ရန်ကုန်တိုင်းဒေသကြီးအတွက် ပြင်သစ်ချေးငွေယူမည့်ကိစ္စကို ပြည်ထောင်စုလွှတ်တော် ဆိုင်းငံ့

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD) ထံကနေ ယူရိုသန်း ၇၀ ချေးယူမယ့်ကိစ္စကို ပြန်လည်စိစစ်ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

သမ္မတက တဆင့်ပေးပို့ပြီး ပြည်ထောင်စုလွှတ်တော်ကသာ အတည်ပြု ဆုံးဖြတ်ပေးရတဲ့ ပြည်ပ ချေးငွေတခုကို ပြန်လည်စိစစ်ဖို့ ဆုံးဖြတ်တာဟာ လက်ရှိအစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းသုံးနှစ်နီးပါးအတွင်း ပထမဆုံး ဖြစ်ပါတယ်။ ဒီချေးငွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်အများအပြားက မေးခွန်းထုတ်ခဲ့ကြပါတယ်။

အဆိုပါချေးငွေကို အသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးနဲ့ ပန်းခြံအချို့ကို အဆင့်မြှင့်တင်ဖို့၊ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ဖို့ စတဲ့ လုပ်ငန်းတွေ လုပ်ဆောင်မယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ချေးငွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြန်လည် စိစစ်ပြီးနောက် ဒီဇင်ဘာ ၃ ရက်နေ့ နောက်ဆုံးထား အစီရင်ခံစာတင်သွင်းဖို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုဝင်ဘာ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌဦးအောင်မင်းကတော့ အခုလို ပြန်လည် စိစစ်တာဟာ ချေးငွေက မခိုင်မာလို့မဟုတ်ဘဲ ပိုမိုပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေကို ပြည်သူထံ ဖော်ပြနိုင်ဖို့လို့ ယူဆတယ်လို့ ပြောပါတယ်။

“ချေးငွေတစ်ရပ်သည့် ပိုမိုပြီးတော့ လေ့လာဖို့ လိုအပ်တဲ့အခါမှာ ရွှေ့ဆိုင်းပြီးတော့ ကျွန်တော်တို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကို တာဝန်ပေးဖို့ဆိုတာ လွှတ်တော်နာယကရဲ့ လုပ်ပိုင်ခွင့်ပါ” လို့ သူက ပြောပါတယ်။

ကော်မတီအနေနဲ့ ချေးငွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို အသေးစိတ် မေးမြန်းမယ်လို့လည်း သူကပြောပါတယ်။

စီမံကိန်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်မှာဖြစ်ပါတယ်။ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီက စတင်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ အပြီးသတ်ခဲ့ပါတယ်။ စီမံကိန်းကာလကတော့ ၂၀၁၉ ကနေ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်ဖြစ်ပြီး ချေးငွေ ဆိုင်းငံ့ကာလ ခုနစ်နှစ်၊ ပြန်ဆပ်ကာလ ၁၈ နှစ်၊ စုစုပေါင်း ၂၅ နှစ်နဲ့ အတိုးနှုန်း သုည ဒသမ ၄ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်ထံ တင်ပြချက်အရ အဲဒီချေးငွေနဲ့ ငမိုးရိပ်ချောင်း (ပုဇွန်တောင်ချောင်း) ဖွံ့ဖြိုး တိုးတက်ရေး၊ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်မျက်နှာစာ မြို့ပြဖွံ့ဖြိုးရေး၊ ရေကြောင်းထိန်းသိမ်းမှုတွေ၊ ကြည့်မြင်တိုင်နဲ့ ပုဇွန်တောင်ဈေးတွေ၊ ပန်းခြံတွေအဆင့်မြှင့်တင့်ရေးတို့ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင် (ဒဂုံမြို့သစ်၊မြောက်ပိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ကတော့ ပုစွန်တောင်ချောင်းကို သောင်တူးဖို့ လို မလိုဆိုတာကို မေးခွန်းထုတ်လိုက်ပါတယ်။ “ပုစွန်တောင်ချောင်းကို ဘာလို့ သောင်တူးဖို့လိုသလဲ ပြောပြ” လို့ သူကပြောပါတယ်။

ဒီလို စီမံကိန်းမျိုးကို နိုင်ငံခြားချေးငွေအစား ပြည်တွင်းမှာ ဘီအိုတီပေးပြီး လုပ်ကိုင်သင့်ကြောင်းနဲ့ အခုစီမံကိန်းကလည်း Water Bus အတွက်ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ။်

ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော် ကျင်းပစဉ်ကလည်း သမဝါယမဝန်ကြီးဌာနက တရုတ်နိုင်ငံကနေ ချေးငွေယူတဲ့ကိစ္စကို လွှတ်တော်က ဆိုင်းငံခဲ့ဖူးပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar