ စသည့် အချက်များဖြင့် စိစစ်ခွင့်ပြုခြင်းဖြစ်သည်ဟု ဆိုသည်။
ဟိုတယ်နှင့် မိုတယ်လုပ်ငန်းများကိုမူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်ခွင့်ပြုထားခြင်း ဖြစ်ပြီး အဆိုပါနေရာများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အနှိပ်ခန်းလုပ်ငန်း လိုင်စင်များ ခွင့်ပြုထားခြင်းမရှိကြောင်း ဦးမြင့်သောင်းက ဆက်လက်ပြောကြားသည်။
“အလှပြင်ဆိုင်ကြောငြာများတွင်လည်း မသင့်လျော်သည့်စာသားများ မပါရှိစေရေးနှင့် ခွင့်ပြုချက်မဲ့ လုပ်ငန်းများ လုပ်ကိုင်မှုမရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း”လည်း ၎င်းက လွှတ်တော်၌ ပြောကြားခဲ့သည်။